"ဘယ်လောက်ကြာမှ မဂ် ရနိုင်မလဲ"
ဤနေရာတွင် ဗောဓိရာဇကုမာရမင်းသားက မေးလျှောက်၍ ဘုရားကိုယ်တော်မြတ် ဖြေကြားထားသည်ကို တင်ပြလိုပါသည်။
“အရှင်ဘုရား... မြတ်စွာဘုရားဟူသော နည်းညွှန် လမ်းပြဆုံးမမည့်သူ ရသော ရဟန်းသည် ဘယ်လောက်ကြာမှ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရနိုင်ပါမည်လဲ ဘုရား”
“မင်းသား... ဤအရေး၌ သင့်ကိုပင် ပြန်၍ မေးရပေဦးမည်၊ သင်သည် ဆင်စီးချွန်းကိုင် အတတ်ကို တတ်မြောက်ပါ၏လော”
“မှန်ပါ၊ တတ်မြောက်ပါ၏ဘုရား”
“လူတစ်ယောက်သည် သင့်ထံသို့ ဆင်စီးချွန်းကိုင် အတတ်ကို သင်ယူမည်ဟုလာ၏။ ထိုသူသည်-
၁။ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုမရှိ၊
၂။ ကျန်းမာမှုလည်း မရှိ၊
၃။ ကောက်ကျစ်လိမ်လည်တတ်၏၊
၎။ ပျင်းလည်း ပျင်း၏၊
၅။ ဉာဏ်ကလည်း ထိုင်းလှ၏၊
ထိုပုဂ္ဂိုလ်အား တတ်မြောက်ကျွမ်းကျင်အောင် သင်ကြားပေးနိုင်မည်လော” ဟု မေးတတ်မူ၏။
“မှန်ပါ၊ ဤအင်္ဂါ ၅-ပါးအနက် တစ်ပါးပါး ချွတ်ယွင်းနေလျှင်ပင် သင်ဖို့မလွယ်ပါ၊ ငါးပါးလုံးများ ချွတ်ယွင်းနေလျှင်ကား ဆိုဖွယ် မရှိတော့ပါဘုရား”
“သည်လိုဆိုလျှင် မေးဦးမည်၊ လူတစ်ယောက်သည်ကား-
၁။ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှု အပြည့်ရှိ၏၊
၂။ ကျန်းလည်း ကျန်းမာ၏၊
၃။ စိတ်ထားလည်း ဖြောင့်စင်း၏၊
၎။ မပျင်းမရိဘဲ ကြိုးစားတတ်၏၊
၅။ ဉာဏ်ရည်ဉာဏ်စရှိသူလည်း ဖြစ်၏၊
ထိုသူမျိုးအား တတ်မြောက်အောင် သင်ကြားပေးနိုင်မည်လော”
“မှန်ပါ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား အင်္ဂါရပ် အချို့အဝက် ပြည့်စုံကာမျှဖြင့် တတ်မြောက်အောင် သင်ကြားပေးနိုင်ပါ၏။ ငါးပါးလုံးများ ပြည့်စုံပါမူကား ဆိုဖွယ် မရှိတော့ပြီဘုရား” ဟူ၍ လျှောက်ထားလေသည်။
“မင်းသား... ထို့အတူပင် တရားအားထုတ်သူ၏ အင်္ဂါရပ် (ပဓာနိယင်္ဂ)ငါးပါးရှိ၏။ ယင်းတို့ကား-
၁။ ဘုရားအပေါ် ယုံကြည်သော သဒ္ဓါ ရှိရမည်၊
၂။ ကျန်းမာသူလည်း ဖြစ်ရမည်၊
၃။ စိတ်ထားဖြောင့်မတ်သူလည်း ဖြစ်ရမည်၊
၎။ ဇွဲသန်ကြိုးစားအားထုတ်သူလည်း ဖြစ်ရမည်၊
၅။ ဉာဏ်စွမ်းဉာဏ်စလည်း ရှိရမည်၊
ဤအင်္ဂါငါးပါးနှင့် ပြည့်စုံခဲ့သော် မကြာမီပင် တရားထူး ရနိုင်၏” ဟူ၍ မိန့်တော်မူသည်။
[ဆောင်]
ယုံကြည်-ကျန်းမာ၊ စိတ်ဖြောင့်စွာနှင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့် ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ အမှန်ပင် မဂ်ရကြောင်း။ ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏ “တစ်ဘဝသာသနာ” မှ မျှဝေပါတယ်။

No comments:
Post a Comment