Pages
▼
***** သင်္ဂဇာ ဆရာတော် သမိုင်းကြောင်းအကျဉ်းချုပ် *****
သင်္ဂဇာ ဆရာတော်ဟာတစ်ဘက်သားစိတ်ချမ်းသာအောင် ပြောတတ်၊
ဟောတတ်၊ ဆုံးမတတ်တဲ့ ဆရာတော်အဖြစ် ကျော်ကြားတဲ့ ဆရာတော်ဖြစ်ပါတယ်။ ဆရာတော်ရဲ့ မွေးဇာတိကမြင်းခြံခရိုင်၊ တလုတ်မြို့၊ ပေါက်ချောင်းရွာ ဖြစ်ပြီး လူအမည်က မောင်ပို ဖြစ်ပါတယ်။
ပုဂံမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်မှာ ထင်ရှားပြီးမင်းတုန်းမင်းဘုရင်ကမန္တလေးမြို့သစ်သင်္ဂဇာချောင်းအနီးမှာ
ကျောင်းဆောက်ကိုးကွယ်တဲ့အတွက် သင်္ဂဇာ ဆရာတော်လို့ အမည်တွင်ပါတယ်။ ဘွဲ့တော်က အဂ္ဂဓမ္မဖြစ်ပြီး ရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော် ကပ်လှူခြင်း
ခံရတဲ့ ဆရာတော် ဖြစ်ပါတယ်။
သီပေါမင်းလက်ထက် နန်တွင်းရေး အရှုပ်အထွေးကြောင့် မန္တလေးမြို့မှာမနေလို၍ရန်ကုန်မှာ ခေတ္တ ပြောင်းရွှေ့နေပါတယ်။
မော်လမြိုင်မှဒကာ၊ ဒကာမများ၏ ပင့်လျှောက်ချက်အရမော်လမြိုင်မြို့ ကျိုက်သန်လန်စေတီအနီး မကျီးတောကျောင်းမှာ ပျံလွန်တော်မူသည်အထိသီတင်းသုံး နေထိုင်သွားကြောင်း
ကျောက်စာမှာ ဖော်ပြထားပါတယ်။ သက်တော် ၇၂ -နှစ်၊ သိက္ခာဝါတော် ၅၂ -၀ါအရ၊ သက္ကရာဇ် ၁၂၄၈ -ခု၊ ၀ါဆိုလဆန်း ၁၁ -ရက်နေ့မှာ ပျံလွန်တော်မူပါတယ်။
သင်္ဂဇာ ဆရာတော် ပြုစုသွားတဲ့ ကျမ်းများအနက် သိင်္ဂါလောဝါဒ ဆုံးမစာမှာ အထင်ရှားဆုံး၊ အသုံးများဆုံး ကျမ်းစာ ဖြစ်ပါတယ်။ တပည့်ကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ် စတဲ့ ကျင့်ဝတ်များကိုမှတ်သားရလွယ်ကူအောင် ကဗျာလေးများ ရေးသားထား၍ ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျား၊ရဟန်း၊ ရှင်လူ အားလုံး၏ နှုတ်ဖျားတွင် အလွတ်ရနေ ကြပါတယ်။
သင်္ဂဇာ ဆရာတော်ဟာ အလွန် စကားပြောကောင်းပြီး တစ်ဘက်သား နားဝင်အောင် ပုံတိုပတ်စလေးများ ညှပ်၍ဖြစ်စေ၊ ဥပမာ ဥပမေယျ ဟပ်၍ဖြစ်စေ ပြောဟောလေ့ ရှိသောကြောင့် နား
ထောင်မငြီးအောင် ကောင်းလှကြောင်း သိရပါတယ်။
ဒါကြောင့် သင်္ဂဇာ ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ ပညာကို အစဉ်လေးစားကာ မိမိဘ၀ မြင့်မြတ်သထက် မြင့်မြတ်အောင် ကျင်ကြံအားထုတ်လျက် ရည်မှန်းထားတဲ့ မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြ ပါစေ ကုန်သတည်း။
{နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
No comments:
Post a Comment