
လောကမှာ ဘုရားသာသနာရှိတဲ့အချိန်မှာ ပုဂ္ဂိုလ်က (၃) မျိုးရှိပါတယ်။ သာသနာမရှိတဲ့အချိန်ဆိုရင်တော့ ပုဂ္ဂိုလ်က (၁) မျိုးပဲရှိပါတယ်...
(၃၁)ဘုံသားတွေ ဘယ်လောက်ပဲများများ၊ သတ္တ၀ါတွေ ဘယ်လောက်ပဲများများ။
ပထမအမျိုးစားက အမှန်တရားကို မသိတဲ့အတွက် မသိလို့ သမုတိသစ္စာတွေကို ပညတ်တွေကို ရှိတယ်ထင်နေတာ။ မသိလို့ရှိတယ်ထင်နေတာ။
သာသနာတွင်းမှာရော သာသနာပမှာရော ဘယ်တော့မှမျိုးမတုန်းတဲ့ အန္ဓ ပုထုစဉ်ပါ။
ပညတ်တွေကို တကယ်ရှိတယ်ထင်ပြီးတော့မှ ငါယောကျာ်းပဲ၊ ငါမိန်းမပဲ၊ ငါလူပျိုပဲ၊ ငါအပျိုပဲ၊ ငါအိမ်ထောင်သည်ပဲ၊ ငါကလေးအဖေပဲ၊ ငါကလေးအမေပဲ၊ ငါဆရာဝန်ပဲ၊ ငါသူဌေးပဲ၊ ငါဆရာပဲ၊ ငါသားပဲ၊ ငါသမီးပဲ ... ဒါတွေက အမှန်တရားကို
မသိတဲ့အတွက် မရှိတဲ့ပညတ်ကို အရှိလုပ်ပြီးတော့မှ စွဲနေတာ။
ကိုယ့်အစွဲနဲ့ကိုယ် ဆရာဝန်ကလဲ ကိုယ့်ကိုယ်ကိုယ် ဆရာဝန်ထင်နေတော့ ငါဆရာဝန်ပဲ .. ဒီအသိနဲ့ ဆရာဝန်ရဲ့ ၀တ္တရားတွေ တာဝန်တွေ။ သားကလဲ ငါသားပဲ.. ဒီအသိနဲ့ သားတာဝန်၊ သမီးတာဝန်တွေ။ အိမ်ထောင်သည်ကလဲ ငါအိမ်ထောင်သည်ပဲဆိုတဲ့ အသိနဲ့.. သြော်..ကိုယ်က လွန်သွားပြီ.. ကျွံသွားပြီ ကိုယ့်သမုဒယကြောင့်
ဒါကြောင့် မတတ်နိုင်ဘူးလေ.. ကိုယ်ကတော့ ကိုယ့်သမုဒယကြောင့်ဖြစ်တဲ့ ဒုက္ခကြောင့် ခံရတော့မှာပဲ ... မှားတာကို မှားမှန်းသိဖို့တောင် မလွယ်ပါဘူး။ သိတဲ့အချိန်မှာ ပြင်မယ်ဆိုတဲ့စိတ်ကူး မပေါ်လာပဲနဲ့ လူပျိုအပျိုက သစ္စာတရားတွေ နာရလို့ ဒီအလုပ်ကိုလုပ်ဖို့ရာ ဆုံးဖြတ်ချက်မချနိုင်ဘူး။ အိမ်ထောင်တွေ ပြုချင်နေသေးတယ်.. စိတ်ကူးတွေ ယဉ်ချင်နေသေးတယ်။ မခံချင်တဲ့စိတ်တွေနဲ့ ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင် ကိုယ်ဘာကောင်လဲဆိုတာ သူများသိအောင် လုပ်ပြချင်သေးတယ်။ သစ္စာတရားနာလို့ သစ္စာသိတဲ့ဘ၀တွေကို ဖြစ်ချင်တဲ့စိတ်က အင်မတန်နောက်ကျပြီးတော့မှ
လောကီမှာ ငယ်စဉ်ကထဲက ဟိုဟာဖြစ်ချင်၊ ဒီဟာဖြစ်ချင်စိတ်တွေက အင်မတန်များပြားတဲ့ လောဘစိတ်တွေက ရှေ့တန်းမှာ နေရာယူနေတဲ့ အခါကျတော့ အင်မတန်နာကြားရခဲတဲ့ သစ္စာတရားနဲ့ နာကြားရချိန်မှာလဲ ရှေ့ဆက်မတိုးနိုင်ဘူး။ လူ့ရဲ့ လောဘတွေကတားနေတာကိုး။
ဒီလမ်းကိုမလုပ်ဖြစ်အောင်၊ ဒီလမ်းကို မလျှောက်ဖြစ်အောင် သေခါနီးလုပ်လဲ ရတာပဲ၊ အရွယ်လေး ရှိသေးတာပဲ နည်းပေါင်းစုံနဲ့ ။ အိမ်ထောင်သည်တွေကျတော့လဲ ငါက လွန်သွားပြီ ကျွံသွားပြီ.. လူပျိုအပျို ဘ၀ဆိုရင်လဲ အကောင်းသား။ ဒါကလဲ ဆင်ခြေပါပဲ။ ကြားဖို့တောင် အင်မတန်ခဲယဉ်းလှပါပြီ။ ဒါလေးကို မသေခင်လေးမှာ နားကြားလိုက်ရတာကိုက ကိုယ့်ရဲ့အင်မတန်အားကြီးတဲ့ ပါရမီအရှိန်ကြောင့်တွေ့ရတာ။ တွေ့တဲ့ အချိန်မှာ ကောက်ကောက်ပါအောင် လိုက်ရမယ့်အစား နည်းမျိုးစုံနဲ့ ကိလေသာဆင်ခြေထိုးတာကို နားယောင်လိုက်ကြတာပါပဲ။
လူ့ပြည်က အပ်တစ်စင်း ဗြဟ္မာ့ပြည်က အပ်တစ်စင်း ထိပါသေးတယ်။ သမုဒ္ဒရာထဲမှာ မျောချင်ရာ မျောနေတဲ့ သစ်တုန်းအပေါက်ကြီးမှာ အနှစ် ၁၀၀ မှ တစ်ကြိမ် ရေပေါ်ကိုတတ်လာတဲ့ လိပ်ကြီးရဲ့ ခေါင်းနဲ့ လျှိုမိချင်စရာ ရှိချင်ရှိပါသေးတယ်။ လူ့ဘ၀ရဖို့ အင်မတန်မှပင်ခဲယဉ်းတယ်။ လူဖြစ်လာတာထပ်ပိုပြီးခဲယဉ်းတာက သစ္စာတရား ဘုရားသာသနာနဲ့ ကြုံဖို့က ဒီ့ထက်တောင် ပိုပြီးတော့ ခဲယဉ်းပါသေးတယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာတွေ မြောက်များစွား ရှိပါတယ်။ လူအဖြစ်ကိုလဲ ရတယ်.. အင်မတန်ခဲယဉ်းခြင်း၊ သစ္စာတရားနာကြားခွင့်ရတယ် ဘုရားသာသနာရှိနေတယ်.. အင်မတန်ခဲယဉ်းတာ.. သစ္စာတရားကို နာကြားခွင့်ရတယ် အင်မတန်ခဲယဉ်းတာ။ နာကြားလို့ ဒါကို ထောင်နိုင်တဲ့ နားလဲရှိလို့ သဘောလဲကျနေပြီဆိုရင်တော့ ဒါတွေက ပါရမီပါ။
ဒီအခွင့်အရေးကို ဘယ်လို ခွေးတွေကြောင်တွေမှ မကြိုက်နိုင်ပါဘူး။ မစင်ပုံတစ်ပုံလောက်၊ အမဲရိုးတစ်ခြောင်းလောက်၊ ကြွက်တစ်ကောင်လောက် နိဗ္ဗာန်ဆိုတာ သဘောကျဖို့ မလွယ်ပါဘူး။ အဲဒီတော့ ဒီလိုမျိုး ကိလေသာတွေ ငမ်းငမ်းတက်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ကြားထဲမှာ လူအဖြစ်လဲ ကြုံနေတယ်၊ ဘုရားသာသနာနဲ့လဲ ကြုံနေတယ်၊ လာပြီးတော့မှကြုံနေတယ် ဘုရားသာသနာလဲ ရှိတယ်.. ဘုရားနဲ့ ကြုံနေတာပါပဲ။ ဘုရားဟောခဲ့တဲ့ သစ္စာတရားတွေ မကွယ်ပျောက်သေးတာ နာကြားခွင့်ရနေတာ.. ဒါ ဘုရားသာသနာနဲ့ကြုံနေတာပါပဲ။
ဒီလို သစ္စာတရားတွေကို ဖေါ်ထုတ်ပေးတဲ့ ဆရာကောင်း သမားကောင်းတွေရှိနေတာ... ဒါကလဲ သာသနာတွင်းမှာတောင်မှ ရှားရှားပါးပါး နာကြားခွင့်ရတာပါ။
သာသနာပဆိုရင် ပိုပြီးတော့ ဆိုးပါလိမ့်မယ်။
နာကြားခွင့်ရတဲ့ အခါမှာလဲ အများအားဖြင့်ကတော့ တဏှာနားသာ ရှိတဲ့အတွက် ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကားမှ၊ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေမှ၊ ကိုယ်ကြိုက်တဲ့ ဘောလုံးပွဲတွေမှ ကြိုက်တာမှ ကြည့်တတ်တဲ့ တဏှာနားသာရှိတဲ့၊ တဏှာမျက်လုံးသာရှိတဲ့ အန္ဓပုထုစဉ်တွေ ဘ၀မှာ ဒီတဏှာနားနဲ့ ဘယ်လိုမှ ထောင်လို့မရတဲ့ ထောင်ရရင်လဲ ထွက်ပြေးမယ့် သစ္စာတရားတွေ ထောင်နိုင်တဲ့နားရှိတယ် ဆိုတာက တော်ရုံတန်ရုံပါရမီနဲ့ မရှိပါဘူး။ ဒါကြောင့်မိုလို့ တခြားဘာသာဝင်တွေ များတာပေါ့။
ဗုဒ္ဒဘာသာဝင်၊ တကယ့်ထေရ၀ါဒ စစ်စစ်က အင်မတန် နည်းပါလိမ့်မယ်။ ဒီထဲကမှ တဖန် ဆိုင်းဘုတ်က အင်မတန်များပါတယ်။ တကယ့်လက်တွေ့ကျင့်ကြံအားထုတ်နေတာ သစ္စာတရားတွေကို တကယ့်နှစ်နှစ်ခြိုက်ခြိုက် ဒါမှသာ တရားစစ်ပဲ၊ ဒီအလုပ်ကို မရရအောင်လုပ်ရမှာပဲ ဒီလို စိတ်ဓါတ်မျိုးထားပြီးတော့မှ မဖြစ်မနေ မရမနေစိတ်ထားနဲ့ ကျင့်ကြံအားထုတ်နေတဲ့ ဗုဒ္ဓဘာသာဝင် ဘယ်နှယောက်ရှိမှာလဲ။ ကိုယ်ဟာကိုယ် ဒါနလေးနဲ့၊ သီလလေးနဲ့၊ သမထလေးတွေနဲ့ ရောင့်ရဲကျေနပ်နေတဲ့ ဗုဒ္ဓဘာသာဝင်က အင်မတန်များပါလိမ့်မယ်။
ဆရာတော် ဦးဥတ္တမသာရ ( သဘာဝ တရားရိပ်သာ)
mawkon.thakhin ရေးသားသောပို့မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment