
စမတောင်ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီး
*******************************
စမတောင်သည်ပဲခူးရိုးမအရှေ့ဘက်သို့ ဖြာထွက်နေသော
တောင်စွယ်အပွား၊ တောင်စဉ်၊ တောင်ကြောတို့မှ
တောင်ငယ်တစ်ခု ဖြစ်သည်။ ရန်ကုန်-မန္တလေး မီးရထား လမ်း၊ သာဝတ္ထိဘူတာမှ အနောက်ဘက်(၃)မိုင်(၄)ဖာလုံခန့်အကွာ ကြံဖိုစုရွာအနီးတွင်ရှိ သည်။
စမတောင်သည်မြောက်ဘက်မျက်နှာမှတစ်ပါးအရှေ့ဘက်၊
တောင်ဘက်၊အနောက်ဘက်တို့မှာလျှိုမြောင်များပတ်လည်
ဝိုင်းလျက်ရှိသည်။ ရှေးအခါကစမတောင် သည် သစ်ကြီးဝါးကြီးများ ဖုံးလွှမ်းခဲ့၍ ယခုအချိန်ထိ သစ်ပင်၊ ဝါးပင်များဖြင့်စိမ်းလန်းနေ ဆဲဖြစ်သည်။
မီးရထားလမ်း၊ မော်တော်ကားလမ်းများဖြင့် ခရီးသွားသူများအတွက်
နေ ပြည်တော်လယ်ဝေးမြို့နယ် သာဝတ္ထိမြို့အနီးသို့ ရောက်သည့်အခါ
အနောက်ဘက်တောင် တန်းများဆီသို့ မျှော်ကြည့်ပါက စမတောင်ပေါ်
ရှိဘုရားစေတီများ၊သိမ်တော်နှင့် ကမ္မဌာန်း ကျောင်းများကို ဖူးမြင်တွေ့ရပါမည်။

''၁၃ဝ၅ခုနှစ်၊ဝါဆိုလပြည့်ကျော်နံနက်ပိုင်းအချိန်က
ယခုစမတောင်ဟုခေါ်ဆိုတဲ့တောင်ကုန်းထိပ်မြေကွက်လပ်မှာ စမဗဝ အက္ခရာများနှင့် ကမှအ အထိအက္ခရာများလင်ဗန်းကြီးတစ်ချပ်စာပိုပို အကျယ်အဝန်းလောက်ထူုးထူးခြားခြားပေါ် လာပါသည်။
လက်နှင့်ဖျက်ကြည့်လိုက်တော့စာလုံးများမှာ
တစ်ခဏမှိန်သွားပေမယ့်တစ်ခဏ
အတွင်းပြန်လည်ပေါ်လာတာ တွေ့ရတယ်။
ပေါ်လာတဲ့စာလုံးတွေကို ဓားနဲ့ ချစ်ကြည့်ရာ ရှေးနည်းတူပြန်လည်ပေါ်လာတာကို တွေ့ရတယ်။ စာလုံးတွေက အရွယ်တစ်ညီတည်းမဟုတ်ဘဲ အငယ်ဆုံးဒင်္ဂါဝိုင်းခန့်ရှိပြီး အကြီးဆုံးမှာ လက်ဖက်ရည် အကြမ်း ပန်းကန်အလတ်အရွယ် ထိပ်ဝခန့်ရှိတယ်။
စမအက္ခရာများမှာ တောင်ပေါ်ရှိမြေပြင် တစ်ဝှမ်းလုံးမှာ ပြန့်နှံ့နေရုံမက တောင်စောင်းတွင် စိုက်ပျိုးထားတဲ့ ဖရုံသီးများ၊ ဝါးပင်များ၏ ပင်စည်များ၊အရွက်များ၊ ကမ္မဌာန်းကျောင်းနံရံများမှာပေါ်နေတဲ့အပြင် ထိုအချိန်က တစ်ပါး တည်းရှိတဲ့ ဦးပဉ္စင်းဦးကဝိ၏ ကိုယ်အသားများ၌ စမအက္ခများအနှံ့အပြား ကူးစက် ပြန့်နှံ့လာရာ အံ့သြစရာတွေ့ရပါတယ်။
အက္ခရာများကလည်း တစ်လုံးချင်းများသာမက စမဗဝ လေးလုံးထပ်များ၊ တဝမ်းပူ အထပ်များမျိုးစုံတွေ့ရတယ်။ လအတော်ကြာထူထပ်စွာ ပေါ်နေတဲ့အတွက် ရာဇမတ်များရက်ပြီး ကာရံထားရတယ်။
စမအက္ခရာတွေထင်ရှားစွာ ပေါ်ထွက်၍ နှစ်ဆမျှမက အဆတိုး၍ စမတန်ခိုးပြခဲ့ဖူးသောကြောင့် နောင်အခါ စမတောင်ဟု ခေါ်တွင်လာပါတယ်။

စမအက္ခရာပေါ်ခဲ့တဲ့ပတ်ဝန်းကျင်တောင်ကုန်းပေါ်မှာ
၁၃ဝ၅ခုနှစ်မှစတင်ပြီးတန်ဆောင်မုန်းလပြည့်နေ့ည
ရောက်တိုင်းဆီမီးများထွန်းညှိပူဇော်လာကြရာ
ယခုနှစ်၁၃၇၁ခုနှစ်ဆိုရင် ခြောက်ဆယ့်ခြောက်နှစ်တိုင်ခဲ့ပါပြီ။
၁၃ဝ၉ခုနှစ်၊ ကဆုန်လဆန်း(၁ဝ)ရက်နေ့တွင် ပန္နက်တင်ပြီး ဘုရားငါးဆူကမ္ဘာ့ကပ်ကျော်စေတီတော်ကြီး ကို စမတောင်ပေါ်တွင် အဖေနွဲ့နှင့်အဖေလူတို့မှ တည်ထားကိုးကွယ်ခဲ့ရာ ၁၃၁၃ခုနှစ်၊ တပေါင်းလဆန်း(၁၃)ရက်၊ စနေနေ့မှ လပြည့်ကျော်နှစ်ရက်၊ဗုဒ္ဓဟူးနေ့အထိ ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီးကို ထီးတော်တင်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီး၏အနောက်မြောက်
ထောင့်၌ ကြေးချိန်(၁ဝ၈)ပိဿာရှိတဲ့ခေါင်းလောင်းကြီး
တစ်ခုကို(၁၃၂၁)ခုနှစ်ကတပ်ဆင်ပြီးခေါင်းလောင်း
တင်ပွဲပြုလုပ်ခဲ့ရာကြက်ပျံမကျပြည့်နှက်စည်ကားခဲ့ပါတယ်။
စမတောင် ပေါ်ရှိကမ္ဘာ့ကပ်ကျော်စေတီတော်ကြီး တွင် နှစ်ကူးသင်္ကြန်အတက်နေ့၌အနန္တောအနန္ဒငါးပါး ကန်တော့ပွဲ၊ ဝါဆိုလပြည့်နေ့၌ ဆွမ်းငါးထောင် ကပ်လှူပူဇော်ပွဲ၊ တန်ဆောင်မုန်းလပြည့်နေ့ ည၌ ဆီမီးငါးထောင်ကပ် လှူပူဇော်ပွဲဆိုပြီးတစ်နှစ်လျှင်ပွဲတော်ကြီး သုံးကြိမ်ကိုနှစ်စဉ် နှစ်တိုင်း မပျက်မကွက် ပြုလုပ်ခဲ့သည့်အပြင် နတ်တော်လရောက်တဲ့အခါ စနေ(သို့)ဗုဒ္ဓဟူး နေ့ တစ်ရက်ရက်၌ ထုံးသင်္ကန်းကပ်လှူပါတယ်။
ဘုရားဖူးလာသူအားလုံးကိုလည်းသက်သတ်လွတ်
ထမင်းဟင်းများဖြင့်ကျွေးမွေးဧည့်ခံပါတယ်''ဟုပြောဆိုသည်။
(ရဲရဲ ပျဉ်မနား)
(လျှပ်တစ်ပြက် ဂျာနယ်၏ စမတောင်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော်မှ ထုတ်နုတ်ဖော်ပြသည်။)
No comments:
Post a Comment