Pages
▼
** ဓမ္မစကြာတရား ဟောတော်မူပုံ ( ချမ်းသာစံအကျင့် ) **
ဓမ္မစကြာတရား ဟောတော်မူပုံ
~~~~~~~~~~~~~~~~
ဓမ္မစကြာတရားကို မည်သို့ဟောကြားပါသနည်း။
ဤမေးခွန်းမှာ ဓမ္မစကြာတရားဟောတော်မူပုံ အခြင်းအရာကို မေးသည့်မေးခွန်းဖြစ်သည်။
အဖြေမှာ- တထာဂတဂုဏ်တော်၏ ဒုတိယ အနက်ဖြစ်သည်။
တထာ= ကျင့်ကြံတော်မူသည့်အတိုင်း
ဂတာ= ပြောဆို ဟောကြားလေ့ရှိသူ
ဟူသော တထာဂတ ဂုဏ်တော်၏အနက်ကို ထင်ရှားအောင် ဖေါ်ပြခြင်းသည်ပင်လျှင် အကောင်းဆုံးအဖြေဖြစ်ပေသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် တထာဂတဂုဏ်တော်ရှင် ဖြစ်တော်မူပေသည်။ တထာဂတဟူသည်မှာ
မိမိကိုယ်တိုင် ကျင့်ကြံ ခဲ့သည့်အတိုင်း ပြောဆို ဟောကြားခြင်းဟု အဓိပ္ပာယ်
ရပေသည်။
ထင်ရှားစေဦးအံ့-
ချမ်းသာစံအကျင့်။ ။
--------------------
မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် ယခုနောက်ဆုံးဘဝ သိဒ္ဓတ္ထမင်းသားဖြစ်စဉ်အခါက
မင်းတကာတို့ မစံစားရဖူးသည့် သိကြားမင်းအမိန့်အရ ဝိသုကမ္မနတ်သားလာ၍
ဆောက်လုပ်ပေးသော-
၁။ဘုံ ၉-ဆင့် ရှိသည့် ရမ္မ မည်သော ဆောင်းရာသီစံနန်းတော်။
၂။ ဘုံ ၅- ဆင့်ရှိသည့် သုရမ္မ မည်သည့် မိုးရာသီစံနန်းတာ်။
၃။ ဘုံ ၇- ဆင့်ရှိသည့် သုဘ မည်သော နွေရာသီစနန်းတော် ဟူသော နန်းတော်ကြီး ၃
ဆောင်၌ ရာသီအလိုက် လှည့်လည်ခံစားနေရသည်။ နန်းတော်ကြီးများအတွင်း၌
အရွယ်အဆင်းပြည့်တင်းကြွ၍ လှပတင့်တယ် ရှုချင်ဖွယ်ရှိသော မောင်းမ
အပျိုတော်ပေါင်း လေးသောင်းတို့ဖြင့် ပြုစုယုယ လုပ်ကျွေးမှုကို ခံယူရ၏။
ရာသီအလိုက် သင့်လျော်လျောက်ပက် ကောင့်းမြတ်သည့် အဝတ်အထည်
အသုံးအဆောင်များကိုလည်း ဝတ်ဆင်သုံးဆောင်ရ၏။ နတ်သုဓာတမျှ
အနံ့အရသာနှင့်ပြည့်စုံသော အစားအစာများကိုလည်းမှီဝဲစားသောက်ရ၏။
နှစ်သက်ကြည်နူးဖွယ် အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အာရုံ
ကာမဂုဏ်မျိုးစုံကို စကြဝတေးမန္ဓာတ်မင်းကြီးကဲ့သို့ ရရှိခံစားနေရ၏။
ယင်းသို့ခံစားရသည်မှာ တစ်နေ့ တစ်လ တစ်နစ်မျှ မကပါချေ။ သူငယ်ဘဝမှာ
သူငယ်အလျှောက်, လူရွယ်ဘဝမှာ လူရွယ်အလျှောက် ၂၉ နှစ်ထိအောင် ၂၉ နှစ်လုံးလုံး
ခံစားစံစား နေရခြင့းဖြစ်ပေသည်။
ယင်းသို့ခံစားနေ ရခြင်းကို ပါဠိဘာသာဖြင့် " ကာမသုခလ္လိကာနုယောဂ" ဟုခေါ်သည်။ ယင်းပါဠိကို ကာမ+သုခ+အလ္လိက+အနု+ ယောဂ ဟုပုဒ်ခွဲရသည်။
ကာမ = လိုလားနှစ်သက်အပ်သော ကာမဂုဏ် ၅ ပါး (ကိုခံစားခြင်းဟူသော)
သုခ = ချမ်းသာမှု
အလ္လိကာ = ကပ်ငြိတွယ်တာမှု
အနု= အဖန်ဖန်
ယောဂ = အားထုတ်ခြင်း ဟူ၍ အနက်အဓိပ္ပာယ် ရရှိပေသည်။
ကာမဟူသည်မှု အလိုရှိအပ် နှစ်သက်အပ်သော အဆင်း အသံ အနံ့ အရသာ အတွေ့အထိ
ဟူသော အာရုံငါးပါးပင်ဖြစ်သည်။ ရူပါရုံ သဒ္ဒါရုံ ဂန္နာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ
တို့ပင်ဖြစ်သည်။
ယင်းကာမ အာရုံတို့ကို ခံစားခြင်း ချမ်းသာ၌
ကပ်ငြိတွယ်တာ မှီဝဲမှုကို အားထုတ်ပြုလုပ်နေခြင်းကိုပင် ပါဠိဘာသာဖြင့်
ကာမသုခလ္လိကာနုယောဂ ဟုခေါ်ဆိုခြင်းဖြစ်သည်။
မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် ယင်း ကာမသုခလ္လိကာနုယောဂကိုလည်း ၂၉ နှစ်လုံးလုံး
ကိုယ်တိုင်ပြုလုပ် ကျင့်ကြံခံစားခဲ့ပြီးဖြစ်သည်။ သို့သော် သစ္စာလေးပါး
တရားကို ထိုးထွင်းသိမြင်နိုင်သည့် သဗ္ဗညုတဥာဏ်ရှင် မဖြစ်နိုင်ခဲ့ပါ။
ထို့ကြောင့် ယင်း ကာမသုခလ္လိကာနုယောဂ ကို တစ်ဘက်အစွန်းသို့ ရာက်နေသည့်တရားဟု
သတ်မှတ်တော်မူသည်။
သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်လိုသူတို့၏ အကျင့်ကောင်းမဟုတ်ပေ။
ယင်း ကာမသုခလ္လိကာနုယောဂ အကျင့်ကို -
ဟီန - ယုတ်ညံ့သောတရား။
ဂါမ္မ - ရွာသူ ရွာသားတို့၏ အကျင့်တရား။
ပေါထုဇ္ဇနိက - အညံ့စားဖြစ်သူ ပုထုဇဉ်တို့၏ တရား။
အနရိယော - မြင့်မြတ်သူ အရိယာတို့၏ တရားမဟုတ်။
အနတ္တသံဟိတော - အကျိုးမဲ့ဖြစ်စေသောတရား - ဟူ၍ ကဲ့ရဲ့ရှုတ်ချ့ခြင်းကိုလည်း
ပြုတော်မူသည်။ ယင်းတရားကို သံသရာ ဝဋ်မှ ထွက်မြောက် လိုသူများ မကျင့်ကြံ
မမှီဝဲထိုက်ဟု ပယ်တော်မူသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး ဝတ်ရွတ်စဉ် တရားစာအုပ်မှ ကူးယူတင်ပြပါသည်။
ကူယူမျှဝေခြင်းဖြင့် ဤတရားတော်မြတ်အား ပူဇော်ပါ၏။
No comments:
Post a Comment