Pages
▼
xxxxx- ဟောင်းနွမ်းသွားသော စောင်လေးတစ်ထည် xxxxx
ဟောင်းနွမ်းသွားသော စောင်လေးတစ်ထည်
*********************************
စောင်လေးတစ်ထည် အမြင်လှတယ်
အသားကနွေး ၊ ချောလှသွေးမို့
မြင်သူငေးလှတယ် ။
အလှပဂေး ထိုစောင်လေး ၊ တစ်သွေးမွေးမို့
လိုချင်တက်မက် ၊ ဝိုင်းလုယက်လို့
စောင်လေး ဂုဏ်တက်ခဲ့ရလေသည်။
အချိန်ရထား ၊ ခြစားသွားတော့
စောင်လေးဇရာ ၊ ချိန်ခါရောက်ပြီ
တန်ရာတန်ကြေး ၊မေတ္တာလေးနှင့် ၊
ထိုသူပေးရာ
ခေါင်းငြိမ့်ကာ ၊ ယုံကြည်စွာနှင့်
သူခေါ်နောက် တစ်ကောက်ကောက်
စောင်လေးလိုက်ခဲ့သည်။
ချစ်စ၊ ကြင်စ ၊ခရီးစမှာ
အမြတ်တနိုး ၊သိမ်းထုပ်ပိုးကာ
ကြင်နာယုယ ၊ သူပြခဲ့၏
စောင်လေးရင်ခွင်နွေးလှသည်၊
စောင်လေးရနံ့သင်းလှသည်၊
စောင်လေးအသားနူးညံ့သည်၊
ထိကာ ၊တို့ကာ ယုယကာနှင့်
တစ်ပါးသူလက်ပါး
စောင်လေးသွားမှာ ၊ စိုးရွံ့စိတ်များ
မေတ္တာထား၍ ထိုစောင်လေးအား
မြတ်နိုးကြင်နာ ၊စောင့်ရှောက်ခဲ့သည်။
ကာလယန္တယား ၊ တိုက်စားလာတော့
အချိန်လွန်မှာ ၊ဇရာအိုနှင့်
ယိုင်လဲပြိုပြီ
ချည်မျှင်တွေကြဲ ၊ စုတ်ကာပြဲနှင့်
စောင်လေးဘဝနွမ်းလေပြီ။
ထိုသို့ချိန်မှာ အမောင်သူက
နွမ်းကြေစောင်ကို ၊ရွံ့ရှာစက်ဆုပ်
ဖယ်ခွာထုတ်၍၊ စောင်ထုပ်အသစ်
ထွေးကာပွေ့၍ ၊ သယ်ဆောင်လာကာ
ခြေက ကန်ထုတ် ၊ စောင်စုတ်လေးကို
သံယောဇဉ်ခမ်း ၊လှည့်မကြည့်စတမ်း။
ထိုသူစကား အားစိုက်နားထောင်
ကြားလိုက်ရသည်၊
နားမှာခါးလှ ၊ ထိုစကားက
အရင်စောင်ဟာင်း စုတ်လေပြီ
ဟောင်းအိုစုတ်ချာ ၊ ထိုလွှာစောင်အား
သိမ်းကာစုထုပ် ၊အမှိုက်စုတ်အဖြစ်
ပစ်၍ လွင့်စေသတည်း။
ထိုအဖြစ်ကြောင့်
စောင်လေးရင်မှာ နာလှသည်
ဘဝတစ်ကွေ့ ၊သံသရာဝယ်
ထိုသို့အစားထိုး ၊စောင်းမျိုးဘဝ
မကြုံရလေ ၊ တောင်းဆုဆို၏
လွတ်ငြိမ်းခွင့်တို့ရစေသတည်း။
ကို့ဘ၀ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကိုယ် ကိုယ်တိုင် ရှာကြပါလို့ ဤ ကဗျာလေးဖြင့် တိုက်တွန်းလိုက်ပါသည်...။စာဖတ်သူများအားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပြီး တရားထူး တရားမြတ်များလည်းရ ရှိကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်....။
မေတ္တာစေတနာဖြင့် ..... လမင်းကြယ်စင်
No comments:
Post a Comment