အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ
ဝီထိမုတ်ပိုင်း၊ ကမ္မစတုက္က, အကုသိုလ်ဝစီကံ ၄ ပါး၊ မနောကံ ၃ ပါး
ဝစီကံ ၄ ပါးတဲ့၊ ၀စီဆိုတာ နှုတ်၊ နှုတ်မှာဖြစ်တဲ့ ကံ ၄ ပါးတဲ့၊ ခုနကာယဒွါရပြောသလိုပဲ အခုလည်း ၀စီဒွါရလို့ ပြောရမယ်၊ ၀စီဒွါရဆိုတာ အမှန်တော့ စကားပေါ့၊
စကားပြောတဲ့အခါကျတော့ ခုန ၀စီဝီရိယဆိုတာ ရှိတယ်၊ အဲဒီ ၀ီရိယပါလို့ ကိုယ်ပြောတဲ့စကား သူနားလည်၊ သူပြောတဲ့စကား ကိုယ်နားလည်တာ၊ အဲဒီ ၀စီ ၀ီရိယကို ၀စီဒွါရလို့ခေါ်တယ်၊ အဲဒီ ၀စီဒွါရမှာ ဖြစ်တဲ့ကံကို ၀စီကံလို့ ခေါ်တယ်၊ လွယ်လွယ်မှတ်ထားရင်တော့ စကားနဲ့ ဖြစ်တဲ့ကံ၊ စကားပြောခြင်းဖြင့် ဖြစ်တဲ့ကံ၊ ပါးစပ်နဲ့ဖြစ်တဲ့ကံပေါ့လေ၊ ဒါကို ၀စီကံလို့ခေါ်တယ်။
ဒီမှာလည်းပဲ များသောအားဖြင့် ဖြစ်တယ်လို့ပဲ မှတ်ရမယ်၊ အနည်းအကျဉ်းအားဖြင့် ကာယကံမှာလည်း ဖြစ်လိမ့်ဦးမယ်၊ ၀စီကံ ၄ ပါးရှိတယ်၊ (၁) လိမ်လည်ပြောဆိုခြင်း၊ ပါဠိလို မုသာဝါဒ မဟုတ်မမှန်ပြောဆိုခြင်း၊ ကိုယ်ပြောတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို မဟုတ်ဘူးပေါ့၊ အဲသလို မဟုတ်မမှန်ပြောဆိုတာကို လိမ်လည်ပြောဆိုတယ်၊ ပါဠိလို မုသာဝါဒ။
မုသာ ဆိုတာ ပါဠိစကားလုံး၊ မှားယွင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ ၀ါဒ ဆိုတာက စကားပြောတာ၊ မှားယွင်းစွာပြောတာ၊ လိမ်လည်ပြောတာ၊ မဟုတ်မမှန်ပြောဆိုတာ၊ ဒါကို မုသာဝါဒလို့ခေါ်တယ်။
အဲဒီ မုသာဝါဒမှာ ကမ္မပထမြောက်တာ ကမ္မပထမြောက်တာကလည်း ရှိသေးတယ်၊ ကမ္မပထမြောက်တဲ့ မုသားက ဘယ်လိုဟာလဲဆိုတော့ အင်္ဂါနဲ့ပြည့်စုံရမယ်၊ ဘာလဲဆိုတော့ မဟုတ်မမှန်တဲ့ဝတ္ထုဖြစ်ရမယ်၊ ကိုယ်ပြောတာ မဟုတ်တာဖြစ်ရမယ်၊ ပြီးတော့ မှားယွင်းစေလိုတဲ့ စိတ်ရှိရမယ်၊ လူတစ်ဖက်သား အသိမှားသွားစေလိုတဲ့ စိတ်ရှိရမယ်၊ ပြီးတော့ အဲဒီစိတ်အားလျော်စွာ အဲဒီစေတနာအားလျော်စွာ ကိုယ်နှုတ်တို့ဖြင့် လုံ့လပြုတာလည်း ဖြစ်ရမယ်၊ အထူးသဖြင့် နှုတ်နဲ့ပေါ့၊ သူတစ်ပါး အသိမှားသွားတာလည်း ဖြစ်ရမယ်၊ အမှားကို အမှန်လို့သိရမယ်၊ အမှန်ကို အမှားလို့ သိရမယ်၊ အဲဒီလို အင်္ဂါနဲ့ ၄ပါပြည့်စုံရင် မုသာဝါဒ ဖြစ်တယ်၊ မုသာဝါဒ ကမ္မပထမြောက်ပြီး မပြည့်စုံရင် ကမ္မပထတော့မမြောက်ဘူး၊ ဒါပေမယ့် မုသာဝါဒတော့ ဖြစ်ဦးမှာပဲ၊ သူတစ်ပါးမယုံပေမယ့်လည်း လိမ်လည်တာတွေ ဖြစ်ဦးမှာပဲ။
ကောင်းပြီ၊ အဲဒီတော့ လိမ်လည်ပေမယ့်လည်း သူတစ်ပါးက မယုံဘူးတဲ့၊ ဒီလိုဆိုရင် ကမ္မပထမမြောက်ဘူးနော်၊ ယုံလည်းယုံတယ်၊ လိမ်ပြီးတော့ တစ်စုံတစ်ခုသော ကိစ္စအတွက် အကျိုးစီးပွားလည်း ပျက်တယ်ဆိုရင် ကမ္မပထမြောက်တယ်။
အဲဒီတော့ အမှန်အတိုင်းက သူတစ်ပါးအကျိုးစီးပွားပျက်မှ အပြစ်ကြီးတယ် ဆိုကြပါစို့၊ သူတစ်ပါးက မယုံဘူး၊ အကျိုးစီးပွား သိပ်မပျက်ဘူးဆိုရင် ဒီလောက် အပြစ်မကြီးဘူး၊ မဟုတ်မမှန် ပြောတာတော့ ပြောတာပေါ့၊ အခုခေတ်မှာ white lie ဆိုတာရှိတယ် မဟုတ်လား၊ သူတစ်ပါးစိတ်ချမ်းသာအောင် ပြောတာမျိုး ဘာမျိုးဟာ မုသာဝါဒတော့ မြောက်တယ်၊ ကမ္မပထမြောက်တဲ့ အပြစ်မကျူးဘူး။
အဲဒီတော့ တစ်ခါတလေ တဖက်သားလည်း စိတ်ချမ်းသာအောင် အလွန်အကျွံကြီးလည်း မုသားမဖြစ်အောင် ဆိုပြီးတော့ white lie ဆိုတာမျိုးလေးတွေ တစ်ခါတစ်ခါ သုံးကြရတယ်ပေါ့၊ ပြီးတော့ ကိုယ့်ပစ္စည်းလာရောင်းနေရင် ရှိလျက်နဲ့ မရှိဘူးလို့ ပြောလိုက်တယ်၊ အဲဒါမျိုးကတော့ အပြစ်မကြီးလှဘူးပေါ့၊ လိမ်တာတော့ လိမ်တာပဲ၊ ဘာကြောင့်လည်းဆို သူတစ်ပါးအကျိုးကို ပျက်စီးအောင် လုပ်တာ မဟုတ်တဲ့အတွက်ကြောင့်မို့ပေါ့၊ လိမ်တဲ့အခါမှာလည်း အလိမ်ခံရတဲ့သူရဲ့ သီလ အလိုက် အပြစ်အကြီး အသေးကလည်း ကွာသွားဦးမယ်ပေါ့၊ ဒါက လိမ်လည်ပြောဆိုခြင်းတဲ့။
ဝစီကံ ၄ ပါးတဲ့ မုသာဝါဒ၊ ပိသုဏာဝါစာ၊ ဖရုဿဝါစာ၊ သမ္ဖပ္ပလာပတဲ့၊ ၀စီဒုစရိုက် ၄ပါးလို့လည်း သုံးတယ်နော်၊ သူတို့ကို ဒုစရိုက်လို့ ခေါ်တယ်၊ ကာယဒုစရိုက် ၃ ပါး၊ ၀စီဒုစရိုက် ၄ ပါး။
အဲဒီ ၀စီ ၄ပါးက ၀စီ ၄ ရပ်လို့ခေါ်တဲ့ ၀စီဒွါရမှာ များသောအားဖြင့် ဖြစ်တတ်သောကြောင့် ၀စီကံလို့ ခေါ်တယ်၊ ကာယဒွါရမှာလည်း အနည်းငယ် ဖြစ်နိုင်သေးတယ်နော်။
နောက် မနောကံ ၃ပါးတဲ့၊ မနောဆိုတာ စိတ်၊ ဒီနေရာမှာတော့ မနောအရ အကုသိုလ်စိတ်ပေါ့၊ မနောဒွါရဖြစ်တဲ့ ကံ ၃ပါး ရှိတယ်၊ သူ့ကျတော့ ကာယကံ ၀စီကံ မပါတော့ဘူး၊ ကာယဒွါရမှာ မဟုတ်တော့ဘူး၊ ၀စီဒွါရမှာ မဟုတ်တော့ဘူး၊ မနောဒွါရမှာသာ စိတ်ထဲမှာသာ ဖြစ်တယ်။
သူ့အကြောင်းပြုပြီးတော့ ကာယကံ ၀စီကံဖြစ်နိုင်တာပေါ့၊ သို့သော် သူ့အတွက် သက်သက်ကတော့ စိတ်ထဲမှာသာ ဖြစ်နိုင်တယ်၊ အဲဒီ မနောကံက ၃ပါးတဲ့။
ပထမဟာက အဘိဇ္ဈာတဲ့၊ အဘိဇ္ဈာဆိုတာ မြန်မာစကားလုံးလိုတောင်ဖြစ်နေပြီ၊ အဘိဇ္ဈာအားကြီးတယ်၊ ဘာတယ်နဲ့ ပြောလေ့ရှိတယ်၊ အဘိဇ္ဈာဆိုတာ သူတစ်ပါးစည်းစိမ်ကို မတရားယူလိုမှုတဲ့၊ သူတပါးစည်းစိမ်ကို မြင်တဲ့အခါ ကျတော့ သူတပါးပစ္စည်းကို ငါ့ပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့ အဲဒီလို မတရားယူချင်တယ်၊ သာမန်တောင်မဟုတ်ဘူးး၊ တကယ့်ကို လိုချင်တယ်၊ အဲဒီလိုဟာကို အဘိဇ္ဈာလို့ ခေါ်တယ်။
ဗျာပါဒ၊ ဗျာပါဒဆိုတာ သူတစ်ပါးပျက်စီးသေစေရန် ကြံစည်မှုတဲ့၊ သူတစ်ပါး ပျက်စီးအောင်ကြံစည်တာ၊ အဲဒါကို ဗျာပါဒခေါ်တယ်၊ ဗျာပါဒမှာ ဒေါသပါတယ်။
အဘိဇ္ဈာရဲ့အင်္ဂါကတော့ သူတပါးဥစ္စာဖြစ်ခြင်းအပေါ် မိမိဥစ္စာဖြစ်လိုခြင်း၊ အခုဗျာပါဒကျတော့ ဒေါသထွက်စရာ သတ္တ၀ါဖြစ်စရာဖြစ်ခြင်းရယ်၊ သူ့ရဲ့ပျက်စီးမှုကို ကြံစည်ခြင်းရယ်၊ အဲဒါ ဗျာပါဒတဲ့။
(၃) မိစ္ဆာဒိဋ္ဌိ အယူမှားမှုတဲ့၊ မှားသောအယူရှိတဲ့အခါ ဗုဒ္ဓဘာသာအနေနဲ့ ဗုဒ္ဓဘာသာဘက်က ကြည့်ပြီး မှားတယ်လို့ ဆိုရမှာပေါ့လေ၊ မှားသောအယူ။
မှားသောအယူဆိုတာ ဘယ်လိုဟာတွေတုန်းတဲ့၊ လောကမှာ တွေ့မြင်နေတဲ့ အရာဝတ္ထုတွေ ပုဂ္ဂိုလ်သတ္တ၀ါတွေ မြဲတယ်လို့ ယူတာမျိုး၊ ချမ်းသာတယ်လို့ ယူတာမျိုး၊ အတ္တလို့ဆိုတဲ့အသက်ကောင် ၀ိညာဉ်ကောင်လေး ရှိတယ်လို့ ယူတာမျိုး စသည်ပေါ့၊ အဲသလို ယူတာမျိုးကို မိစ္ဆာဒိဋ္ဌိ ခေါ်တယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် ဆိုတဲ့ ခန္ဓာငါးပါးကို အတ္တလို့ စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိမျိုး၊ တခြားအယူမှားတာတွေ မှန်သမျှကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ်။
အဲဒီတော့ မိစ္ဆာဒိဋ္ဌိဆိုတာ စိတ်ပိုင်းတုန်းက ဒိဋ္ဌိဂတ သမ္ပယုတ္တ၊ မိစ္ဆာဒိဋ္ဌိနဲ့ယှဉ်တယ်ဆိုတာ ပြောခဲ့တယ်၊ ပြီးတော့ ကံ ကံ၏အကျိုး မရှိဘူး၊ ဒါတွေလည်း လာလိမ့်မယ်။
ကောင်းပြီ၊ အဲဒီမိစ္ဆာဒိဋ္ဌိက အမျိုးမျိုးရှိသော်လည်းပဲ ဒီမှာ အရေးတကြီးမှတ်ဖို့က ၃ ခု ရှိတယ်။
ပထမ နတ္ထိက ဒိဋ္ဌိတဲ့၊ ဒုတိယ အဟေတုက ဒိဋ္ဌိ၊ တတိယက အကိရိယ ဒိဋ္ဌိ။
နတ္ထိကဒိဋ္ဌိဟာ အကျိုးကို တားမြစ်တယ်ူ၊ အကျိုးကို ပယ်တယ်၊ အကျိုးမရှိဘူးတဲ့၊ မင်းလုပ်သမျှဟာတွေ အကျိုးဘာမှ မရဘူးလို့ အဲသလို အကျိုးကိုပယ်တဲ့ ဒိဋ္ဌိမျိုးကို နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်။
ဘာလုပ်လုပ်အကျိုးမရှိဘူး၊ ကောင်းတာလုပ်လည်း ကောင်းကျိုးမရှိဘူး၊ မကောင်းတာလုပ်လည်းး မကောင်းကျိုးမရှိဘူး၊ အဲသလိုပြောတဲ့ ဒိဋ္ဌိမျိုးကို နတ္ထိကဒိဋ္ဌိတဲ့။
ကောင်းမှု မကောင်းမှုတို့ရဲ့ အကျိုးပေး အကျိုးဆက်ဆိုတာ မရှိဘူး။
အမေဆိုတာလည်း မရှိဘူးး၊ အမေ့ဂုဏ်ကျေးဇူးတွေ ဘာတွေလည်း မရှိဘူး။
အဖေဆိုတာလည်းမရှိဘူး။
ဒီလောက နောက်လောကကို ကိုယ်တိုင်သိပြီး ပြောဟောနိုင်တယ်ဆိုတဲ့ ရဟန်း၊ ပညာရှိ၊ ပုဏ္ဏားတို့ ဆိုတာလည်း မရှိဘူးတဲ့ဆိုတော့ မြတ်စွာဘုရားဟာ ဒီဘ၀နောက်ဘ၀တွေကို သိပြီး ဟောပြောတယ် ဆိုတာလည်း မယုံဘူးပေါ့။
အခုခေတ်ဆိုရင် ရုပ်ဝါဒသမားတွေမှာ ဒီအယူရှိတယ်ပေါ့၊ ကောင်းတာလုပ်လည်းပဲ အရေးမကြီးဘူး၊ မကောင်းတာလုပ်လည်းပဲ အရေးမကြီးဘူး၊ ဒါဟာ နတ္ထိက ဒိဋ္ဌိတဲ့။
ဒါကြောင့် နတ္ထိကဒိဋ္ဌိဟာ ဘယ်လိုပယ်သလဲလို့ပြောရင် အကျိုးဝိပါက်ကို ပယ်တယ်၊ အကျိုးကိုပယ်ရင်း အကြောင်းကိုလည်း ပယ်ရာရောက်တာပဲ၊ အကျိုးမရှိဘူးဆိုရင် အကြောင်းလည်းမရှိဘူးဆိုရာရောက်တော့ အမှန်ကတော့ နှစ်ခုလုံး ပယ်ရာရောက်တာပဲ၊ သို့သော် ပဓာနအားဖြင့်တော့ သူက အကျိုးကိုပယ်တယ်။
အဟေတုက ဒိဋ္ဌိက အကြောင်းလည်း မရှိဘူး၊ အကျိုးလည်း မရှိဘူး၊ နှစ်ခုစလုံးပယ်တာ။
သတ္တ၀ါတွေ ဖြစ်လာဖို့ရာအကြောင်း မရှိဘူး၊ သတ္တ၀ါတွေ ညစ်နွမ်းဖို့လည်း အကြောင်းလည်းမရှိဘူး၊ အကြောင်းမရှိပဲနဲ့လည်း သတ္တ၀ါတွေ ဖြစ်လာရတယ်၊ ဒီလို ယူဆတာမျိုးကို အဟေတုက ဒိဋ္ဌိလို့ ခေါ်တယ်။
ဒါဖြင့် စိတ်ဓာတ်စင်ကြယ်ဖို့ရန် ကမ္မဋ္ဌာန်းထိုင်ဖို့လည်း မလိုဘူးး၊ စိတ်ဓာတ် ညစ်နွမ်းဖို့ရန် ဘာမှလည်း လုပ်နေစရာမလိုဘူး၊ အကြောင်းမဲ့ပဲ စိတ်ဓာတ်ညစ်နွမ်းမှု ဖြစ်မယ်၊ အကြောင်းမဲ့ပဲ စိတ်ဓာတ်စင်ကြယ်မှု ဖြစ်မယ်ပေါ့လေ။
အကြောင်းမရှိပဲ အထောက်အပံ့မရှိပဲ လူတွေဟာ စင်ကြယ်သွားမယ်၊ ညစ်နွမ်းသွားမယ်၊ အဲဒီလို ယူဆတဲ့ အယူမျိုးကို အဟေတုကဒိဋ္ဌိတဲ့၊။
ဟေတုဆိုတာ အကြောင်းမဲ့၊ အဟေတုဆိုတာ အကြောင်းမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ၊ သို့သော် ဒီနေရာမှာ အဟေတုက ဒိဋ္ဌိက အကြောင်းကော အကျိုးပါ မရှိဘူးလို့ ယူဆတဲ့ ဒိဋ္ဌိပဲ၊ ဒီဒိဋ္ဌိမျိုး ယူခဲ့တဲ့ ဒိဋ္ဌိဆရာကြီးတွေ မြတ်စွာဘုရားလက်ထက်မှာလည်း ရှိခဲ့ပါတယ်၊ ဒီမှာလည်းပဲ အကြောင်းရော အကျိုးရော မရှိဘူးလို့ ပယ်တာနဲ့ အတူတူပါပဲ။
ကောင်းပြီ၊ နောက်တစ်ခုက ဘာလဲ၊ အကိရိယဒိဋ္ဌိတဲ့၊ အကိရိယဒိဋ္ဌိဆိုတာ အ ကံဆိုတော့ ကံကိုပယ်တယ်ပေါ့၊ ဘာလုပ်လုပ် ကံမဖြစ်ဘူးး၊ အကုသိုလ်လုပ်လည်း အကုသိုလ်ကံကတော့ မဖြစ်နိုင်ဘူး၊ ကုသိုလ်လုပ်လည်း ကုသိုလ်ကံ မဖြစ်နိုင်ဘူး၊ ဒီလိုကောင်းမှုပြုသော်လည်း ကောင်းမှုမဖြစ်ဘူး၊ မကောင်းမှုပြုသော်လည်း မကောင်းမှု မဖြစ်နိုင်ဘူးလို့ ယူတဲ့ အယူဝါဒမျိုးကို အကိရိယဒိဋ္ဌိ။
ဒီမှာလည်းပဲ အကြောင်းမရှိဘူးလို့ပယ်ရင် အကျိုး(တကယ်ကတော့)မရှိဘူး ဆိုတာနဲ့ အတူတူပါပဲ၊ ဒါကြောင့်မို့ ဒီမှာလည်း အကိရိယဒိဋ္ဌိက အကြောင်းရော အကျိုးရော ပယ်တာပါပဲ။
အဲဒီတော့ ဒိဋ္ဌိ ၃ ခုလုံးဟာ အကြောင်းရော အကျိုးရော ပယ်တာချည်းပဲ၊ သို့သော် ပဓာနအားဖြင့် ပြောမယ်ဆိုရင် နတ္ထိကဒိဋ္ဌိက အကျိုးပယ်တယ်၊ အဟေတုကဒိဋ္ဌိက အကြောင်းအကျိုးနှစ်မျိုးလုံးပယ်တယ်၊ အကိရိယဒိဋ္ဌိက ကံအကြောင်းကို ပယ်တယ်လို့ ဒီလိုဆိုရတယ်။
ကောင်းပြီ၊ အကုသလကမ္မပထတရား ၁၀ပါး၊ ကာယကံ ၃ပါး၊ ၀စီကံ ၄ ပါး၊ မနောကံ ၃ ပါး၊ ဒါကို ကောင်းကောင်းမှတ်မိအောင် ကြိုးစားကြ၊ ဒုစရိုက် ၁၀ပါး ဆိုတာလည်း ဒါပဲ၊ အလကားနေရင်း ဒုစရိုက်၊ ဒုစရိုက်ပြောပြောနေတယ်၊ ဒုစရိုက်ဘာလဲဆိုရင် မပြောတတ်ကြဘူးး။
ကောင်းပြီ၊ အကုသလကမ္မပထတရား ၁၀ပါး၊ ကာယကံ ၃ပါး၊ ၀စီကံ ၄ပါး၊ မနောကံ ၃ပါး။ အဲဒီ ကံ ၁၀ပါးမှာ ဘယ်ကံဟာ ဘာအခြေခံဖြစ်သလဲဆိုတော့ သူ့အသက်သတ်ခြင်းဟာ ဒေါသ အခြေခံပြီးတော့ ဖြစ်တယ်၊ သူ့ဥစ္စာခိုးတာက လောဘ၊ ဒေါသ၊ တစ်ခါတလေ အမြင်ကတ်လို့ သူဥစ္စာခိုးတာလည်း ရှိသေးတာကိုး၊ အထူးသဖြင့် တန်ဆောင်မုန်းလဆိုရင် ဟိုအိမ်ကဟာ ဒီအိမ်ရွှေ့နဲ့။
ကာမဂုဏ်တို့ဖြင့် မှားယွင်းစွာကျင့်ခြင်း၊ ဒါကတော့ အကြောင်းထင်ရှားတယ်၊ လောဘကြောင့်ပဲလိမ်ပြောတာ၊
လောဘကြောင့်လည်း လိမ်တယ်၊ ဒေါသကြောင့်လည်း လိမ်တယ်၊ ကုန်းတိုက်တာအတူတူပဲ၊ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကြောင့်ပေါ့၊ သိမ်ဖျင်းတဲ့စကား ပြောဆိုတာဟာ လောဘကြောင့်လည်း ပြောနိုင်တယ်၊
ဒေါသကြောင့်လည်း ပြောနိုင်တယ်၊ အဘိဇ္ဈာ၊ လောဘသေချာတယ်၊ ဗျာပါဒ ဒေါသသေချာတယ်၊ မိစ္ဆာဒိဋ္ဌိ၊ လောဘကြောင့် ဒါက အခြေခံတာကို ပြောပြတာ။
ကောင်းပြီ၊ အကုသလကမ္မပထတရား ၁၀ ပါးကို နားလည်သွားပြီ၊ ဒီ ၁၀ ပါးထဲမှာ အရက်သောက်တာပါတာ မတွေ့ဘူး၊ မပါဘူး၊ ဒါဖြင့် အရက်သောက်တာ ဒုစရိုက် မဟုတ်ဘူးလို့ တချို့က အဲသလို စကားကပ်တာပေါ့၊ အကုသလကမ္မပထတရား ၁၀ ပါးထဲ အရက်သောက်တာမပါလို့ ကိစ္စမရှိဘူးပေါ့။
အဲဒီတော့ အရက်သောက်တယ်ဆိုတာ ရသတဏှာ မဟုတ်ဘူးလား၊ အရသာတည်းဟူသော ကာမဂုဏ်မှာ မှားယွင်းစွာကျင့်တာ၊ အရသာကို အလွဲသုံးစားကျင့်တာ၊ ဒါကြောင့်မို့ အရက်သောက်ခြင်းသည်လည်း တတိယကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းဆိုတဲ့ ကာမေသုမိစ္ဆာစာရထဲမှာ ထည့်ပြီးတော့ ယူရမယ်လို့ ကျမ်းဂန်တွေမှာ ဆိုတယ်။
အရက်သောက်တာဟာ ကမ္မပထမြောက်သလား၊ မမြောက်ဘူးလား ဆိုတာမှာ အယူအမျိုးမျိုးရှိတယ်၊ အချို့ကလည်း အရက်သောက်ရင် ကမ္မပထမြောက်တယ်၊ တချို့ကလည်း အရက်သောက်တာ ကမ္မပထမမြောက်ဘူး၊ ဒီလိုဆိုတယ်။
အဲဒီတော့ မဟာဂန္ဓာရုံဆရာတော်ရေးတဲ့ ကျမ်းစာအရ ပြောရမယ်ဆိုရင် ဆရာတော်က တော့ ကမ္မပထမမြောက်ဘူးဆိုတဲ့ဘက်က သူကနေတယ်၊ ဒါက ကျမ်းဂန်တွေကြည့်ပြီးဆိုရတာ။
အဲဒီတော့ ကမ္မပထမမြောက်ပေမယ်လို့ အပြစ်ကြီး မကြီးကျတော့ တစ်မျိုးစီ သွားလိမ့်မယ်၊ တစ်ခါတလေ ကမ္မပထမမြောက်ပဲနဲ့ အပြစ်ကြီးနေတာရှိတယ်၊ တစ်ခါတလေ ကမ္မပထမြောက်ပြီး အပြစ်မကြီးတာလည်း ရှိတယ်၊ ဒါကြောင့် ဒီမှာလည်း နှိုင်းချိန်ပြီး ယူရမယ်တဲ့။
အဲဒီတော့ အရက်ကို ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် သောက်မိရင် မူးယစ်လာမယ်၊ ရီဝေလာမယ်၊ အဲဒီအခါမှာ ကုသိုလ်စိတ်ဖြစ်ဖို့ အလွန်ခဲယဉ်းတယ်၊ အဘိဓမ္မာသဘောအရ စဉ်းစားကြည့်၊ မောဟ ဖုံးလွှမ်းလာတယ်၊ အဲသလို မောဟနဲ့ယှဉ်တဲ့စိတ် အဖြစ်များလာတော့ အကုသိုလ်စိတ်ပဲ ဖြစ်နိုင်တော့တယ်။
သုရာမေရယ မစ္ဆာပမာဒဋ္ဌာန ပမာဒဆိုတာ မေ့လျော့ခြင်း၊ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၊ ဌာနဆိုတာက အကြောင်း။
အဲဒါကြောင့်မို့ ငါက အရက်သောက်ရုံသေက်တာပါ၊ အရက်သောက်ပြီး အိပ်တာပါပဲ၊ ဘာမှမလုပ်ပါဘူး ဆိုပေမယ်လို့ အပြစ်ကတော့ ရှိသလောက် ရှိတာပါပဲ၊ အပြစ်ကြီးသလားဆိုတော့ ကြီးမယ်တော့ မဟုတ်ပေဘူး၊ သီလအနေနဲ့ ငါးပါးသီလ ယူထားရင်တော့ ပျက်မှာပဲ၊ အရက်သောက်တာကိုး။
သောက်ပြီးတော့ ဒုစရိုက်မှုတွေ ဆက်လုပ်မယ်ဆိုရင် ဒုစရိုက်လုပ်လို့ အကျိုးပေးနိုင်မယ့် အကုသိုလ်တွေရအောင် သူက အခြေခံလုပ်ပေးတာ၊ အထောက်အပံ့လုပ်ပေးတဲ့အတွက်ကြောင့် သူလည်းပဲဆိုးတာပဲ။
ဒါကြောင့်မို့ အကောင်းဆုံးကတော့ ရှောင်နိုင်တာဟာ အကောင်းဆုံးပဲ၊ မရှောင်နိုင်လို့ သောက်မိရင်တော့ သီလကတော့ ပျက်တာပဲ၊ သူချည်းသက်သက်က အပါယ်ကျချင်မှကျမယ်၊ ဒါပေမယ့် စွဲစွဲလန်းလန်း ဖြစ်လာရင် သောက်လာရင်တော့ မြတ်စွာဘုရားဟော
တဲ့အတိုင်းကျမှာပဲ။
ဒါကြောင့်မို့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကျင့်မယ့်ပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ အရက်လည်းပဲ ရှောင်သင့်တယ်၊ အကုသလကမ္မပထတရား ၁၀ပါးကိုဆိုလည်း အတတ်နိုင်ဆုံး ရှောင်သင့်တယ်။
အဲဒီ အကုသလကမ္မပထတရား ၁၀ပါးကို အဘိဓမ္မာသဘောတရားအရ ပြောမယ်ဆိုရင်တော့ ဒါဟာ အကုသိုလ်စိတ် ၁၂ပါးပါ။ အကုသိုလ်စိတ် ၁၂ပါးထဲက တစ်ပါးပါးနဲ့ ပြုလုပ်ရတယ်၊ ပါဏာတိပါတဆိုရင် ဒေါသမူစိတ်နဲ့ပြုလုပ်လိမ့်မယ်၊ အဒိန္နာဒါနဆိုရင် လောဘမူစိတ်နဲ့ ပြုလုပ်လိမ့်မယ်၊ အဲသလိုပေါ့။
ကာမေသုမိစ္ဆာစာရဆိုရင် လောဘမူနဲ့လည်း ဖြစ်နိုင်တယ်၊ ဒေါသနဲ့
လည်းဖြစ်ချင်ဖြစ်နိုင်တယ်ပေါ့။
အဲသလို စိတ်တို့အနေနဲ့ပြောမယ်ဆိုရင် အကုသလကမ္မပထတရား ၁၀ပါးဟာ အကုသိုလ်စိတ် ၁၂ ပါးပဲ၊ အဲဒါက အကုသိုလ်။
အဲဒီအကုသလကမ္မပထတရား ၁၀ပါးကို ထပ်ပြီးမြောက်ပွားပြီးတော့ ၄၀ လုပ်တယ် ဆိုတာလည်း ရှိသေးတယ်၊ ၄၀ ဆိုတာ အမျိုးမျိုးပေါ့၊ ကာယကံ၊ ၀စီကံ၊ မနောကံရှိတယ်မဟုတ်လား၊ အဲဒီမှာ ဆိုပါတော့ မြောက်ပွားတဲ့အခါ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာနဲ့ မြောက်ရင် ၃၀ ဖြစ်တယ်။
ပုဗ္ဗစေတနာက မလုပ်မီစေတနာ၊ မုဉ္စဆိုတာက လုပ်ဆဲစေတနာ၊ အပရစေတနာဆိုတာက လုပ်ပြီးစေတနာ၊ အဲဒီလို မြောက်ရုံနဲ့ ၃၀ ဖြစ်တယ်တဲ့။
နောက်တစ်နည်းကတော့ ကိုယ်တိုင်တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ ပွာပြန်မူ၊ မှတ်ယူလေးဆယ်ကံ တဲ့၊ လယ်တီဆရာတော်ရေးထားတာ။
ကိုယ်တိုင်ပြုခြင်းတဲ့၊ ပါဏာတိပါတကံဖြစ်တဲ့သူများ အသက်သတ်တာကောင်းတယ်ဟေ့၊ သူ့ဥစ္စာခိုးတာကောင်းတယ်ဟေ့လို့ ဒီလိုတိုက်တွန်းတာ၊ ကိုယ်တိုင်ပြုတာရယ်၊ သူများကို တိုက်တွန်းစေခိုင်းတာရယ်၊ ချီးမွမ်းတယ်ဆိုတာက သူများပြုလုပ်ချင်လာအောင် ပြောပြတာ၊ စိတ်တူတယ်ဆိုတာက သူများက ဒီကိစ္စလုပ်တော့မယ် လာပြောရင် သဘောတူလိုက်တယ်၊ အဲသလို အကုသိုလ်ကမ္မပထတရား ၁၀ပါးကို ၄ မျိုးနဲ့ မြှောက်ရင် ၄၀ ဖြစ်နိုင်တာပဲတဲ့၊ အကုသိုလ်အမျိုးမျိုးကို ခွဲခြားရေတွက် ပြတာ ဒုစရိုက်အမျိုးမျိုး ရှိတဲ့အကြောင်းပေါ့။
အဲသလို ဒုစရိုက်အမျိုးမျိုးရှိရာမှာ ပါဏာတိပါတရယ်၊ ဖရုဿဝါစာရယ်၊ ဗျာပါဒရယ်၊ ဒီ ၃ ခုက ဒေါသမူလကြောင့်ဖြစ်တယ်။
ကာမေသုမိစ္ဆာစာရရယ်၊ အဘိဇ္ဈာရယ်၊ မိစ္ဆာဒိဋ္ဌိရယ်၊ သူက လောဘမူလရှိတဲ့စိတ်ကြောင့် ဖြစ်တယ်၊ ကျန်တာတွေကတော့ ၂ မျိုးလုံးကြောင့်ဖြစ်တယ်၊ စိတ်တို့ အမြင်အားဖြင့် ပြောမယ်ဆိုရင် ဒါတွေဟာ အကုသိုလ် ၁၂ပါးပဲ။
ကောင်းပြီ၊ ဒါက အကုသိုလ်ကံ။ နောက်တစ်ခု ကာမာဝစရကုသိုလ်ကံကို သွားကြစို့။
ဆက်လက်ဖော်ပြပေးပါမည်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
TNO
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:420977
No comments:
Post a Comment