
" လူတိုင်းကို သီလပေးလို့ ရမလား "
**************************
**************************
သီလဆိုတာ နူတ်က ခံယူရုံနဲ့ ရတဲ့တရားလား။ အားနာလို့ ယူရတဲ့တရားမျိုးလည်း မဟုတ်ဘူး။ အတင်းပေးလို့လည်း ယူလို့ရတဲ့တရား မဟုတ်ဘူး။
သီလဟာ ကိုယ်ရောစိတ်ပါ ခံယူ ကျင့်သုံးဆောက်တည်မှ ရတဲ့တရားမျိုးပါ။ ရောယောင် သီလယူပြီး ကိုယ့်ကိုယ်ကို လိမ်နေသူတွေလည်း အများကြီးရှိတယ်။
ဥပုသ်သီလဟာ တန်တဲ့လူနဲ့သာ တန်တာ။ တန်ဖိုးထားတဲ့လူက တကယ်တန်ဖိုးထားတာ။ သီလနဲ့ လုံးဝမတည့်တဲ့၊ မတန်တဲ့လူတွေ အများကြီးရှိပါတယ်။
လောကထဲက လူအချို့ဟာ လုံးဝသီလ မရှိသလို သူတို့ကို သီလပေးချင်သူက ပေးလို့လည်း မရပါဘူး။
နက်နက်နဲနဲ မဟုတ်တောင် တော်တော်လေး စဉ်းစား လက်ခံဝေဖန်မိမှသာ သီလတရားကို ထိုးထွင်းရူမြင်တတ်လာကြာတာ ဖြစ်ပါတယ်။
သီလတရားဆိုတာကို အမြဲမလစ်သော မျက်စိသတိ၊ မလျှော့တဲ့စိတ် ဉာဏ်ဝီရိယ၊ ပြီးတော့ ခိုင်ခံ့တဲ့ သမာဓိတွေနဲ့ ထိန်းရတာပါ။
နားလည်အောင် ကြိုးစားပြီး၊ ကြီးမားတဲ့ စိတ်အင်အားနဲ့ စွဲစွဲမြဲမြဲလုပ်နိုင်ရင် သီလတရားက သိပ်ကောင်းတယ်။ အဖိုးတန်မှန်းလည်း သိလာလိမ့်မယ်။
လူတိုင်းလည်း သီလ မလိုချင်ဘူး။ လိုချင်တဲ့ သူသာ လိုချင်တာ။ အချို့ကျတော့ အူမမတောင့်လို့ သီလမစောင့်ကြဘူးလေ။ လူတိုင်းကို သီလပေးလို့ မရဘူးဆိုတာကို လေ့လာတဲ့သဘောနဲ့ ငါးရာငါးဆယ် နိပါတ်တော်ထဲက ဇာတ်တစ်ပုဒ်ကို လေ့လာကြည့်ကြရအောင်လား။
ဇာတ်က ပဉ္စကနိပါတ်၊ ၃၅၆။ ကောရဏ္ဍိယဇာတ်ပါ။ ဇေတ၀န်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးနေစဉ် အချိန်ကာလမှာ ရှင်သာရိပုတ္တရာနဲ့ ပတ်သက်လို့ ဟောရတာလေ။
အဲသည်အချိန်က ရှင်သာရိပုတ္တရာဟာ အယုတ် အလတ် အမြတ်မရွေး မြင်မြင်သမျှကို သီလဆောက်တည်ဖို့ တိုက်တွန်းပြီး သီလပေးလေ့ရှိတယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ရိုသေပြီး အချို့က စိတ်မပါဘဲ သီလခံယူကြတယ်။ ကွယ်ရာရောက်တော့ လုပ်ချင်ရာလုပ်ကြရော။ ကြာတော့ တပည့်ရဟန်းတွေ သိလာတယ်။ တပည့်ရဟန်းတွေက ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို လျှောက်တယ်။
အကြောင်းက သီလ ယူလိုသူတို့ကိုသာ သီလတရားပေးဖို့ပါ။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက လက်မခံဘူး။ သဘောမတူဘဲနဲ့ဆက်လို့သာ မြင်မြင်သမျှကို သီလပေးမြဲပေးတယ်။
အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး ရဟန်းတွေ ပြောကုန်ကြရော။ သည်လို ပြောကြတာကို မြတ်စွာဘုရား ကြားသိတော့ ကောရဏ္ဍိယဇာတ်ကို ဟောတော်မူတော့တယ်။
အတိတ်ဇာတ်လမ်းမှာ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း စိုးစံစဉ်အချိန်ပါပဲ။
ဘုရားအလောင်းတော်က ပုဏ္ဏားမျိုး။
အမည်က ကောရဏ္ဍိယ။
ကောရဏ္ဍိယဟာ တက္ကသိုလ် ဆရာကြီးတစ်ဦးထံမှာ တပည့်ခံပြီး ပညာသင်ကြားနေပါတယ်။ တပည့်ဆိုပေမယ့် သာမန်တပည့်တော့ မဟုတ်ပါဘူး။ တပည့်ထဲမှာ အကြီးအကဲ တစ်ယောက်ပါ။
အဲသည် ကောရဏ္ဍိယရဲ့ တက္ကသိုလ်ဆရာကြီးဟာ မြင်မြင်သမျှကို သီလခံယူဖို့ တိုက်တွန်း သတိပေးနေတတ်တယ်။
အဲဒါကို တပည့်တွေက သဘောမကျဘူး။ တို့ဆရာကြီးက မြင်မြင်သမျှ ကြုံရာလူ သီလ ပေးနေတာပဲ။ တကယ်တော့ သီလခံယူချင်သူကိုသာ သီလပေးသင့်ပါတယ်။ မယူချင်သူတွေကို မပေးသင့်ပါဘူးလို့ ပြောကြဆိုကြတော့ ဆရာကြီး သိလာတယ်။
ဆရာကြီးက စိတ်ညစ်သွားတယ်။ ဒါပေမယ့် တပည့်တွေ အကြံပေးတာကို လက်မခံပါဘူး။ သူ့သဘောကျ သီလ ပေးမြဲတိုင်း ပေးတာပဲ။
သည်လိုနဲ့ နေလာလိုက်တာ၊ ပုဏ္ဏားတွေကို မင်္ဂလာရွတ်ဖို့ ပင့်ဖိတ်တဲ့နေ့ကို ရောက်လာတယ်။ ပင့်ဖိတ်တဲ့ နေရာကို ဆရာကြီး မလိုက်ဘူး၊ နေခဲ့တယ်။ ကောရဏ္ဍိယတို့ကို သွားခိုင်းတယ်။ ပူဇော်သက္ကာရ ခံယူပြီး သူ့ဖို့ယူခဲ့ရန်လည်း မှာလိုက်တယ်။
ကောရဏ္ဍိယတို့တတွေ သွားကြတာပေါ့။ မင်္ဂလာရွတ်တဲ့ ကိစ္စပြီးလို့ အပြန်မှာ ကောရဏ္ဍိယစိတ်ထဲ အကြံတစ်ခု ၀င်လာတော့တယ်။
တွေ့ရတာက ချောက်ကြီး။
နက်လှတဲ့ ချောက်ကမ်းပါးကြီး။
ပုဏ္ဏားတွေ မောမောနဲ့ နားနေတုန်း ကောရဏ္ဍိယာ သူ့ဆရာကြီးကို ဥပမာ ပေးဖို့ အကြံရရော။ ချောက်ကမ်းပါးကြီးကို ကြည့်ပြီးရတဲ့ အကြံရတယ်။
ဘာမပြော၊ ညာမပြော ချောက်ကမ်းပါးထဲကို ခဲတွေ တစ်လုံးပြီးတစ်လုံး ကောရဏ္ဍိယ ပစ်ချနေတယ်။
တွေ့တဲ့ပုဏ္ဏားအဖွဲ့ဝင်တွေက မေးကြတာပေါ့။ ဒါပေမယ့် ဘာကြောင့် ခဲလုံးပစ်ချတယ်ဆိုတာကို သူ မဖြေဘူး။ အားရပါးရ ပစ်မြဲပစ်ချနေတယ်။
ပုဏ္ဏားအဖွဲ့တွေ သဘောမပေါက်နိုင်အောင် ဖြစ်ကုန်တာပေါ့။ ဟ - ဘယ်လိုလဲ၊ ကောရဏ္ဍိယ ဘာတွေဖြစ်သွားတာတုံး၊ ခက်တာပဲလို့ ပြောဆိုကုန်ကြတယ်။
ပုဏ္ဏားလုလင်အချို့ကတော့ ကောရဏ္ဍိယအကြောင်း ပြောဖို့ ဆရာကြီးဆီ ပြေးပြီ။
တက္ကသိုလ်ဆရာကြီးလည်း သည်ကိစ္စသိတော့ တအံ့တသြနဲ့ မနေသာဘဲ ချောက်ကမ်းပါးကြီးနား လိုက်ခဲ့ရတယ်။
“အို - ကောရဏ္ဍိယ။ မင်း ဘယ်လိုများ ဖြစ်သတုံး။ ဘယ်အကျိုးကိုလိုလို့ ဘာအကြောင်းကို လုပ်တာတုံး။ အဓိပ္ပာယ်မရှိကွာ။ သည်လို ခဲတွေ ပစ်ချနေလို့ ဘာ အကျိုးရှိမှာတုံး” လို့ မေးယူရတော့တယ်။
အဲသည်မှာ ကောရဏ္ဍိယက ဖြေပြီလေ။
သည်ချောက်ကမ်းပါးကြီးကို ညှိချင်လို့ သည်မြေကြီးနဲ့အတူ လက်ဝါးပြင်ကဲ့သို့ ညီညွတ်အောင် ခဲတွေ ဖိုနေတာပါတဲ့။
သည်လို ဆိုလျှောက်လိုက်တော့ -
“ဟာ - မင်းနယ်ကွာ။ မင်း လက်နှစ်ချောင်းနဲ့ ဒီချောက် ပြည့်အောင်ချလဲ ပြည့်မလား။ မပြည့်နိုင်ဘူး။ ဇွဲနဲ့ဖြည့်လဲ သေတောင် ပြည့်လာမှာ မဟုတ်ဘူး” လို့ ဆိုလိုက်တယ်။
အဲသည်မှာ ကောရဏ္ဍိယတစ်ယောက် ပြောချင်တာ ပြောခွင့်ရပြီလေ။
“ဆရာကြီးခင်ဗျား။ လောကမှာ တစ်ယောက်တည်း သော လက်နဲ့ ဟောဒီမြေကြီးကို ညီညွတ်အောင် မစွမ်းနိုင်ရင် ဆရာကြီးကိုယ်တိုင်လဲ အယူအမျိုးမျိုး ရှိတဲ့လူတွေကို ဆရာကြီး အလိုဆောင်ခြင်းငှာ စွမ်းနိုင်မှာ မဟုတ်ပါဘူး”
အဲသည်လို ကောရဏ္ဍိယက အလွန်ကောင်းလှတဲ့ ဥပမာနဲ့ ရှင်းပြလိုက်တာပေါ့။
ဆရာကြီးဟာ သီလပေးတဲ့ ကိစ္စကို သဘောပေါက်သွားတယ်။
“ဟုတ်တယ် ကောရရေ၊ မင်းဆိုတာ မှန်ပကွာ။ ဟောသည်မြေကြီးကို ညီညွတ်အောင် မတတ်နိုင်သလို၊ လူတိုင်းကို တစ်ဦးတည်းဖြစ်အောင် ဘယ်လိုပြုနိုင်မှာလဲ ဟုတ်ပါ့ကွာ၊ ဟုတ်ပါ့”
ဇာတ်ကို ပေါင်းလိုက်တော့ -
တက္ကသိုလ်ဆရာကြီးက - ရှင်သာရိပုတ္တရာ။
ကောရဏ္ဍိယလုလင်ကတော့ - မြတ်စွာဘုရား။
လူတိုင်းမှာ၊ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တဲ့လူတိုင်း ဆိုသလိုမှာ သီလ မရှိကြပါဘူး။ အချို့သာ သီလ ရှိတယ်။ အချို့က သီလ မရှိဘူး။ အချို့က သီလ လိုချင်တယ်။ အချို့က သီလ လုံးဝ မလိုချင်ဘူး။ သီလတရားဆိုတာကို အချို့က ဗုဒ္ဓဘာသာ မိရိုးဖလာသဘောအရ သိတယ်။ သေသေချာချာတော့ သဘောမပေါက်ဘူး။ တချို့က သိလျက်နဲ့ ဘ၀မုန်တိုင်းတွေထဲလွင့်ပြီး သီလကို ဘေးချိတ်ထားတယ်။
အချို့ကတော့ သီလရှိတဲ့အခါ ရှိလိုက်၊ မရှိတဲ့အခါ မရှိလိုက်၊ ဘ၀ရာသီအလိုက် ပြောင်းနေတယ်။
အချို့က သီလရှိမှ ချမ်းသာနိုင်တယ်ဆိုတာကို မယုံဘူး။
သီလတွေ ထားနေရင် ထမင်းငတ်မယ်တောင် ပြောကြတယ်။
လူတွေကို လက်ဝါးပြင်လို ညီအောင်လုပ်လို့ မရနိုင်ပါဘူး။
ဖိနပ်တိုင်းသာ ခြေထောက်မှာ တော်ရင် လူတွေအားလုံး ခြေရာတူမယ်ဆိုတဲ့ နိုင်ငံရပ်ခြားကဗျာတစ်ပုဒ် ဖတ်ခဲ့ဖူးတယ်။
အရောင်တွေ မတူ၊ ဘောင်တွေ မညီသလို လူတွေရဲ့ သဘော ဘယ်မှာ ညီမှာလဲဆိုတဲ့ ကဗျာတစ်ပုဒ်လည်း ရှိသေးတယ်။ စဉ်းစားမိတာက စက်ကိရိယာပစ္စည်း အကူအညီ တွေနဲ့ တော်ရုံတန်ရုံ ချောက်ကမ်းပါးဆိုရင် ညီလာအောင်ဖြည့်လို့ ရချင်ရမယ်။ လူတွေအားလုံးတော့ သီလပေးလို့ရမယ် မထင်ဘူး။
သီလတွေ ပေးလည်း ပေးတာပဲ ရှိမှာပေါ့။
(သုတေသီဘုန်းမြင့်သွေး)
ဓမ္မနဒီမှတဆင့်
No comments:
Post a Comment