Pages

Friday, April 18, 2014

***** အကျင့်သည်သာ *****


 
အကျင့်သည်သာ …………
----------------------------

ကမ္ဘာပေါင်းလေးသင်္ချေနှင့် တစ်သိန်းကာလပတ်လုံး ပါရမီစရိယ စာဂတို့ကို အလွန်ခဲယဉ်း ငြိုငြင်စွာ ဖြည့်ကျင့်၍ ဘုရားဖြစ်တော်မူရခြင်းသည် နတ်လူတို့အား မဂ်ဖိုလ်ကို လက်ငင်းရစေရန် အလို့ငှါသာဖြစ်၏။

ပန်းနံ့သာစသည်ဖြင့် အပူဇော်ခံရန် အလို့ငှာ ရည်ရွယ်တော်မူသည် မဟုတ်ချေ။ ထိုသို့သော ပူဇော်မှုမျှဖြင့် ဧရာမကုသိုလ်ကြီးကို ပြုရပေပြီဟု ရောင့်ရဲအားရပြီးလျှင် မြတ်သည်
ထက်မြတ်သော သီလ သမာထ ဝိပဿနာ ကုသိုလ်ဟူသော နိယျာနတို့ကို အားမထုတ်ဘဲနေလျှင် ယခုဘဝ၌ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်သည်သာတည်း။

ဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်သေး သည်သာတည်း။ သည်မျှမကသေး ထိုသို့သော ပူဇော်ခြင်းသည် ဘုရားသာသနာတော်ကို တစ်နေ့မျှ ယာဂုတစ်ကြိမ် သောက်မျှပင် တည်တန့်စေနိုင်သည် မဟုတ်ချေ။

ကြီးစွာသော ကျောင်းတိုက်ကြီး တစ်ထောင် စေတီကြီးတစ်ထောင် ဆောက်လုပ်တည်ထားစေကာမူ ဒါယကာအား ကြီးမားသော အကျိုးကို ပေးနိုင်သောကုသိုလ် ဖြစ်ရုံမျှသာတည်း။

သာသနာတော်ကို တည်တန့်စေနိုင်သော ပူဇော်မှုကား မဟုတ်သေး။ သီလ သမာထ ဝိပဿနာဟူသော ပဋိပတ်ကို ကျင့်ခြင်းသည်သာလျှင် ဘုရားနှင့် ထိုက်တန်သင့်လျှော်သော ပူဇော်ခြင်းမည်၏။

သာသနာတော်ကိုလည်း ရှည်မြင့်စွာ တည်တန့်စေနိုင်၏။ ထို့ကြောင့် အကျင့်ဖြင့် ပူဇော်ခြင်းကိုသာလျှင် အလေးမြတ်ပြုစေလို၍ …………

" အို အာနန္ဒာ ပန်းနံ့သာတူရိယာစသော ပူဇော်ဖွယ်မျိုးစုံတို့ဖြင့် ပူဇော်ခြင်းဟူသော ဤမျှလောက်ဖြင့် လူနတ်တို့သည် ငါဘုရားကို အရိုအသေ ပြုအပ်သည် မမည်သေး။ အလေးပြုအပ် မြတ်နိုးအပ် ပူဇော်အပ် ပသအပ်သည် မမည်သေး။

" အို အာနန္ဒာ ရဟန်းယောင်္ကျားဖြစ်စေ ရဟန်းမိန်းမဖြစ်စေ ဥပါသကာဖြစ်စေ ဥပါသိကာမဖြစ်စေ အကြင်တစ်စုံတစ်ယောက်သော သူသည် မဂ်ဖိုလ်နိဗ္ဗာန်နှင့် လျော်သော အကျင့်ကို ကျင့်လျှက်နေ၏။

ထိုသို့သောသူသည် ငါဘုရားကို ရိုသေသည်မည်၏။ အလေးပြုသည် မည်၏။ မြတ်နိုးသည် မည်၏။ အမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည်မည်၏။

" အို အာနန္ဒာ သို့ဖြစ်၍ မဂ်ဖိုလ်နိဗ္ဗာနှင့် လျော်သောအကျင့်ကို ကျင့်ကုန်လျှက် ငါတို့နေထိုင်မည်ဟု သင်တို့သည်လို အားထုတ်ရမည် အာနန္ဒာ"
------------------------------------

(ဒီ/၂/၁၁၄)

(မေတ္တာရှင် ရွှေပြည်သာ)

No comments:

Post a Comment