Pages
▼
**** စွန့်ပြီးတော့မှ အားထုတ်ရတယ် *****
အမှန်တရားကိုလက်ခံတဲ့နေရာမှာ
သံသယကိုစွန့်ပြီးတော့ ယုံကြည်ရပါမယ်။
သံသယတစ်ဝက် ယုံကြည်မှုတစ်ဝက်နဲ့ ယုံကြည်တာမျိုး မဖြစ်ရပါဘူး။ နားလည်အောင် ဥပမာပြရမယ်ဆိုရင်
ဘုရင့်နောင် ဖောင်ဖျက်သလိုမျိုးပေါ့။
ဖောင်ဖျက်တယ်ဆိုတာ နိုင်အောင်တိုက်မယ်ဆိုတာပါပဲ။ မနိုင်နိုင်အောင်တိုက်မယ်ဆိုပြီး
နောက်ဆုတ်မယ်ဆိုတဲ့စိတ်ကို
စွန့်လွှတ်လိုက်တာပါပဲ။
ပြတ်ပြတ်သားသား ဖြစ်သွားအောင်လို့ ဖောင်ဖျက်လိုက်တာပါပဲ။ တိုက်တော့တိုက်တာပဲ မနိုင်ရင်လဲထွက်ပြေးမယ်ဆိုတဲ့ စိတ်မျိုးနဲ့ တိုက်တာမဟုတ်ပဲနဲ့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ မနိုင်နိုင်အောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့ တိုက်တာပါပဲ။
တိုက်ပွဲတော့တိုက်တာ
ဒါပေမယ့် နိုင်မှနိုင်ပါ့မလားဆိုတဲ့
သံသယကို စွန့်ပြီးတော့တိုက်လို့နိုင်တာပါ။
နောက်ဆုတ်မယ်ဆိုတဲ့စိတ်ကို
စွန့်ပြီးတော့မှ ပြုလုပ်တတ်ဖို့လိုပါတယ်။
ယုံကြည်ပြီဆိုတဲ့ အခါမှာလဲ
သံသယကို စွန့်ပြီးတော့မှ ယုံကြည်ဖို့လိုပါတယ်။
သံသယနဲ့ ယှဉ်ပြီးတော့မှ ယုံတာက ယုံကြည်မှုအတုပါ။
သံသယမပါပဲ ယုံကြည်တာကမှ
ယုံကြည်မှုစစ်စစ်ဖြစ်မှာပါ။
လွတ်လွတ်လပ်လပ်ယုံကြည်တာ ဖြစ်မှာပါ။
စွန့်ပြီးလုပ်တာနဲ့ ကြောက်ကြောက်နဲ့လုပ်တာနဲ့
လုပ်တာခြင်းတူပေမယ့် အင်အားခြင်းက တခြားစီပါပဲ။
တရားတော့အားထုတ်နေတာပဲ
အပြောအဆိုမခံနိုင် အခြိမ်းအခြောက်မခံနိုင်
အငတ်မခံနိုင် သူများမျက်စောင်းထိုးမခံနိုင်
အဲလို မခံနိုင်မှုနဲ့ တရားအားထုတ်နေတာနဲ့
ဟိုဟာအဖြစ်မခံနိုင် ဒီဟာအဖြစ်မခံနိုင်ဆိုတဲ့ စိတ်နဲ့
တရားအားထုတ်နေတာက
အဖြစ်မခံနိုင်တဲ့စိတ်ကို မစွန့်ပဲနဲ့တရား အားထုတ်တာပါ။
ဖြစ်ချင်ရာဖြစ် သေချင်သေ ငတ်ချင်ငတ် ရူးချင်ရူး
မှားချင်မှားဆိုပြီးတော့မှ တရားအလုပ်ကိုလုပ်တဲ့နေရာမှာ
ဘာမဆိုအဖြစ်ခံမယ်ဆိုတဲ့ စိတ်နဲ့ ..
ဖြစ်မှာစိုးရိမ်တဲ့စိတ်ကတော့ သတ္တဝါတွေရဲ့ ထုံးတမ်းစဉ်ပေါ့ ..
ရှိပြီးသားပေါ့.. အဲဟာကိုစွန့်လွှတ်ပြီးတော့မှ
ကြောက်တဲ့စိတ်ကို စွန့်ပြီးတော့မှ
အားထုတ်တာနဲ့ တရားမရမှာ ပူပန်တဲ့စိတ်ကို
တရားကိုလိုချင်တဲ့ လောဘစိတ်တွေကို
မစွန့်ပဲအားထုတ်တာနဲ့ တခြားစီပါပဲ။
တရားအားကိုးပြီးတော့ စွန့်ရမှာပါ။
တရားအားမထုတ်ခင်တုန်းကတော့
စိတ်ကောင်းကိုမွေးယူတာ သတ္တိရှိအောင်ကြိုးစားယူတာ..။
ဒေါသကိုစွန့်တာ မဟုတ်ဘူး။
မကောင်းတဲ့စိတ်ကိုပါယ်တာမဟုတ်ဘူး
ကောင်းတဲ့စိတ်ကို မွေးမြူယူတာ။
လောဘကိုစွန့်တာ မဟုတ်ပဲနဲ့
အလောဘစိတ်ကို မွေးယူတာပါပဲ။
နဂိုတုန်းက စွန့်ယူတာမဟုတ်ဘူး လုပ်ယူတာ။
မကောင်းတဲ့စိတ်ကို မပါယ်နိုင်ပဲနဲ့ ကောင်းတဲ့စိတ်က အားသာနေလို့ ကောင်းနေတာက
မကောင်းတဲ့စိတ်က အားသာသွားရင်
လူဆိုးဖြစ်သွားရော၊ လူယုတ်မာကြီးဖြစ်သွားရော။
ကြောက်စိတ်ကိုမပါယ်နိုင်ပဲ ရဲရင့်နိုင်တာက
ကြောက်စိတ်က အားကြီးသွားရင် သတ္တိမရှိတော့ပါဘူး။
မေ့တဲ့စိတ်ကို မောဟကို မပါယ်ပဲနဲ့
မှတ်ဥာဏ်ကောင်းနေတာက ပညာတတ်နေတာက
မောဟအားကြီးသွားရင် အကုန်မေ့တာပဲ။
တရားအားမထုတ်ခင်တုန်းက
လူကောင်းဆိုတာက လူတော်ဆိုတာက
ကောင်းအောင်လုပ်ထားလို့ တော်အောင်လုပ်ထားလို့တော်နေတာ။
မလုပ်နိုင်တော့ရင် လူဆိုးဖြစ်သွားရော.. လူညံ့ဖြစ်သွားရော။
လုပ်ယူထားတာကတော့ စိတ်မချရပါဘူး။
တရားအလုပ်ကျတော့ တရားအားကိုးပြီးတော့
စွန့်ယူတာပါပဲ။ တရားအလုပ်ကိုလုပ်ရင်းနဲ့
လိုချင်တဲ့ လောဘကိုစွန့်ပြီးတော့
တရားအားထုတ်ရတယ်။
တရားမရမှာ ပူပန်တဲ့ သောကစိတ်ကို
စွန့်ပြီးတော့မှ အားထုတ်ရတယ်။
စွန့်ရင်း စွန့်ရင်းနဲ့ စွန့်တတ်သွားတာပါပဲ။
တရားအားထုတ်လိုက်လို့် ဘာဖြစ်သွားမှာ
ညာဖြစ်သွားမှာဆိုတဲ့ ကြောက်တဲ့စိတ်ကိုလဲ
အားထုတ်ရင်း အားထုတ်ရင်းနဲ့ စွန့်တတ်သွားတာ။
တစ်ယောက်ယောက်ပဲ ငါပဲ တစ်ခုခုပဲ ဘာပဲညာပဲ ဆိုတဲ့
အထင်မှား မောဟကိုလဲ စွန့်ပြီးတော့မှ
တရားအလုပ် လုပ်ရင်း လုပ်ရင်းနဲ့ စွန့်တတ်သွားတာ။
(သဘာဝဆရာတော် ဦးဥတ္တမသာရ-သဘာဝတရားရိပ်သာ)
No comments:
Post a Comment