အများအကျိုး ဆောင်သူတွေ
*********************
`ရုက္ခာ ဖလန္တိ ပရောပကာရတ္ထာယ´
သစ်ပင်တွေဟာ သူတစ်ပါးတွေကို ကျေးဇူးပြုဖို့အတွက် သီးလာကြတာဖြစ်တယ်။ သစ်ပင်တွေဟာ သူတစ်ပါးတွေအတွက် သီးတာပါ။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဘာတစ်ခုမှ မပါပါဘူး။ ဒါ ရှေးသူဟောင်းတွေဆိုတဲ့ စကား။
`ဂါဝေါ ဒုဟန္တိ ပရောပကာရတ္ထာယ´
နွားမတွေကနေ နို့ရည်တွေ တဒီးဒီး ထွက်ကျစီးဆင်းပေးတာ သူတို့ သောက်ဖို့ မဟုတ်ပါဘူး။ နွားထီးတွေက ပခုံးပွန်းအောင် ထွန်ပေးကြတယ်။ ယက်ပေးကြတယ်။ ဆန်တွေ၊ စပါးတွေ၊ ဂျုံတွေ၊ ပဲတွေ၊ နှမ်းတွေ အကုန်ထွက်အောင် လုပ်ပေးကြတယ်။ အဲဒီလို သီးနှံတွေ အကုန်ထွက်အောင် ဒီနွားထီးတွေက ပခုံးအပွန်းခံပြီး ထွန်ယက်ပေးကြပေမယ့် သူတို့အတွက်တော့ ဘာတစ်ခုမှ မပါကြပါဘူး။ သူတို့က ရိုးပြတ် ကောက်ရိုး ဒါပဲ စားကြတာပါ။
`နဇ္ဇော သန္ဒန္တိ ပရောပကာရတ္ထာယ´
မြစ်တွေ၊ ချောင်းတွေဟာ သူတို့သောက်ဖို့အတွက် ရေတွေကို အလျဉ်မပြတ် စီးဆင်းပေးနေကြတာ မဟုတ်ပါဘူး။ သတ္တဝါတွေ အားလုံး သောက်ကြဖို့၊ သုံးကြဖို့၊ ချိုးကြဖို့၊ လျှော်ကြ ဖွပ်ကြဖို့၊ ဆေးကြကြောကြဖို့ ရေတွေကို တသွင်သွင် စီးဆင်းပေးနေကြတာပါ။
အဲဒီတော့ အသိဉာဏ်အလွန်နည်းတဲ့ နွားတွေက ပခုံးနှစ်ဖက် အပွန်းခံပြီး အသက်စွန့်ရတဲ့အထိ ထွန်ယက်လုပ်ကိုင်ပြီး လူတွေရဲ့ အကျိုးကိုဆောင်သလို၊ နွားမတွေက လူတွေအတွက် နို့ရည်တွေ တဒီးဒီး ယိုစီးကျဆင်းပေးသလို၊ မြစ်တွေ ချောင်းတွေက သက်ရှိသတ္တဝါတွေ အားလုံးအတွက် မြစ်ရေ ချောင်းရေတွေ တသွင်သွင် စီးဆင်းပေးနေသလို လောကမှာ လူကောင်းသူကောင်း သူတော်ကောင်းမှန်တဲ့ ပုဂ္ဂိုလ်တွေဟာလည်း အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်သင့်ကြတယ်။
ဘာကြောင့်လဲဆိုတော့ အသိဉာဏ်မဲ့တဲ့ မြစ်တွေ ချောင်းတွေ၊ သစ်ပင်တွေ၊ အသိဉာဏ်နည်းတဲ့ နွားတွေကတောင် သက်ရှိသက်မဲ့ အရာဝတ္တု အားလုံးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အများအကျိုးဆောင်နိုင်ရင် အသိဉာဏ် အလွန်တရာ ကြီးပါတယ်ဆိုတဲ့ လူသားတွေအနေနဲ့ ဒီထက်ပိုပြီး အများကောင်းကျိုး လုပ်ဆောင်သင့်ကြတယ်။ ဒါပေမဲ့ တချို့တွေများကျတော့ ငါ့ဖို့သာ အဓိကကျတယ်ဆိုတဲ့ ဝါဒနဲ့ ကိုယ်ကျိုးရှာလွန်းတဲ့ အတ္တသမားတွေဟာလည်း ဒုနဲ့ ဒေးပဲ။
အဲဒါကြောင့် လူတွေဟာ အများကောင်းကျိုးအတွက် အလုပ်မလုပ်ကြဘဲ ကိုယ့်အတွက်ချည်းပဲ အလုပ်လုပ်နေကြမယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောကြရရင် အဲဒီနွားတွေ၊ သစ်ပင်တွေလောက်တောင်မှ ဘဝမှာ မမြင့်မြတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်နေပါတယ်။
နွားတွေဟာ အသိဉာဏ် ဘာမှ မရှိကြပါဘူး။ ဒါပေမဲ့ သူတို့လုပ်ပေးသမျှဟာ သူတစ်ပါးအတွက်ချည်းပါပဲ။ နွားမတွေကနေ နို့ရည်တွေ ထုပ်ပေးနေတာလည်း သူတစ်ပါးအတွက်ချည်းပါပဲ။
ဒါပေမဲ့ လူတွေလို အသိဉာဏ် မရှိတဲ့အတွက်သာ သူတို့မှာ ကုသိုလ်မဖြစ်ကြတာပါ။ လူလိုသာ အသိဉာဏ်ရှိရင် ဒီသတ္တဝါတွေ (ဒီသစ်ပင်တွေ)ဟာ သိပ်ကုသိုလ်ရကြမှာပေါ့။
ဒီတော့ ဆိုလိုတာက ``လူတွေဟာ အဲဒီနွားတွေ၊ ကျွဲတွေ၊ သစ်ပင်တွေလို ကိုယ့်အသက်ကို စွန့်ပြီးတော့ အသွေးအသားကို စွန့်ပြီးတော့ သူတစ်ပါးတို့အတွက် ကျေးဇူးပြုကို ပြုရမယ်လို့တော့ ဒီလို မဆိုလိုပါဘူး။ ဒါပေမဲ့ မြေကြီးပေါ်ရောက်လာတဲ့ ဒီလူဟာ ကိုယ့်ရဲ့ တစ်ဘဝတာ အတွက်လေး ကွက်ကွက်လေး အလုပ်လုပ်ရုံနဲ့ ခေတ်စကားနဲ့ပြောရရင် တာဝန်ကျေသူ တစ်ယောက် မဖြစ်နိုင်ဘူး။ သူတစ်ပါး အကျိုးစီးပွားကို များများကြီး ကျေးဇူးပြုနိုင်ပါမှ လူဟာ သူ့တာဝန်ကို ကျေအောင် ထမ်းရာရောက်တာ။´´
သီတဂူ ဆရာတော်ဘုရားကြီး
ေ ဒေါက်တာ အရှင်ဉာဏိဿရ

No comments:
Post a Comment