အဝိဇ္ဇာဖုံးထားလို့
*************
မသိမှုအဝိဇ္ဇာက ဆင်းရဲအမှန် ဒုက္ခသစ္စာကို မသိအောင် ဖုံးဖိထားပါတယ်။ ဒုက္ခသစ္စာဟာ ထင်ထင်ရှားရှားရှိလည်း ရှိတယ်။ ထင်ထင်ရှားရှား ပြလည်းပြပါတယ်။ ဘယ်လိုနေနေ ဘယ်မှာနေနေ ဘယ်အချိန်မှာမဆို ဒုက္ခတွေကတော့ ဖြစ်မြဲအတိုင်း ဖြစ်နေတာပါ။
ဖြစ်နေတဲ့ဒုက္ခကို ဒုက္ခရယ်လို့ မထင်အောင် မမြင်အောင် ဘယ်သူကဖုံးထားသလဲဆိုတော့ အဝိဇ္ဇာပါ။ အဝိဇ္ဇာက သိပ်ကိုအစွမ်းထက်ပါတယ်။ ဒုက္ခရောက်နေတာကို ဒုက္ခရောက်နေတယ်လို့ မမြင်သေးဘူး။
ဒုက္ခကြီး ကိုယ့်မျက်စိအောက်မှာ အသေချာကြီး ရှိနေတာတောင် ဒုက္ခပါပဲလို့ သဘောမပေါက်ကြဘူး။ နားမလည်းနိုင်ကြပါဘူး။ ဘယ်သူ့ကြောင့် ဒီလောက်တောင် ညံ့ဖျင်းမိုက်မဲ နေရတာလဲဆိုရင် အဝိဇ္ဇာကြောင့်ပါ။ အဝိဇ္ဇာကြောင့် နိဗ္ဗာန်နှင့် ဝေးပါတယ်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ကြည့်ရင် ဒီအတိုင်း အဖြေထွက်လာပါတယ်။ အဝိဇ္ဇာနှင့် တဏှာကြောင့် သံသရာလည်တာပါ။ သံသရာရဲ့ ရေသောက်မြစ်ဆိုတာလည်း အဝိဇ္ဇာနှင့်တဏှာပါ။ ဘယ်နေရာက ဘယ်လိုအကြောင်းရှာရှာ နောက်ဆုံးမှာတော့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာတဏှာဆီကိုပဲ ပြန်ရောက်ပါတယ်။
နိဗ္ဗာန်မရောက်တာသည် အဝိဇ္ဇာနှင့်တဏှာကြောင့် သံသရာရှည်တာကလည်း အဝိဇ္ဇာနှင့် တဏှာကြောင့်ပါ။ သံသရာတိုအောင် မလုပ်ပဲနှင့် သံသရာရှည်သည်ထက် ရှည်အောင် ဆွဲဆွဲဆန့်နေတဲ့ အတွက်ကြောင့် နိဗ္ဗာန်နှင့် ဝေးသည်ထက် ဝေးပါတယ်။
ကြိုးစားနေရက်သားနှင့် တရားလည်းမမြင်ဘူးဆိုတာ အဝိဇ္ဇာနှင့် တဏှာကို မပယ်နိုင်တာကြောင့်ပါ။
ဒုက္ခသစ္စာကို မသိမြင်တဲ့အတွက် ကံကိုကြိုက်တယ် ကံတွေပြုလုပ်တော့ သံသရာရှည်ပါတယ်။ နိဗ္ဗာန်နှင့် ဝေးပါတယ်။ အဝိဇ္ဇာနှင့် အတူတကွ ပေါင်းသင်းနေတာ အဝိဇ္ဇာနှင့် တွဲရက် ဖြစ်နေတာက တဏှာပါ။
ဒါကြောင့် အတိတ်က အဝိဇ္ဇာက စပေးလိုက်တဲ့ ပဋိစ္စသမုပ္ပါဒ် လည်ပတ်မှုဟာ ဘယ်အထိ ရောက်သွားသလဲဆိုရင် ပစ္စုပ္ပန်ခံစားမှု ဝေဒနာအထိ ရောက်ပါတယ်။ ဝေဒနာကနေ တဏှာဆီ ရောက်ပါတယ်။ တဏှာကနေ ပြန်စပေးလိုက်တဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏထိရောက်သွားပါတယ်။ တစ်ပတ်ပြီးတစ်ပတ် လည်သွားပါတယ်။
အဝိဇ္ဇာခေါင်းဆောင်ပြီး လှည့်ပေးလိုက်ရာကနေ တဏှာလက်ထဲ ပြောင်းပေးလိုက်တာ တစ်ခါ အဝိဇ္ဇာလက်ထဲ ပြန်ရောက်သွားပါတယ်။
အဝိဇ္ဇာနှင့်တဏှာ ခြယ်လှယ်နေတဲ့အတွက်ကြောင့် သံသရာထဲမှာ နေရတဲ့ ဆင်းရဲတွေကိုလည်း ဆင်းရဲမှန်းမသိဘူး။ ဒုက္ခကိုလည်း ဒုက္ခလို့ မမြင်ဘူး။ မသိမမြင်တဲ့အပြင် ဒီဆင်းရဲဒုက္ခတွေကိုပဲ မသိမသာ ပြန်ပြီးခင်တွယ်နေတယ်။ မသိမသာ ပြန်ခင်နေတာက တဏှာပါ။
ဓမ္မဒူတ-ဒေါက်တာအရှင်ပညိဿရ

No comments:
Post a Comment