Pages

Friday, April 11, 2014

*** ကလေးကို အထင်မသေးကြပါနဲ့ ***



 ကလေး....ကလေး
***************
ကလေးကို အထင်မသေးကြပါနဲ့
************************


ကလေးတွေကို ပစ်မထားကြပါနဲ့။ လူကြီးတွေက ကလေးကဖြစ်လာကြတာပါ။ ယနေ့ကလေးတွေဟာ မကြာခင် လူကြီးဖြစ်လာကြမှာပါ။ ယနေ့လူကြီးတွေဟာ ယမန်နေ့က ကလေးတွေပါ။ 

 

ယနေ့ ပြည်တောင်စု မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် လွန်ခဲ့သောနှစ် (၅၀) တုန်းက ကလေးလေးပါ။ မြစ်တွေ/ချောင်းတွေကြားက ဘုန်းကြီးကျောင်းသားလေးပါ။ ယနေ့ အမေရိကုန် သမ္မတကြီး အိုဘားမားဟာ လွန်ခဲ့သောနှစ် (၄၀) လောက်က အင်ဒိုနီးရှားကျွန်းစုတွေကြားက ကလေးလေးတစ်ယောက်ပါ။

ဗုဒ္ဓက ကလေးတို့အတွက် လူကြီးတွေလုပ်ပေးရမည့် တာဝန်တွေကို ဒီလိုပြောထားပါတယ်။

၁။ မကောင်းမှုမပြုမိအောင် တားမြစ်ပေးရမယ်၊
 

၂။ ကောင်းသော အပြု၊ အပြော၊ အတွေးတို့ကို ပြုတတ်၊ ပြောတတ်၊ တွေးတတ်အောင် သင်ပြပေးရမယ်၊
 

၃။ သိပ္ပံ - ဝိဇ္ဇာပညာရပ်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်တို့ကို သင်ပြပေးရမယ်၊
 

၎။ လှပသော လူ့ဘဝတစ်ခု တည်ဆောက်နိုင်အောင် အရင်းအနှီးကောင်းကောင်း တည်ထောင်ပေးရမယ်။
 

၅။ ခိုင်မာလှပသော လူ့ဘ၀၊ လူ့အဖွဲ့အစည်း တည်ဆောက်ပေးရမယ်၊
 

၆။ ကလေးတို့မှာ ကျရောက်မည့် အန္တရာယ်များကို ကာကွယ် စောင့်ရှောက်ပေးရမယ်၊ အသက်အန္တရာယ်၊ ကျန်းမာရေး အန္တရာယ်၊ ပညာရေး အန္တရာယ်၊ အကျင့်စရိတ္တ အန္တရာယ်၊ စိတ်ဓာတ်ရေးရာ အန္တရာယ်တို့မှ ကာကွယ်ပေးရမယ်၊ မျက်မှောက်ခေတ် အနေအထားကိုကြည့်၍ ပြောရလျှင် လူကုန်ကူးသူတို့အန္တရာယ်၊ ကလေးအလုပ်သမား အန္တရာယ်၊ ကလေးစစ်သားဖြစ်မည့် အန္တရာယ်၊ မူးယစ်အန္တရာယ်တို့မှ ကင်းလွတ်အောင် စောင့်ရှောက်ပေးရန် ယနေ့လူကြီးတွေမှာ တာဝန်ရှိပါတယ်။
 

၇။ ကလေးတွေကို ကလေးနဲ့သင့်လျော်သော နေရာအရပ်သို့ ပို့ပေးရန်လည်း တာဝန်အထူးရှိပါတယ်၊ မတော်သောနေရာသို့ မပို့မိဖို့ အထူးအရေးကြီးပါတယ်။ သိဒ္ဓတ္တမင်းသားကလေးဟာ သူ့အမေကို သူမမြင်လိုက်ရပါဘူး။ ဖွားပြီး (၇) ရက်အကြာမှာ အမေ ကွယ်လွန်ခဲ့ပါတယ်။ သို့သော် အဖေဘုရင် သုဒ္ဓေါဓနက အတော်ဆုံး၊ အတတ်ဆုံးသော ဆရာတွေထံ ပို့အပ်ခဲ့လို့ လောကရဲ့ ထိပ်ဆုံးသို့ ရောက်ခဲ့ပါတယ်။

ကလေးတွေဟာ ကြည်လင်သော ရေနှင့်တူပါတယ်။ ကြည်လင်သောရေကို မည်သည့်အရောင်မဆို ဆိုးလို့ရပါတယ်။

ယနေ့လူကြီးတွေ ခပ်များများဟာ ရေနောက်တွေလို ဖြစ်နေကြပါတယ်။ နောက်ထပ် အရောင်တစ်မျိုးထပ်ဆိုးလို့ မရတော့ပါဘူး။ ယနေ့လူကြီးတချို့ဟာ အရောင်အသွေးညစ်နေပြီဖြစ်လို့ သူတို့ထံက တောက်ပတဲ့ရောင်ပြန်ကိုတောင် ကျွန်ုပ်တို့ မရနိုင်တော့ပါဘူး။ ဒါတွေမက သူတို့ရဲ့ ညစ်နွမ်းတဲ့ သူတို့ရောင်ပြန်တွေကြောင့်ပဲ ဒီကမ္ဘာကြီးလည်း ညစ်နွမ်းနေပါပြီ။

ဒါကြောင့် ကြည်လင်သောရေ၊ အေးချမ်းသောရေနှင့် တူစွာသော ကလေးငယ်တို့၏ ဘဝလှပသော ဟန်ချက်ညီအရောင်ကလေးများ ခြယ်မှုန်းပေးကြပါဟု တိုက်တွန်းအပ်ပါသည်။

ယနေ့ကလေးတို့၏ဘဝကို အလှဆင်ပေးခြင်းသည် အနာဂတ် ကမ္ဘာကို အလှဆင်လိုက်ခြင်းပင် ဖြစ်ပါသည်။

` ကလေးတို့၏ဘဝကို အားလုံးဝိုင်းဝန်း၍ အလှဆင်နိုင်ကြပါစေ ´

` သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။ ´

(သီတဂူဆရာတော်၏ နှစ်သစ်လက်ဆောင်)

သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်ဉာဏိဿရ

No comments:

Post a Comment