Pages

Saturday, March 22, 2014

** ဥပေက္ခာ ပါရမီ **


** ဥပေက္ခာ ပါရမီ **
ကောင်းတဲ့အလုပ် မြင့်မြတ်တဲ့အလုပ်ကို
လုပ်ရင် ကိုယ်ကောင်းသလောက် ချစ်သူ
ခင်သူတွေ ကြည်ညိုသူ လေးစားသူတွေ
ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။

ကိုယ့်ကိုချစ်သူတွေအပေါ် ကိုယ်ကပြန်
်ချစ်ပြီး သံယောဇဉ်နှောင်ကြိုး ရစ်ပတ်တိုး
နေမယ် သူတို့ရဲ့အပူတွေကို မျှဝေခံစားနေ
မယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ကောင်း
တွေ အလုပ်မြတ်တွေဟာ လမ်းဆုံးပန်းတိုင်
ကို မရောက်ဘဲ နှောင့်နှေးကြန့်ကြာသွားနိုင်
ပါတယ်။

အလုပ်အပေါ် ထားရှိတဲ့ ကိုယ့်ရဲ့စိတ်ဟာ
လည်း သန့်သန့်စင်စင် ကြည်ကြည်လင်လင်
မဖြစ်နိုင်တော့ပါဘူး။

ဘယ်လောက်ကောင်းတဲ့အလုပ်
ဘယ်လောက်မြင့်မြတ်တဲ့အလုပ်ကိုပဲ လုပ်လုပ် မလိုလား မနှစ်သက်သူ မုန်းတီး
ရန်ပြုသူတွေ ဆိုတာ ရှိတတ်စမြဲပါ။

ကိုယ့်ကို မုန်းတီးသူတွေအပေါ် ကိုယ်က
ပြန်မုန်းပြီး ဒေါသအမျက်ချောင်းချေင်းထွက်
နေမယ် ကိုယ့်ရည်မှန်းချက်ကို ပြောင်းလဲပစ်
လိုက်မယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်
ကောင်းတွေ အလုပ်မြတ်တွေဟာ ရှေ့ဆက်
မတိုးတက်တော့ဘဲ လမ်းခုလတ်မှာတွင်
ရပ်တန့်ပြိုလဲသွားနိုင်ပါတယ်။

အလုပ်အပေါ် ထားရှိတဲ့ ကိုယ့်ရဲ့စိတ်ဟာ
လည်း ခိုင်ခိုင်မာမာ လေးလေးနက်နက်
မဖြစ်နိုင်တော့ပါဘူး။

ချစ်စိတ်ဝင်ရင်လည်း အလုပ်ပျက်
မုန်းစိတ်ဝင်ရင်လည်း အလုပ်ပျက်တဲ့ အတွက် အလုပ်ပြီးလိုသူတိုင်း
အလုပ်ပျက်ခြင်းကို ဖြစ်စေတဲ့ ချစ်စိတ်
မုန်းစိတ်တွေကို ဥပေက္ခာပြု လျစ်လျူရှု
နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။

ကိုယ်လုပ်နေတဲ့ အလုပ်ကောင်း
အလုပ်မြတ်တွေ အထွတ်အထိပ်ရောက်
ပြီးမြောက်အောင်မြင်ရေးမှာ မရှိမဖြစ်
လိုအပ်တဲ့ ချစ်စိတ် မုန်းစိတ် နှစ်မျိုးလုံးကို
စွန့်ပယ်ရှောင်ကွင်းနိုင်တဲ့ အတည်အခန့်
သဘောကို "ဥပေက္ခာပါရမီ" လို့ခေါ်ပါတယ်။

ဥပေက္ခာပါရမီရှင်ဟာ ချစ်သူ မုန်းသူ
လူသတ္တဝါတွေ အပေါ်မှာသာ ချစ်စိတ် မုန်းစိတ် ကင်းရမှာ မဟုတ်ပါဘူး

လာဘ်ရခြင်း မရခြင်း

အခြံအရံအကျော်အစော ရှိခြင်း မရှိခြင်း

ချီးမွမ်းခံရခြင်း ကဲ့ရဲ့ခံရခြင်း

ကိုယ်စိတ်ချမ်းသာခြင်း ကိုယ်စိတ်ဆင်းရဲခြင်း

ဆိုတဲ့ အကောင်း လောကဓံလေးမျိုး
အဆိုးလောကဓံလေးမျိုး အပေါ်မှာလည်း
ချစ်စိတ် မုန်းစိတ် ကင်းရပါမယ်။

ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ တိုက်ရိုက်ပတ်
သက်တဲ့ လောကဓံတွေ အပေါ်မှာရော
တိုက်ရိုက် မပတ်သက်တဲ့ လောကဓံတွေ
အပေါ်မှာပါ မတုန်မလှုပ် ခံနိုင်ရည်ရှိမှ
ခံနိုင်ရည်ရှိရုံနဲ့လည်း မပြီးသေးဘဲ
ဦးတည်ချက် မပျက် ရှေ့ဆက်အလုပ်လုပ်မှ
ကိုယ်လိုလားတောင့်တတဲ့ လမ်းဆုံးပန်းတိုင်
ကို မလွဲမသေ သေချာပေါက် ဆိုက်ရောက်
နိုင်ပါတယ်။

ဒါဟာ "ဥပေက္ခာပါရမီ"ရဲ့ အစွမ်းသတ္တိပါ။

ပါရမီဥပေက္ခာဆိုတဲ့ ဥပေက္ခာအဝန်းအဝိုင်း
ထဲမှာ လည်ပတ်လှုပ်ရှားနေတဲ့သူဟာ
မြင့်မြတ်တဲ့သူပါ။ ဘာလို့လဲ ဆိုတော့
ပါရမီဥပေက္ခာဟာ "မြင့်မြတ်သော ဥပေက္ခာ"
ဖြစ်လို့ပါဘဲ။

အရှင်ဆန္ဒာဓိက  ( ရွှေပါရမီတောရ )

No comments:

Post a Comment