မောဃကာလံ နခေပယေ
---------------------------
မောဃကာလ=အကျိုးမပြီး အချည်းအနှီးကာလကို
နခေပယေ=မကုန်ခမ်းစေရ။
ခုခေတ် ခုအခါ ခုအချိန်သည် ဆုတ်ကပ် ဆုတ်ကပ်ဆိုတော့ ရောဂါဘယတွေက အင်မတန်မှ များတယ် အသက်တမ်းကလည်း အင်မတန်မှ တိုပါတယ် အခုလို တရားအားထုတ်ခွင့်ရတယ်ဆိုတာ မသေခင်လေး သေသွားရင် အားထုတ်ခွင့် မရှိတော့ဘူး။
အသေတွေကလည်း အင်မတန်မှ များတဲ့ခေတ်ကြီးပါ။ အခုမြင် အခုပျောက် နေ့မြင် ညပျောက် ညမြင် နေ့ပျောက် ရောဂါဘယတွေကလည်းများ အသေကလည်း အင်မတန်မှနီး အသက်တမ်းကလည်း အင်မတန်မှတို ဒါကြောင့် အင်မတန်မှ ကြောက်စရာကောင်းတဲ့ ခေတ်ကြီးမှာ အသေမဦးခင် ဥာဏ်ဦးအောင် သတိသမ္ပဇဉ်ဥာဏ်နှင့်ယှဉ်ပြီး။
အဗ္ဗောကိဏ္ဏံ= တစ်ပါးသောတရား မဝင်စေနှင့် ခန္ဓာနှင့် ဥာဏ်ကြားထဲ လောဘ ဒေါသ မောဟကိလေသာများ မဝင်စေနှင့်။
အဗ္ဗောကိဏ္ဏံ= ဖြစ်ပျက်နှင့် မဂ်နှင့်ကြားထဲမှာ လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယ အစရှိတဲ့အကုသိုလ်တရားတွေ မဝင်စေနှင့်။
တဿတ သမိတံ အဗ္ဗောကိဏ္ဏံ စေတဿာ အဓိမုစ္စ မာနော။
စေတဿာ မိမိရဲ့စိတ်ကလည်းပဲ အဓိမုစ္စမာနော ခန္ဓာပေါ်မှာသာလျှင် လေးလေးစားစား ကြိုးကြိုးစားစားနှင့် စူးစူးစိုက်စိုက် ရှုမှတ်နေရမယ် စေတဿာ အဓိမုစ္စမာနော ခန္ဓာတွေမှာ စူးစူးစိုက်စိုက်နှင့် ဟောဒါရုပ်တရားပဲ ဒါဝေဒနာတရားပဲ ဒါစိတ်တရားပဲ ရုပ်တရားတွေ ပေါ်လာပြီ ဝေဒနာတရားတွေ ပေါ်လာပြီ စိတ်တရားတွေ ပေါ်လာပြီလို့ စူးစူးစိုက်စိုက် ရုပ်ပေါ်ရင် ပေါ်မှန်းသိရမယ် ဝေဒနာပေါ်ရင် ပေါ်မှန်းသိရမယ်။ စိတ်ပေါ်ရင် ပေါ်မှန်းသိပေးရမယ်။
ဒါက သမာဓိရှိမှ သမာဓိအားကောင်းမှ သိမယ်။ ဒါတင်မကသေးပါဘူး ပညာယ ပရိယောဂါယ မာနော ဥာဏ်ပညာနှင့်လည်းပဲ ထိုးထွင်းပြီးတော့ သိပေးရပါလိမ့်မယ် ရုပ်တရားရဲ့ ပင်ကိုယ်သဘော နာမ်တရားများရဲ့ ပင်ကိုယ်သဘောများကိုလည်းပဲ ဥာဏ်စက္ခုဖြင့် ဥာဏ်ပညာနှင့် ထိုးထိုးထွင်းထွင်း သိပေးနေမယ်ဆိုရင် အာသဝါနံခယာ အာသဝေါတရား ကုန်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက အာသဝေါတရား ကုန်ဖို့ရန်အတွက် မြတ်စွာဘုရားကိုယ်တိုင် နည်းနာနိဿယ ပေးခဲ့ပါတယ်။ မပြတ်မလပ်ရှု ကြိမ်ဖန်များစွာရှု ထပ်ခါထပ်ခါရှု တစ်ပါးသော အကုသိုလ်တရားတွေ မဝင်စေနှင့် စိတ်ကလည်း စူးစူးစိုက်စိုက်ထား ဥာဏ်ပညာနှင့်လည်းပဲ ခန္ဓာသဘောကို မြင်အောင်ကြည့် အဲဒီ အင်္ဂါတွေနှင့် ညီညွတ်စွာထားပြီးတော့ ကြိုးစားကြမယ်ဆိုရင်တော့ ဒီဘဝမှာ အာသဝေါတရား ကုန်ခမ်း၍ အာသဝမရှိရာ နိဗ္ဗာန်သို့ရောက်ပါလိမ့်မယ်လို့ ဘုရားရှင် ဟောကြားထားခဲ့သောကြောင့် ဘယ်အခါမှ မေ့မေ့လျှော့လျှော့ ပေါ့ပေါ့တန်တန် အချိန်အကုန်မခံပါနှင့်။
အရှင်ဇနိတာလင်္ကာရ-မိုးကုတ်

No comments:
Post a Comment