Pages

Thursday, April 10, 2014

*** ဓမ္မစကြာတရား ဟောတော်မူပုံ ( ၅။ မှန်ကန်စွာ အသက်မွေးခြင်း ) ***

Photo: ဓမ္မစကြာတရား ဟောတော်မူပုံ
~~~~~~~~~~~~~~~~~

ယမန်နေ့မှအဆက်(12.3.2014)

၅။ မှန်ကန်စွာ အသက်မွေးခြင်း ။  ။

သမ္မာအာဇီဝ ခေါ် မှန်ကန်စွာ အသက်မွေးခြင်း ဟူသည်မှာ-ရှေးဖေါ်ပြခဲ့သည့် မှန်ကန်စွာပြောဆိုခြင်း၎-ပါး, မှန်ကန်စွာ ပြုလုပ်ခြင်း ၃-ပါးတို့ဖြင့် ညီညွတ်စွာ အသက်မွေးခြင်း ပင်ဖြစ်သည်။ 
မြတ်ဗုဒ္ဓဘုရားရှင်သည် မှန်ကန်စွာ အသက်မွေးမှုကိုလည်း သုမေဓာ ဘဝမှစ၍ပင် သီလပါရမီ အဖြစ် ဖြည့်ကျင့်ဆည်းပူးခဲ့ပြီး နောက်ဆုံး ဘုရားဖြစ်သည့်အခါ၌ မဂ်လေးပါး ဖြစ်ပေါ်၍  လောကုတ္တရာ သမ္မာအာဇီဝမဂ္ဂင်ကို ဖြစ်စေခဲ့ပြီး ဖြစ်ပေသည်။

၆။ မှန်ကန်စွာ အားထုတ် ကြိုးစားခြင်း။  ။

သမ္မာဝါယာမ ခေါ် မှန်ကန်စွာ အားထုတ်ကြိုးစားခြင်းဟူသည်မှာ-
 
(၁) ဖြစ်ပေါ်ပြီး အကုသိုလ်တရားကို ဖျောက်ပယ်ရန် ကြိုးစားခြင်း။

(၂) မဖြစ်သေးသည် အကုသိုလ်တရားကို မဖြစ်စေရန်ကြိုးစားခြင်း။ 

(၃) ဖြစ်ပေါ်ပြီး ကုသိုလ်တရားကို  တိုးပွားစေရန်ကြိုးစားခြင်း။

(၄) မဖြစ်သေးသည့် ကုသိုလ်တရား ကို ဖြစ်စေရန် ကြိုးစားခြင်း ဟူ၍ ၄-မျိုး ရှိပေသည်။ 

မြတ်ဗုဒ္ဓဘုရားရှင်သည် ယင်းမှန်ကန်စွာ ကြိုးစားခြင်းကို သုမေဓာ ဘဝမှစ၍ ဝီိရိယပါရမီ အဖြစ် ဆည်းပူးဖြည့်ကျင့်ခဲ့၍  ယခု နောက်ဆုံး ဘဝ ဘုရားဖြစ်မည့်နေ့ ကလည်း အင်္ဂါ ၄-ပါးရှိသော ဝီရိယဖြင့် အဖန်ဖန်ပွားများကာ မဂ် ၄-ပါး ဖြစ်ပေါ်၍ လောကုတ္တရာ သမ္မာဝီရိယ မဂ္ဂင်တရားကို ဖြစ်ပွားစေခဲ့လေသည်။

၇။ မှန်ကန်စွာ အောက်မေ့ခြင်း။   ။

သမ္မာသတိ ခေါ် မှန်ကန်စွာ အောက်မေ့ခြင်းဟူသည်မှာ-  

(၁) ကာယာနုပဿနာ သတိပဋ္ဌာန် - ကိုယ်ကောင်ကြီး၌ ရှုကြည့် ဆင်ခြင်၍ အမှတ်ရ အောက်မေ့ခြင်း။

(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန် - ခံစားမှု ဝေဒနာ၌ ရှုကြည့်ဆင်ခြင်၍ အမှတ်ရ အောက်မေ့ခြင်း။

(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန်- စိတ်တရား၌ ရှုကြည့်ဆင်ခြင်၍ အမှတ်ရအောက်မေ့ခြင်း

(၄)ဓမ္မာနုပဿနာ သတိပဋ္ဌာန် -  
တွေ့ထိမှု-ဖဿ, မှတ်သားမူ-သညာ စသော တရားအပေါင်း၌  ရှုကြည့် ဆင်ခြင်၍ အမှတ်ရအောက်မေ့ခြင်း  ဟူ၍ ၄-မျိုး ရှိပေသည်။

မြတ်ဗုဒ္ဓဘုရားရှင်သည် ယင်းမှန်ကန်စွာ အောက်မေ့ခြင်းကိုလည်း သုမေဓာ ဘဝမှစ၍ လေ့လာဆည်းပူးခဲ့သည်။ ယခုနောက်ဆုံး အလောင်းတော် သိဒ္ဓတ္ထ မင်းသားကလေးဘဝမှာပင် အာနာပါန ဈာန်ကို ဝင်စားနိုင်သည်။ ဘုရားဖြစ်ခါနီး၌လည်း အာနာပါနဈာန်ကို ဝင်စား၍ ယင်းအာနာပါနဈာန်ကို အခြေခံပြုကာ မဂ် ၄-ပါးဖြစ်ပေါ် လာပြီး လောကုတ္တရာ သမ္မာသတိ မဂ္ဂင်တရားကို ဖြစ်ပေါ်စေခဲ့ပေသည်။

၈။ မှန်ကန်စွာ တည်ကြည်ခြင်း။   ။

သမ္မာသမာဓိ ခေါ် မှန်ကန်စွာ တည်ကြည်ခြင်း ဟူသည်မှာ 

(၁) ဥပစာရသမာဓိ နှင့် 

(၂) အပ္ပနာသမာဓိ 
      ၁- ပထမဈာန်
      ၂- ဒုတိယဈာန်
      ၃- တတိယဈာန်
      ၄- စတုတ္ထဈာန် 
 ဟူ၍ ဖြစ်သည်။

မြတ်ဗုဒ္ဓဘုရားရှင်သည် လွန်ခဲ့သော ၄-အသင်္ချေ ကမ္ဘာတစ်သိန်း ကာလ သုမေဓာဘဝမှစ၍ ဘဝပေါင်းများစွာ ဈာန်အဘိညာဉ် ရခဲ့၍ ယခုနောက်ဆုံး ဘုရားဖြစ်သည့်အခါ၌လည်း လောကုတ္တရာ ဖြစ်သော- 

၁။ ပထမဈာန် သောတပတ္တိမဂ်

၂။ ဒုတိယဈာန် သကဒါဂါမိမဂ်

၃။ တတိယဈာန်- အနာဂါမိမဂ်

၎။ စတုတ္ထဈာန်- အရဟတ္တမဂ်  ဟူ၍ သမ္မာသမာဓိ မဂ္ဂင်တရားကို ဖြစ်ပွားစေခဲ့ပါသည်။

ယင်းသို့ ကိုယ်တော်တိုင် လေ့လာပွားများခဲ့ကာ ကိုယ်တော်တိုင် ပေါက်မြောက်သိရှိခဲ့သောကြောင့် မဂ္ဂင်၈-ပါးတရားများကို မဇ္ဈိမပဋိပဒါ = အလယ်လမ်း အကျင့်တရားဖြစ်သည်ဟု သတ်မှတ်၍ -

-ကိုယ်တိုင် ထိုးထွင်း၍ သိသောတရား 
- ဥာဏ်မျက်စိအမြင်ကို ပြုတတ်သောတရား
-အသိဥာဏ်ကို ပြုတတ်သောတရား
-ကိလေသာ ငြိမ်းအေး စေတတ်သောတရား
-အထူးသိစေတတ်သောတရား
-သစ္စာလေးပါးကို ထိုးထွင်းသိစေတတ်သောတရား
-ဆင်းရဲချူပ်ငြိမ်းစေတတ်သော တရား  ဟု ချီးကျူးဟောကြားတော်မူသည်။

ယင်းအလယ်လမ်းအကျင့် မဇ္ဈိမပဋိပဒါ တရား ၈-ပါးသည် မြတ်ဗုဒ္ဓရှင်တော်ဘုရား နှစ်ပေါင်း ၄၅-နှစ်တိုင်တိုင် ဆက်လက်၍ ဟောတော်မူမည့် ပိဋကတ်, နိကာယ် တရားတော်များ၏ အခြေခံအုတ်မြစ်ပင် ဖြစ်ပေသည်။

(နောက်ဆုံး အပိုဒ်ကို ဆက်လက်ကူးယူတင်ပြပေးပါမည်)

ဓမ္မစကြာတရား ဟောတော်မူပုံ
~~~~~~~~~~~~~~~~

ကူးယူမျှဝေခြင်းဖြင့် ဤတရားတော်မြတ်အား ပူဇော်ပါ၏။

(နောက်ဆုံး အပိုဒ်ကို ဆက်လက်ကူးယူတင်ပြပေးပါမည်)

No comments:

Post a Comment