Pages
▼
***** ဣသိဒါသီထေရီမ။ *****
ဣသိဒါသီထေရီမအလောင်းသည်တစ်ခုသောဘ၀၌ ရွှေပန်းထိမ်သည်
ဖြစ်ရာ သူတစ်ပါးမယားကို ပြစ်မှားခြင်း ကာမေသုမိစ္ဆာရကံကို ကျူးလွန်၏။ ထိုဘ၀မှ သေခဲ့သော် ငရဲ၌ နှစ်ပေါင်း
များစွာ ကျခံရ၏။
ငရဲမှ လွတ်သောအခါ ကန်းလည်းကန်း၊ ခွင်လည်းခွင်သော ဆိတ်မတစ်ကောင်၏၀မ်း၌ ပဋိသန္ဓေနေရလေ၏။ အရွယ်သို့ရောက်လျှင် သူတစ်ပါးမယားကို ပြစ်မှားခဲ့ဖူးသော ကံ
ကြောင့် အသို(ဝှေးစေ့)ထုတ်ခြင်းကိုခံရ၏။ နောက်ဘ၀တစ်ခု
ဖြစ်သော နွားထီးဘ၀တွင်လည်း တဖန် အသို ထုတ်ခြင်းကိုခံရပြန်သေး၏။
ထိုဘ၀မှ သေလွန်ခဲ့သော် ကျွန်မတစ်ယောက်၏၀မ်း၌ မိမိပြုခဲ့သော သူတစ်ပါးမယားကိုပြစ်မှားခြင်းကံကြောင့် မိန်းမမဟုတ်၊ ယောက်ျားမဟုတ်၊ နပုံးပဏ္ဍုက် ဖြစ်၏။ တစ်ဖန် စုတေပြန်သော် ဥဇ္ဇေနီပြည်ဝယ် သူဌေးသမီးဖြစ်၍ ဣသိဒါသီဟု အမည်တွင်၏။ အရွယ်ရောက်လျှင် သူဌေးသား တစ်ဦးနှင့် ပေးစား ထိမ်းမြား၏။ မယားဝတ္တရားနှင့်အညီ ပြည့်စုံအောင် နေထိုင်ပြုစုပါသော်
လည်း ပြုမှားမိသော ကာမေသုမိစ္ဆာစာရကံကြောင့် ခင်ပွန်းဖြစ်သူသည် အကောင်းမထင်ဘဲ အိမ်မှ နှင်ချခြင်း ခံရပါသည်။
ဣသိဒါသီသည် ဒုတိယအကြိမ် ကြွယ်ဝသော သတိုးသားတစ်ဦးနှင့် ထိမ်းမြားပြန်၏။ ကျူး
လွန်ခဲ့သော ကာမေသုမိစ္ဆာစာရကြောင့် ဒုတိယအကြိမ် အိမ်မှ နှင်ချခံရပြန်၏။ ဖခင်ဖြစ်သူသည်
လင်ကံဆိုးသော ဣသိဒါသီအား တတိယမြောက် သူတောင်းစားတစ်ဦးကိုခေါ်၍ ပေးစားပြန်၏။
သမက်ဖြစ်သူ သူတောင်းစားအား အိမ်ပေါ်သို့ ခေါ်ယူပြီး တင်ထား၏။ သူတောင်းစားသည် ဣသိဒါသီ၏ ကာမေသုမိစ္ဆာစာရ အတိတ်ကံကြောင့် စုံမက်နှစ်သက်ခြင်း မရှိဘဲ ဣသိဒါသီကို စွန့်၍ သူတောင်းစား ဘ၀သို့ ပြန်သွားလေ၏။
ဤကဲ့သို့ ယူတိုင်းယူတိုင်းသော ယောက်ျားတို့၏ အကြိမ်ကြိမ် စွန့်ပယ်ခြင်းကို ခံရဖန်များသောအခါ သံဝေဂ တရားရပြီး ရဟန်းပြုသဖြင့် ကာမတရားတို့ကို စက်ဆုပ်၍ တရားအားထုတ်
သောကြောင့် ရဟန္တာမ ဖြစ်သွားလေ၏။ (ထေရီဂါထာ အဌကထာ)
{နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
ဒီနေရာမှ ပြန်လည်မျှဝေသည်...။
No comments:
Post a Comment