Pages

Thursday, April 10, 2014

*** ဓမ္မစကြာတရား ဟောတော်မူပုံ ( အကျင့်သိက္ခာ ၃-ပါး ) ***

Photo: ဓမ္မစကြာတရား ဟောတော်မူပုံ
~~~~~~~~~~~~~~~~

ယမန်နေ့မှအဆက်(13.3.2014)

အကျင့်သိက္ခာ ၃-ပါး။  ။

မှန်၏။ မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသမျှ တရားတော်စကားများသည် သီလ သမာဓိ ပညာ ဟူသော သိက္ခာ ၃-ပါးခေါ် သာသနာ ၃-ပါး ၌သာ အကျုံးဝင်ပေသည်။ မြတ်စွာ ဘုရား၏ တရားတော်မှန်လျှင် ယင်းသိက္ခာသာသနာ ၃-ပါးမှ လွတ်သည်ဟူ၍ မရှိချေ။ 
ဤမဇ္ဈိမပဋိပဒါ=အလယ်လမ်း အကျင့် ၈-ပါးသည်လည်း သိက္ခာ ၃-ပါးသာလျှင် ဖြစ်တော့သည်။ ထင်ရှားစေအံ့။

သမ္မာဝါစာ= မှန်ကန်စွာ ပြောဆိုခြင်း

သမ္မာကမ္မန္တ= မှန်ကန်စွာ ပြုလုပ်ခြင်း

သမ္မာအာဇီဝ=မှန်ကန်စွာ အသက်မွေးခြင်း-  
တို့သည်  သီလသာသနာ သီလသိက္ခာများ ဖြစ်သည်။

သမ္မဝါယာမ=မှန်ကန်စွာ ကြိုးစားအားထုတ်ခြင်း

သမ္မာသတိ=မှန်ကန်စွာ အောက်မေ့ခြင်း

သမ္မာသမာဓိ=မှန်ကန်စွာ တည်ကြည်ခြင်း-
တို့သည် သမာဓိသာသနာ သမာဓိသိက္ခာများ ဖြစ်သည်။

သမ္မာဒိဋ္ဌိ=မှန်ကန်စွာ သိမြင်ခြင်း

သမ္မာသင်္ကပ္ပ=မှန်ကန်စွာ ကြံစည်ခြင်း-
တို့သည် ပညာသာသနာ ပညာသိက္ခာများ ဖြစ်သည်။

ဤသို့ အလယ်လမ်းအကျင့် မဇ္ဈိမပဋိပဒါ ၈-ပါးတို့သည် သီလ သမာဓိ ပညာ သိက္ခာ ၃-ပါး သာသနာ သုံးပါ၌ အကျုံးဝင်လေသည်။
မြတ်စွာဘုရား၏ တရားတော်ဟူသမျှသည်လည်း သိက္ခာ -၃ ပါး သာသနာ၃-ပါးသာလျှင် ဖြစ်သောကြောင့် ဗုဒ္ဓ၏ တရားဦးဖြစ်သည့် ဓမ္မစကြာဒေသနာဖြင့် နောက်ဆက်လက်၍ ဟောတော်မူလတ္တံ့သော ပိဋက ၃-ဖြာ သုတ် ဝိနည်း အဘိဓမ္မာ တရားတော်တို့၏ ပန္နက်သံရိုက် အခြေခံအုတ်မြစ်ချလိုက်ခြင်း ဖြစ်ပေတော့သည်။
ယင်းသို့ မြတ်ဗုဒ္ဓဘုရားရှင်သည် ကိုယ်တိုင်ကျင့်ကြံ သိမြင်တော်မူခဲ့သည့်အတိုင်း ပယ်ရှားရမည့် အစွန်းတရား ၂-ပါး ကိုလည်းကောင်း, ကျင့်ကြံရမည့် အလယ်လမ်း တရားကို လည်းကောင်း ဝေဖန်ဟောကြား တော်မူပြီးလျှင် အလယ်လမ်း အကျင့်တရား ၈-ပါးတွင် ပါဝင်သည့် မှန်ကန်စွာ သိမြင်ခြင်း- သမ္မာဒိဋ္ဌိမဂ္ဂင်တရားဖြင့် သိမြင်သောအမှန်တရား ၄-ပါး (သစ္စာ ၄-ပါး) ကို "ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံအရိယ သစ္စံ" စသည်ဖြင့် ဟောကြားတော် မူသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် ဤသစ္စာ ၄-ပါး အမှန်တရားကိုလည်း မိမိကိုယ်တော်တိုင် မဂ်ဥာဏ် ၄-ပါး ဖြင့် ထိုးထွင်းသိမြင်တော်မူ ခဲ့သည်။

သစ္စာလေးပါး အမှန်တရားကို ဟောတော်မူပြီးလျှင် ယင်းသစ္စာလေးပါး၌-
၁။ ဤတရားကား မှန်ကန်သည့် သစ္စုာတရားဖြစ်သည်ဟု သိသော သစ္စဥာဏ်။

၂။ ဤတရားကား သိရမည် ပယ်ရမည် ဆိုက်ရောက်ရမည် ပွားများရမည် ဟူ၍ ပြုလုပ်ရမည် ဟူ၍ ပြုလုပ်ရမည့် ကိစ္စကို သိသော ကိစ္စဥာဏ်။

၃။ ဤတရားကို သိပြီးပြီ ပယ်ပြီးပြီ ဆိုက်ရောက်ပြီးပြီ ပွားများပြီးပြီ ဟူ၍ ပြုလုပ်ပြီးသည်ကို သိသော ကတဥာဏ်အားဖြင့် ဥာဏ် ၃-ပါးဖြင့် သိမြင်မှ အမြင်ဓာတ် အသိဓာတ် ပညာဓာတ်   ဝိဇ္ဇာဓာတ်  အလင်းဓာတ် ဖြစ်ပေါ်လာကြောင်းကို-
"ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ" - စသည်ဖြင့် ဟောကြားတော်မူသည်။ 

သစ္စာလေးပါးရှိရာတွင် တစ်ပါး တစ်ပါး၌ သစ္စဥာဏ်, ကိစ္စဥာဏ်,ကတဥာဏ် ဟု ဥာဏ် ၃-ပါးစီဖြစ်ရာ ပေါင်းအခြင်းအရာ ၁၂-ပါးဖြစ်သည်။ ယင်းဥာဏ် ၃-ကြိမ်စီ အခြင်းအရာ၁၂-ပါးဖြင့် သစ္စာလေးပါးကို မသိလျှင် "ဘုရား" ဟု ဝန်မခံနိုင် သိမှသာ ဝန်ခံနိုင်ကြောင်းကို- 
"ယာဝ ကီဝဉ္စ မေ ဘိက္ခဝေ "
စသည်ဖြင့် ဟောကြားတော်မူသည်။

ထို့နောက်မှ ဆက်လက်၍ ထိုသို့သိခြင်းကြောင့်-

ငါ့အား ဥာဏ်အမြင် ထင်ရှားခဲ့လေပြီ
(ဥာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ)

ငါ၏ လွတ်မြောက်ခြင်းသည် မပျက်စီးနိုင်တော့ပြီ
(အကုပ္ပါ မေ ဝိမုတ္တိ)

ငါ၏ ဤဘဝဖြစ်ခြင်းသည် နောက်ဆုံးပေတည်း
(အယမန္တိမာ ဇာတိ)

နောက် တစ်ဖန် ဘဝဖြစ်ရန် မရှိတော့ပြီ။
(နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ) -ဟု ကြုံးဝါး ဟောကြား တော်မူသည်။

ယင်းသို့ ဟောကြားတော်မူသည် ကို ပဉ္စဝဂ္ဂီတို့ နှစ်ထောင်းအားရ လက်ခံကြသည်။ ထိုငါးပါးတွင် အရှင်ကောဏ္ဍညသည် "ယံ ကိဉ္စ သမုဒယဓမ္မံ သဗ္ဗံတံ နိရောဓဓမ္မံ= ဖြစ်ပေါ်သမျှ ချုပ်ပျက်ရမည်" ဟု တရားမျက်စိအမြင့် ဖြစ်ပေါ်လာခဲ့လေသည်။ 
ထိုအခါ မြေပြင်၌ တည်သော နတ်မှစ၍ ကောင်းကင်၌ တည်သည့် နတ်ဗြဟ္မာတို့ အဆင့်ဆင့် တစ်ပြိုင်နက် ကောင်းချီးပေးကြသည်။

မြတ်ဗုဒ္ဓဘုရားရှင်သည်လည်း "ကောဏ္ဍည တရားသိမြင်ပြီ ကောဏ္ဍည တရားသိမြင်ပြီ" ဟု ဥဒါန်းကျူးတော်မူသည်။
အရှင် ကောဏ္ဍညသည်လည်း တရားကိုသိမြင်ပြီဖြစ်သောကြာင့် မြတ်စွာဘုရားထံ ရဟန်းပြုခွင့်တောင်းသည်။
မြတ်စွာဘုရားကလည်း "ဧဟိ ဘိက္ခူ= ရဟန်း လာလော့ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းစေရန် ငါဘုရားဟောသည့်တရားကို ကျင့်လော့" ဟု မိန့်ကြားတော်မူလေသည်။

ဤသို့လျှင် မြတ်ဗုဒ္ဓဘုရားရှင်သည်- 
ပြောဆိုမိန်ကြားသည့်အတိုင်း လုပ်၍ 
လုပ်ဆောင်ကျင့်ကြံသည့် အတိုင်း ပြောဆို မိန့်ကြားသောကြောင့် 
"တထာဂတ" ဂုဏ်တော်ကို ရှိတော်မူကြောင်း ထင်ရှားသိသာလှပေ၏။

(ပြီးဆုံးပါပြီ)

ကူယူမျှဝေခြင်းဖြင့် ဤတရားတော်မြတ်အား ပူဇော်ပါ၏။

ဓမ္မစကြာတရား ဟောတော်မူပုံ

No comments:

Post a Comment