
ဓမ္မစကြာတရား ဟောတော်မူပုံ
~~~~~~~~~~~~~~~~
၅။ မှန်ကန်စွာ အသက်မွေးခြင်း ။ ။
သမ္မာအာဇီဝ ခေါ် မှန်ကန်စွာ အသက်မွေးခြင်း ဟူသည်မှာ-ရှေးဖေါ်ပြခဲ့သည့် မှန်ကန်စွာပြောဆိုခြင်း၎-ပါး, မှန်ကန်စွာ ပြုလုပ်ခြင်း ၃-ပါးတို့ဖြင့် ညီညွတ်စွာ အသက်မွေးခြင်း ပင်ဖြစ်သည်။
~~~~~~~~~~~~~~~~
၅။ မှန်ကန်စွာ အသက်မွေးခြင်း ။ ။
သမ္မာအာဇီဝ ခေါ် မှန်ကန်စွာ အသက်မွေးခြင်း ဟူသည်မှာ-ရှေးဖေါ်ပြခဲ့သည့် မှန်ကန်စွာပြောဆိုခြင်း၎-ပါး, မှန်ကန်စွာ ပြုလုပ်ခြင်း ၃-ပါးတို့ဖြင့် ညီညွတ်စွာ အသက်မွေးခြင်း ပင်ဖြစ်သည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် မှန်ကန်စွာ အသက်မွေးမှုကိုလည်း သုမေဓာ ဘဝမှစ၍ပင် သီလပါရမီ အဖြစ် ဖြည့်ကျင့်ဆည်းပူးခဲ့ပြီး နောက်ဆုံး ဘုရားဖြစ်သည့်အခါ၌ မဂ်လေးပါး ဖြစ်ပေါ်၍ လောကုတ္တရာ သမ္မာအာဇီဝမဂ္ဂင်ကို ဖြစ်စေခဲ့ပြီး ဖြစ်ပေသည်။
၆။ မှန်ကန်စွာ အားထုတ် ကြိုးစားခြင်း။ ။
သမ္မာဝါယာမ ခေါ် မှန်ကန်စွာ အားထုတ်ကြိုးစားခြင်းဟူသည်မှာ-
(၁) ဖြစ်ပေါ်ပြီး အကုသိုလ်တရားကို ဖျောက်ပယ်ရန် ကြိုးစားခြင်း။
(၂) မဖြစ်သေးသည် အကုသိုလ်တရားကို မဖြစ်စေရန်ကြိုးစားခြင်း။
(၃) ဖြစ်ပေါ်ပြီး ကုသိုလ်တရားကို တိုးပွားစေရန်ကြိုးစားခြင်း။
(၄) မဖြစ်သေးသည့် ကုသိုလ်တရား ကို ဖြစ်စေရန် ကြိုးစားခြင်း ဟူ၍ ၄-မျိုး ရှိပေသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် ယင်းမှန်ကန်စွာ ကြိုးစားခြင်းကို သုမေဓာ ဘဝမှစ၍ ဝီိရိယပါရမီ အဖြစ် ဆည်းပူးဖြည့်ကျင့်ခဲ့၍ ယခု နောက်ဆုံး ဘဝ ဘုရားဖြစ်မည့်နေ့ ကလည်း အင်္ဂါ ၄-ပါးရှိသော ဝီရိယဖြင့် အဖန်ဖန်ပွားများကာ မဂ် ၄-ပါး ဖြစ်ပေါ်၍ လောကုတ္တရာ သမ္မာဝီရိယ မဂ္ဂင်တရားကို ဖြစ်ပွားစေခဲ့လေသည်။
၇။ မှန်ကန်စွာ အောက်မေ့ခြင်း။ ။
သမ္မာသတိ ခေါ် မှန်ကန်စွာ အောက်မေ့ခြင်းဟူသည်မှာ-
(၁) ကာယာနုပဿနာ သတိပဋ္ဌာန် - ကိုယ်ကောင်ကြီး၌ ရှုကြည့် ဆင်ခြင်၍ အမှတ်ရ အောက်မေ့ခြင်း။
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန် - ခံစားမှု ဝေဒနာ၌ ရှုကြည့်ဆင်ခြင်၍ အမှတ်ရ အောက်မေ့ခြင်း။
(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန်- စိတ်တရား၌ ရှုကြည့်ဆင်ခြင်၍ အမှတ်ရအောက်မေ့ခြင်း
(၄)ဓမ္မာနုပဿနာ သတိပဋ္ဌာန် -
တွေ့ထိမှု-ဖဿ, မှတ်သားမူ-သညာ စသော တရားအပေါင်း၌ ရှုကြည့် ဆင်ခြင်၍ အမှတ်ရအောက်မေ့ခြင်း ဟူ၍ ၄-မျိုး ရှိပေသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် ယင်းမှန်ကန်စွာ အောက်မေ့ခြင်းကိုလည်း သုမေဓာ ဘဝမှစ၍ လေ့လာဆည်းပူးခဲ့သည်။ ယခုနောက်ဆုံး အလောင်းတော် သိဒ္ဓတ္ထ မင်းသားကလေးဘဝမှာပင် အာနာပါန ဈာန်ကို ဝင်စားနိုင်သည်။ ဘုရားဖြစ်ခါနီး၌လည်း အာနာပါနဈာန်ကို ဝင်စား၍ ယင်းအာနာပါနဈာန်ကို အခြေခံပြုကာ မဂ် ၄-ပါးဖြစ်ပေါ် လာပြီး လောကုတ္တရာ သမ္မာသတိ မဂ္ဂင်တရားကို ဖြစ်ပေါ်စေခဲ့ပေသည်။
၈။ မှန်ကန်စွာ တည်ကြည်ခြင်း။ ။
သမ္မာသမာဓိ ခေါ် မှန်ကန်စွာ တည်ကြည်ခြင်း ဟူသည်မှာ
(၁) ဥပစာရသမာဓိ နှင့်
(၂) အပ္ပနာသမာဓိ
၁- ပထမဈာန်
၂- ဒုတိယဈာန်
၃- တတိယဈာန်
၎- စတုတ္ထဈာန်
ဟူ၍ ဖြစ်သည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် လွန်ခဲ့သော ၄-အသင်္ချေ ကမ္ဘာတစ်သိန်း ကာလ သုမေဓာဘဝမှစ၍ ဘဝပေါင်းများစွာ ဈာန်အဘိညာဉ် ရခဲ့၍ ယခုနောက်ဆုံး ဘုရားဖြစ်သည့်အခါ၌လည်း လောကုတ္တရာ ဖြစ်သော-
၁။ ပထမဈာန် သောတပတ္တိမဂ်
၂။ ဒုတိယဈာန် သကဒါဂါမိမဂ်
၃။ တတိယဈာန်- အနာဂါမိမဂ်
၎။ စတုတ္ထဈာန်- အရဟတ္တမဂ် ဟူ၍ သမ္မာသမာဓိ မဂ္ဂင်တရားကို ဖြစ်ပွားစေခဲ့ပါသည်။
ယင်းသို့ ကိုယ်တော်တိုင် လေ့လာပွားများခဲ့ကာ ကိုယ်တော်တိုင် ပေါက်မြောက်သိရှိခဲ့သောကြောင့် မဂ္ဂင်၈-ပါးတရားများကို မဇ္ဈိမပဋိပဒါ = အလယ်လမ်း အကျင့်တရားဖြစ်သည်ဟု သတ်မှတ်၍ -
-ကိုယ်တိုင် ထိုးထွင်း၍ သိသောတရား
- ဥာဏ်မျက်စိအမြင်ကို ပြုတတ်သောတရား
-အသိဥာဏ်ကို ပြုတတ်သောတရား
-ကိလေသာ ငြိမ်းအေး စေတတ်သောတရား
-အထူးသိစေတတ်သောတရား
-သစ္စာလေးပါးကို ထိုးထွင်းသိစေတတ်သောတရား
-ဆင်းရဲချူပ်ငြိမ်းစေတတ်သော တရား ဟု ချီးကျူးဟောကြားတော်မူသည်။
ယင်းအလယ်လမ်းအကျင့် မဇ္ဈိမပဋိပဒါ တရား ၈-ပါးသည် မြတ်ဗုဒ္ဓရှင်တော်ဘုရား နှစ်ပေါင်း ၄၅-နှစ်တိုင်တိုင် ဆက်လက်၍ ဟောတော်မူမည့် ပိဋကတ်, နိကာယ် တရားတော်များ၏ အခြေခံအုတ်မြစ်ပင် ဖြစ်ပေသည်။
ကူးယူမျှဝေခြင်းဖြင့် ဤတရားတော်မြတ်အား ပူဇော်ပါ၏။
(နောက်ဆုံး အပိုဒ်ကို ဆက်လက်ကူးယူတင်ပြပေးပါမည်)
No comments:
Post a Comment