
ကုသိုလ်ကို ယူတတ်ဖို့လို
******************
ကုသိုလ်လုပ်ဖို့ မကြောင့်ကြနှင့်။ ကုသိုလ်ဟာ များလေကောင်းလေပဲ။ ကုသိုလ်ကို ငွေကြေးကုန်မှခန်းမှရတယ်လို့ အချို့က ထင်နေကြတယ်။ မကုန်မခန်းဘဲနဲ့လည်း ကုသိုလ်ရနိုင်ပါတယ်။
တိုင်းတစ်ပါးနှင့် နှိုင်းစာရင် တို့ဆီမှာ ကုသိုလ်ရဖို့ အင်မတန်လွယ်တယ်။ ဘုရား၊ တရား၊ သံဃာကို ရှိမခိုးတဲ့သူရယ်လို့ တယ်မရှိဘူး။
ဘုရားသားတော် ရှင်သာမဏေလေးတွေ ရှိတယ်။ အဲဒီ ရှင်သာမဏေလေးတွေကို လူသာမန် မဆိုထားနှင့်၊ လေးကျွန်းလုံးကိုအုပ်စိုးတဲ့ စကြာမင်းကပင် ရိုသေစွာ ရှိခိုးထိုက်တယ်။ ရှိခိုးလို့ရတဲ့ ကုသိုလ်ဟာ ဘယ်လောက်များသလဲဆိုရင် ငါဘုရားတပည့်သားကို ကြည်ညိုတဲ့စိတ်နှင့် ရှိခိုးလို့ရတဲ့ ကုသိုလ်ကို လေးပုံပုံလို့ တစ်ပုံကိုပင် လောကီလူပေါင်းများစွာကို အကုန်အကျခံကာ ကျွေးမွေးပေးကမ်းစွန့်ကြဲလို့ ရတဲ့ကုသိုလ်က မမီဘူးတဲ့။
ဒါကြောင့် အကုန်အကျမခံဘဲနှင့်လည်း ကုသိုလ်များစွာ ရတယ်ဆိုတာ မှတ်ကြဖို့ပဲ။ ဘုရားရှင်က ကုသိုလ်လုပ်ကြဖို့ အလွန်အားပေးတယ်။
ဘယ်လိုလဲဆိုရင်----
ချစ်သားတို့ ကုသိုလ်ပြုရန် မကြောက်ကြနှင့်။ ကုသိုလ်ကောင်းမှုတည်းဟူသော အမည်သည် အလိုရှိအပ်သော၊ နှစ်သက်အပ်သော၊ နှလုံးကိုပွားစေအပ်သော၊ ချစ်အပ်သော၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ၏ အမည်ပင်ဖြစ်၏ လို့ ဖော်ညွှန်းတော်မူတယ်။
ကုသိုလ်ကိုယူတတ်ရင် ရတာချည်းပါပဲ။ သူတော်ကောင်းက လွယ်လွယ်နှင့် ကုသိုလ်ဖြစ်တယ်။ မသူတော်ကတော့ ကုသိုလ်ဖြစ်ဖို့ရန် အင်မတန်ခဲယဉ်းတယ်။
တောင်ပုလုကမ္ဘာအေး ဆရာတော်ဘုရားကြီး
စာအုပ်မှ ကောက်နှုတ်တင်ပြသည်။
No comments:
Post a Comment