Pages

Thursday, April 3, 2014

*** တဏှာသိမ်း ငြိမ်းအေးနိဗ္ဗာန်ပါ။ ****

★ ခန္ဓာငါးပါး တရားဓမ္မာ
သူ့လမ်းသူသွား ကားရထားပမာ
မသိတတ်လို့ ငြိကပ် တဏှာ
တဏှာငြိ ဖြစ်၏ဒုက္ခသာ။
ခန္ဓာငါးပါး တရားဓမ္မာ
သူ့လမ်းသူသွား ကားရထားပမာ
သိတတ်ကြက မငြိ တဏှာ
တဏှာသိမ်း ငြိမ်းအေးနိဗ္ဗာန်ပါ။



★ ခြေအစ ခေါင်းအဆုံး ၊ ရုပ်တုံးခန္ဓာ
အိုလမ်း၊နာလမ်း၊သေလမ်း ကိုသာ
နေ့စဉ်ရက်ဆက်၊ သွားလျက်နေတာ
မသိကြ ခုဘဝ ရှုံးဦးမှာ ။

★ သူ့လမ်းသူသွား တရားဓမ္မာ ၊
ငါသူစွဲလို့ ဆင်းရဲဒုက္ခာ ၊
စွဲ မဆုံး လယ်ဦး သံသရာ ။
သူ့လမ်းသူသွား တရားဖာသာ ၊
ငါသူ မစွဲ ဆင်းရဲလွတ်တာ၊
လွတ်ရာဥာဏ်ပြောင်း၊
လွတ်ကြောင်းမှန်စွာ
တကယ်ပါ့ လွတ်ရ သံသရာ ။

★ လက်ရှိ ခန္ဓာ အငှားနွားပမာ
သုံးစရာရှိတာ သုံးသွားကြပါ ၊
(ခိုင်းစရာရှိတာ ခိုင်းသွားကြပါ)
တစ်နေ့ကျ ပြန်အပ်ကြရမှာ၊၊

★ အသုံး အစွဲ နှစ်လုံး ခွဲ သိပါ၊
အစွဲကွာဝေး အေးမြချမ်းသာ၊
အေးရာ ဥာဏ်ရောက်
မဂ်ပေါက်ဖိုလ်ပါ ၊
အေးရာနား အပမ်း ဖြေစမ်းပါ။

★ သစ္စာမသိ ထင်မိထင်ရာ
လှူပါသော်လည်း လွတ်ဘဲတဏှာ
တဏှာမလွတ် ၊ မကျွတ် သံသရာ
ဘယ်မဆုံး လယ်ဦး ဖန်ခါခါ။
ဖြစ်လာမှာက ဒုက္ခသစ္စာ
ဖြစ်ချင်တာက လူနတ်ဗြဟ္မာ
ရည်မှန်းချက်နှင့် တက်တက်စင်ကွာ
ခဲသမျှ သဲရေကျ ဖြစ်တော့တာ။

★ ဖြစ်ပြတာက ဒုက္ခသစ္စာ၊
ချစ်(လို) ကြတာက သမုဒယသစ္စာ၊
ချစ်မဆုံး ခံဦး ဤ ဒုက္ခာ။
ဖြစ်တာ ဒုက္ခ ၊ သိက မဂ် ပါ ၊
ဒုက္ခ သိက ချစ်မှုပယ်ခွာ ၊
ချစ်မှုဝေး အေးငြိမ်းနေတော့တာ။

★ ဒီလို သိထား ဥာဏ်ပွားကြပါ ၊
တရားသိပြီး လှူကြ အခါခါ၊
တဏှာဝတ်ဘေး လွတ်အေးမှန်စွာ၊
တဏှာကိုလွှတ် မစွပ်သံသရာ၊
ဝတ်တွေကင်း လှူရင်း နိဗ္ဗာန်ပါ ။

★ ကျေးဇူးတော်ရှင် သက်တော်ရှည်
ငြိမ်းချမ်းရေးဆရာတော်ဘုရားကြီး
ဘဒ္ဒန္တနန္ဒိယ

No comments:

Post a Comment