
ဓမ္မစကြာတရား ဟောတော်မူပုံ
~~~~~~~~~~~~~~~~
အလယ်လမ်းအကျင့်။ ။
------------------------
မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် အစွန်းတရား ၂ -ပါးကို ကိုယ်တိုင် ကျင့်ကြံခဲ့ပြီးဖြစ်သောကြောင့် သစ္စာ ၄-ပါးတရားကို သိမြင်နိင်သည့် တရား မဟုတ်သည်ကို ကိုယ်တွေ့သိမြင်ပြီး ဖြစ်သည်။ ထို့ကြောင့် "သံသရာ ဝဋ်မှ ထွက်မြောက်လိုသူတို့ မကျင့်ကြံသင့်သောတရား ဖြစ်သည် " ဟု ဆုံးဖြတ်ဟောကြား တော်မူသည်။
ထို့နောက် ယင်းအစွန်းတရား ၂ ပါးမှ လွတ်သည့် အလယ်လမ်းအကျင့်= (မဇ္ဈိမပဋိပဒါ) ကို ထုတ်ဖေါ်ဟောကြားတော်မူသည်။
ယင်းအလယ်လမ်း အကျင့်ကိုမူ-
တထာဂတ အဘိသမ္ဗုဒ္ဓ = ဘုရားကိုယ်တိုင် ထိုးထွင်း သိသောတရား။
စက္ခုကရဏီ= ဥာဏ်မျက်စိအမြင်ကို ပြုတတ်သောတရား။
ဥာဏကရဏီ= အသိဥာဏ်ကို ပြုတတ်သောတရား။
ဥပသမ= ကိလေသာ ငြိမ်းအေးစေတတ်သောတရား။
အဘိည = အထူးသိစေတတ်သော တရား။
သမ္ဗောဓ= သစ္စာလေးပါကို ထိုးထွင်း၍သိစေတတ်သောတရား။
ဝနေ= ဆင်းရဲချုပ်ငြိမ်း စေတတ်သောတရား။ ဟူ၍ ချီးမွမ်းဟောကြားတော်မူသည်။
ယင်းသို့ အမွှန်းတင် ချီးမွမ်း၍ ဟောကြားအပ်သည့် အလယ်လမ်းအကျင့် ဟူသည်မှာ-
*သမ္မာဒိဋ္ဌိ= မှန်ကန်စွာ သိမြင်ခြင်းl ကောင်းစွာ သိမြင်ခြင်း။
*သမ္မာသင်္ကပ္ပ = မှန်ကန်စွာ ကြံစည်ခြင်းl ကောင်းစွာကြံစည်ခြင်း။
*သမ္မာဝါစာ = မှန်ကန်စွာ ပြောဆိုခြင်းl ကောင်းစွာ ပြောဆိုခြင်း။
*သမ္မာကမ္မန္တ = မှန်ကန်စွာ လုပ်ကိုင်ခြင်းl ကောင်းစွာလုပ်ကိုင်ခြင်း။
*သမ္မာအာဇီဝ = မှန်ကန်စွာ အသက်မွေးခြင်းl ကောင်းစွာအသက်မွေးခြင်း။
*သမ္မာဝါယာမ= မှန်ကန်စွာ အားထုတ်ကြိုးစားခြင်းl ကောင်းစွာ အားထုတ်ကြိုးစားခြင်း။
*သမ္မာသတိ = မှန်ကန်စွာ အောက်မေ့ခြင်းl ကောင်းစွာ အောက်မေ့ခြင်း။
*သမ္မာသမာဓိ= မှန်ကန်စွာ တည်ကြည်ခြင်းl ကောင်းစွာ တည်ကြည်ခြင်း။
ဟူသော အကျင့်မြတ် ၈-ပါး ပင် ဖြစ်သည်။
ဤ အကျင့်ရှစ်ပါးသည်ကား ချမ်းသာစံအကျင့် ဟူသော အစွန်းတစ်ဘက် နှင့် ဆင်းရဲခံအကျင့် ဟူသော အစွန်း တစ်ဘက်တို့မှ တသီးတခြားလွတ်ကင်းလျက် မည်သည့်ဘက်ကိုမျှ မရောက်သောကြောင့် ယင်းအကျင့်မြတ်၈-ပါး ကို အလယ်လမ်းအကျင့် = မဇ္ဈိမပဋိပဒါ ဟုဟော်တော်မူသည်။
တစ်နည်းအားဖြင့် ချမ်းသာစံအကျင့်သည် အမှန်မသိမှု= မောဟအခြေခံသည့် တွယ်တာတပ်မက်မှု= လောဘ အစွန်းတစ်ဘက်ဖြစ်သည်။
ဆင်းရဲခံအကျင့်သည် အမှန်မသိမှု = မောဟ အခြေခံသည့် ကြမ်းတမ်းပြစ်မှားမှု = ဒေါသ အစွန်းတစ်ဘက်ဖြစ်သည်။
အကျင့်မြတ်၈-ပါးသည်ကား မောဟ-လောဘ , မောဟ-ဒေါသ အစွန်း ၂-ဘက်တို့မှ တသီးတခြားလွတ်ကင်းသည့် မတွေမဝေ အမှန်သိမှု=အမောဟ , မတပ်မက်မှု=အလောဘ, မပြစ်မားမူ=အဒေါသ တို့ပါဝင်သည့် အကျင့်ဖြစ်သောကြောင့် ယင်းအကျင့်မြတ် ၈-ပါးကို အလယ်လမ်းအကျင့်=မဇ္ဈိမပဋိပဒါဟုဟောတော်မူသည်။
တစ်နည်းအားဖြင့် ချမ်းသာစံအကျင့်ကို ကျင့်သူတို့သည် ချမ်းသာ၌ သာယာတပ်မက်၍ ဘဝသံသရာ တည်မြဲမှု ကို စွဲယူကြသည်။ သဿတဝါဒ ဟူသော အစွန်းတစ်ဘက်သို့ ရောက်နေကြသည်။
ဆင်းရဲခံအကျင့်မြတ်ကို ကျင့်သူတို့သည် ကြမ်းတမ်းပြစ်မှား၍ ဘဝသံသရာ ပြတ်စဲမှုကို စွဲယူကြသည်။
ဥစ္ဆေဒဝါဒ ဟူသော အစွန်းတစ်ဘက်သို့ ရောက်နေကြသည်။
အကျင့်မြတ် ၈-ပါးသည်ကား ယင်းအစွန်းနှစ်ဘက်မှ လွတ်ကင်း၍ မည်သည့်အစွန်းဘက်သို့မျှ မကျရောက်သောကြောင့် ယင်းအကျက့်မြတ် ၈-ပါးကို အလယ်လမ်းအကျင့်=မဇ္ဈိမပဋိပဒါ ဟု ဟောတော်မူသည်။
(ဆက်လက်ကူးယူဖေါ်ပြပါမည်
No comments:
Post a Comment