နိဗ္ဗာန်နှင့်ပတ်သက်၍ ဥစ္ဆေဒဒိဋ္ဌိဖြစ်ပုံ ဖြုတ်ပုံ
၁။ သွားရပ်ထိုင်လျောင်း ဣရိယာပုတ် လေးပါးတို့၌ အကုသိုလ် မဖြစ်စေရ ကုသိုလ်တရားဖြစ်အောင် နှလုံးသွင်းရမည်။
၂။ အကုသိုလ်ဖြစ်သော အချိန်ကာလကို မရှိစေရ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကို ကုန်လွန်စေရမည်။
၃။ ကောင်း မကောင်းဖြစ်သော ကံဟောင်းကို မမျှော်ရ ကောင်းသောကံသစ်ကိုသာ ဖြစ်အောင်အားထုတ်ရမည်။
၎။ အကျိုးကိုအားမထုတ်ရ မကျင့်ရ အကြောင်းကိုသာ ဖြောင့်မှန်အောင် အားထုတ်ကျင့်ကြံရမည်။
၅။ အကျင့်အတုအယောင်ကို မဖြစ်စေရ အကျင့်အစစ်အမှန်ကို ကျင့်ရမည်။
၆။ ကိုယ့်အကျင့်ကို တစ်ပါးသူမသိစေရ ကိုယ့်အကျင့်မှန်မမှန်ကို ကိုယ်တိုင်သိအောင် ဆင်ခြင်ရမည်။
၇။ သူတစ်ပါးကို အားမကိုးရ မိမိကိုယ်ကိုသာ အားကိုး၍ ကျင့်ရမည်။
၈။ မိမိက မကျင့်မူ၍ သူတစ်ပါးအား မဆုံးမရ ကိုယ့်ကိုယ်ကိုသာ ယဉ်ကျေးအောင် ဆုံးမရမည်။
၉။ သူတစ်ပါး၏ အပြစ်ကိုမရှုရ ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်အောင် ရှု၍ အပြစ်လွတ်အောင် နေရမည်။
၁၀။ သူ့ပစ္စည်းကို မလိုချင်ရ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ လိုချင်သော သမ္မာဆန္ဒကို ဖြစ်စေရမည်။
၁၁။ ပစ္စည်းရအောင် မကျင့်ရ တရားကောင်းအစစ်ကို ရအောင်ကျင့်ရမည်။(ဓမ္မဒါယာဒ)
၁၂။ အပေါင်းအဖော်နှင့်ပျော်၍ သူများနှင့်သင့်အောင် မနေရ ရုပ်နာမ်တရားတို့နှင့် သုံးသပ်မွေ့လျော် သင့်တော်အောင် နေရမည်။
၁၃။ ကြောက်လန့်အောင် မနေရ ကြောက်လန့်မှု မရှိအောင် နေရမည်။
၁၄။ စာပေကျမ်းဂန် တတ်သိခြင်း မမှားစေရ တတ်သိခြင်း အမှန်ကျအောင် သတိသမ္ပဇဉ် ရှိရမည်။
၁၅။ စာပေကျမ်းဂန်၌ တတ်သိရုံမျှနှင့် ရောင့်ရဲမနေရ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။
၁၆။ သံသရာ၌ အသက်ရှည်ရန် မလိုအပ် သံသရာ သက်တိုရန်သာ လိုအပ်သည်။
၁၇။ ရှည်လျားသော တဏှာကိုဖြတ်၍ တိုပေးသော ပါရမီကို ဆက်ပေးရမည်။
၁၈။ မေ့နေလျှင် အဖန်တလဲလဲ သေရလိမ့်မည်။ မမေ့လျှင် နောက်ထပ် မသေရပြီ။
၁၉။ အဆက်မပြတ် ရှင်လျှက်ရှိသော အဝိဇ္ဇာတဏှာကို သေအောင်သတ် အမြဲသေ၍သာနေသော အသင်္ခတနိဗ္ဗာန်သို့ ရောက်အောင် ကပ်ရမည်။
၂၀။ သင်္ခါရအလုံးစုံ၌ စွဲလမ်းသော ဥပါဒါန်ကိုဖြတ် သင်္ခါရဟူသမျှကို စွန့်လွတ်နိုင်မှ အနုပါဒိသေသ နိဗ္ဗာန်သို့ရောက်မည်။
-----------------------------------
(ရဟန္တာသမုတ်ခံရသော လှေသင်းမင်းကျောင်း ဆရာတော်)

No comments:
Post a Comment