
*မဟာယာန ဗုဒ္ဓဘာသာတက္ကသိုလ် ကျောင်းတော်ကြီးများ*
*******************************************
သာသနာနှစ် ၁၀၀၀ (အေဒီ၅၀၀) ကျော်မှစ၍ အိန္ဒိယပြည်တွင် မဟာယာန ဗုဒ္ဓတက္ကသိုလ် အများအပြားပေါ်ခဲ့သည်။ ယင်းတက္ကသိုလ်များကို မဟာယာနဗုဒ္ဓဘာသာ ဘုရင်များသာမက ဟိန္ဒူဘုရင်များပါ အားပေးခဲ့ကြသည်။
*******************************************
သာသနာနှစ် ၁၀၀၀ (အေဒီ၅၀၀) ကျော်မှစ၍ အိန္ဒိယပြည်တွင် မဟာယာန ဗုဒ္ဓတက္ကသိုလ် အများအပြားပေါ်ခဲ့သည်။ ယင်းတက္ကသိုလ်များကို မဟာယာနဗုဒ္ဓဘာသာ ဘုရင်များသာမက ဟိန္ဒူဘုရင်များပါ အားပေးခဲ့ကြသည်။
ဤတက္ကသိုလ်ကြီးမှပင် တရုတ် ဂျပန်နှင့် အခြားဒေသများသို့ မဟာယာနဗုဒ္ဓဘာသာကို
ဖြန့်ချီခဲ့ခြင်းဖြစ်သည်။
သာသနာသက္ကရာဇ် ၁၃၀၀ (အေဒီ၉၀၀)နောက်ပိုင်း၌မူ
ဤတက္ကသိုလ်ကြီးများသည် ဝဇိရယာနဝါဒဖြန့်ချိရာ ဗဟိုဌာန ဖြစ်လာခဲ့ကြသည်။
ယင်းတက္ကသိုလ်များမှာ။ ။
(1) နာလန္ဒာတက္ကသိုလ်။ ။ဤတက္ကသိုလ်ကား နာမည်ကျော်ကြား
လူသိအများဆုံး ဖြစ်သည်။ သာသနာသက္ကရာဇ် ၁၀၀၀ပြည့်(အေဒီ၅၀၀) ကျော်က
ကုမာရဂုတ္တမင်းက စတင်တည်ထောင်ခဲ့သည်။ မဟာယာနစာပေများကို ဗြာဟ္မဏတို့၏
ဝေဒစာပေနှင့် တွဲဖက်၍ သင်ခဲ့သည်။
ဤတက္ကသိုလ်တွင် စာသင်သား ရဟန်း
၁သောင်းနှင့် စာချဆရာတော် ၁၅၀၀ရှိသည်ဟု တရုတ်ရဟန်း ဟီယန်ဆိုင်နှင့်
အိုက်ဆင်တို့က မှတ်တမ်းတင်ခဲ့သည်။ ရတနာများနှင့် စီခြယ်ထားသည့်ပြင်
ပိဋကတ်တိုက်များကိုလည်း ကျောင်းဝင်းပတ်လည်၌
ဆောက်လုပ်ထားပြီး အထပ် ၉ ထပ်ပင်
ရှိသည်။
သာသနာနှစ် ၁၇၀၀ ကျော်၌ တူရကီအနွယ်ဝင် မဟာမေဒင်တို့သည်
နာလန္ဒတက္ကသိုလ်ကို စစ်တပ်နှင့် ဝိုင်းရံ၍ ကျောက်မျက်များကို
လုယက်ယူကြသည့်အပြင် ရဟန်းများကိုလည်း သတ်ရာ ၁ သောင်းကျော် သေခဲ့ရသည်ဟု
ဆိုသည်။ ။
တူရကီ ရာဇဝင်ဆရာ မင်ဟဇဒ်ကမူ ရဟန်းပေါင်း ထောင်ပေါင်းများစွာ
ခေါင်းဖြတ်ခံရ ထောင်ပေါင်းများစွာ အရှင်လတ်လတ် မီးရှို့အသတ်ခံရပြီး
ပိဋကတ်တိုက်များကို မီးရှို့ဖျက်ဆီး၍ မီးလောင်ရာ လပေါင်းများစွာ ကြာသည်ဟု
တဗကတအင်နာဆီတီ စာအုပ်၌ ရေးသားဖော်ပြထားသည်။ ။
(2) ဝလဘိတက္ကသိုလ်။ ။
ဤတက္ကသိုလ်မှာ အိန္ဒိယ အနောက်ပိုင်းတွင် ရှိ၍ သဗ္ဗတ္ထိဝါဒ ဟိနယာနစာပေကို
သင်ကြားပေးသည်။ နာလန္ဒာတက္ကသိုလ်နှင့်အပြိုင် ဖြစ်သည်။ ။
(3)
ဝိက္ကမသီလာတက္ကသိုလ်။ ။ ဤတက္ကသိုလ်ကို ပါလမင်းဆက်လက်ထက်၌ တည်ထောင်သည်။
ဤတက္ကသိုလ်ကျောင်းထွက်များကို ပဏ္ဍိတဘွဲ့ပေးသည်။ သာသနာနှစ်
၁၇၄၁(အေဒီ၁၃၀၀)ခန့်၌ ဘီဟာနယ်ကို မဟာမေဒင်များသိမ်း၍ ရဟန်းအများစု
အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ဤတက္ကသိုလ်ကျောင်းအုပ် အတိဆာ ခေါ် ဒီပင်္ကရာဥာဏသည်
တိဗက်ဘုရင်ပင့်ဖိတ်ချက်အရ တိဗက်သို့ သာသနာနှစ် ၁၆ ရာစု (ခရစ်နှစ် ၁၆ ရာစု)
တွင်ကြွရောက်၍ လားမားဗုဒ္ဓဘာသာသာသနာကို တည်ထောင်ခဲ့သည်။ ။
အထူးမှာ
အတိဆာဆရာတော်သည် သြဒန္တပူရီတက္ကသိုလ်၌ ပညာသင်ခဲ့သည့်အပြင် သုဝဏ္ဏဒီပ ခေါ်
အင်ဒိုနီးရှားသို့သွား၍ ဆရာတော် စန္ဒြကိတ္တိထံ၌လည်း တန္တရ မန္တရပညာကို
သင်ခဲ့သည်ဟု အချို့ကဆိုကြသော အချက်ဖြစ်သည်။
သြဒန္တပူရီတက္ကသိုလ်မှာ တန္တရ
မန္တရပညာရပ်ကိုသာ အဓိကသင်ကြားသော တက္ကသိုလ်ဖြစ်၍ ယင်းတက္ကသိုလ်၌ပင် တန္တရ
မန္တရပညာရပ်ကို လုံလောက်စွာ သင်ယူရရှိနိုင်ပါလျက် အင်ဒိုနီးရှားသို့
သွားရောက်၍ ယင်းပညာရပ်ကို သင်ယူရသေးသည် ဟူသောအဆိုမှာ ထူးခြားလျက်ပင်ရှိသည်။
ထိုထက်ထူးခြားသည်မှာ ယင်း အတိဆာဆရာတော်သည် မြန်မာနိုင်ငံ ပဲခူးသို့လည်း
သာသနာနှစ် ၁၅၇၀ (အေဒီ၁၀၂၆) ၌ လာရောက်၍ အရည်းကြီးဝါဒဖြစ်သော တန္တရပညာရပ်ကို
သင်ကြားသည်ဟူသော အဆိုပင်ဖြစ်သည်။ ဤအဆိုကို ရေးသားဖော်ပြသောစာအုပ်မှာ
သန်လျင် ကျိုက်ခေါက်စေတီတော် ဘုရားသမိုင်း ဖြစ်သည်။
ယင်းစာအုပ်တွင်
သမိုင်းရေးသူက တိဗက်တာရနာထ လားမားဘုန်းတော်ကြီး၏ မှတ်တမ်းအရ ဘင်္ဂလားပြည်မှ
ရှင်ဝသုဗန္ဓုသည် သူ၏ တပည့်ရဟန်းများကို ပုဂံနှင့် ပဲခူးအရပ်များသို့
သာသနာနှစ် ၁၀၅၀-၆၀(အေဒီ၅၀၆-၅၁၆) လောက်တွင် မဟာယာနဗုဒ္ဓဘာသာကို ပြုစုရန်
စေလွတ်လိုက်သည်ဟု
ရေးသားထားပြီး အရည်းကြီးဝါဒခေါ် တန္တရယာနသည်
ပုဂံ၌ကဲ့သို့ပင် သန်လျင် ပဲခူးတို့၌လည်း ထွန်းကားနေသည့်အပြင် အိန္ဒိယပြည်
ဘင်္ဂလားနယ် တန္တရယာနထက်ပင် ဆန်းကြယ်နေသောကြောင့် ဘင်္ဂလားပြည်သား အတိသ(အတိဆာ)
ခေါ် ဒီပင်္ကရသြဇဥာဏသည် ပဲခူး သန်လျင်သို့လာ၍ တန္တရအလေ့အကျင့်များကို သာသနာနှစ်
၁၅၇၀ (အေဒီ၁၀၂၆) လောက်တွင် သင်ယူပြီးနောက် တိဗက်ပြည်၌ တန္တရယာနအယူကို
ပြုစုပေးခဲ့သည်ဟု သူ၏တပည့် ဗရွမ်တွန်ရေးသားချက်အရ သိရသည်
ဟုရေးသားဖော်ပြထားသည်။
ဤ၌ ရှေးဦးစွာ ယင်းစာအုပ်ပါ ဖော်ပြထားသော
ရှင်ဝသုဗန္ဓုကား မည်သူဖြစ်သည်ကို စိစစ်ရန်လိုသည်။ သာသနာသမိုင်းတွင်
ထင်ရှားကျော်ကြားလှသော သဗ္ဗတ္ထိဝါဒဂိုဏ်း အဘိဓမ္မာကောသဆရာ ရှင်ဝသုဗန္ဓုသည်
ဂန္ဓာရတိုင်း ပက်ရှဝါမြို့(ပုရိသပုရ)၌ သာသနာနှစ် ၉၆၄(အေဒီ၄၂၀)တွင် မွေးဖွား၍
သာသနာနှစ် ၁၀၄၄(အေဒီ၅၀၀)၌ ပျံလွန်တော်မူခဲ့သည်။
ဤအရှင်သည် ကက်ရှမီးယားသို့
မထင်မရှားသွား၍ ပညာသင်ကြားခဲ့ပြီး ဂန္ဓာရတိုင်းသို့ ပြန်ရောက်လာသောအခါ
အဘိဓမ္မာကောသကျမ်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။ ယင်းစာအုပ်တွင် ဖော်ပြထားသော
အရှင်ဝသုဗန္ဓုမှာ သာသနာနှစ် ၁၀၅၀-၆၀ ၌ တပည့်များကို ပညာသင်လွတ်သည်ဟု
ဆိုသဖြင့် ၆နှစ်နှင့် ၁၆နှစ် ကွာနေသောကြောင့် အဆိုပါ တပည့်ကျော်
ဆရာတော်ဝသုဗန္ဓု မဟုတ်ကြောင်း ထင်ရှားသည်။
တစ်ဖန် ထိုကာလတစ်ဝိုက်တွင်
အိန္ဒိယ၌ထင်ရှားနေသော ရှင်ဝသုဗန္ဓု အမည်ရှိပုဂ္ဂိုလ်မှာလည်း ယင်းပညာကျော်
ဆရာတော်မှတစ်ပါး အခြားရှိသေးကြောင်း ခိုင်မာသော သမိုင်းမှတ်တမ်းများကမျှ
ဖော်ပြထားခြင်း မရှိသောကြောင့် အဆိုပါစာအုပ်တွင် ဖော်ပြသော တိဗက်တာရနာထ
လားမားဘုန်းကြီး၏ မှတ်တမ်းသည် မှန်ကန်ခိုင်မာမှု မရှိကြောင်း ထင်ရှားလှသည်။
တစ်ဖန် မြန်မာရာဇဝင် မွန်ရာဇဝင် အစောင်စောင်တို့၏ အဆိုအမိန့်များနှင့်
ကျောက်စာ စေတီ ပုထိုး စသော အထောက်အထားများအရ ပုဂံ သရေခေတ္တရာ စသော ပျူတို့၏
ဒေသများတွင်သာ အရည်းကြီးဝါဒ မဟာယာနရှိကြောင်း ပဲခူး သထုံ စသော
ရာမညဒေသများတွင် ထေရဝါဒဗုဒ္ဓ သာသနာထွန်းကားခဲ့ကြောင်းကို
မြန်မာနိုင်ငံသားတိုင်း သိရှိထားကြပြီး ဖြစ်သည်။
သို့ဖြစ်၍ တိဗက်တာရနာထ
လားမားဘုန်းကြီးက စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း
မှတ်တမ်းရေးခဲ့ရိုးမှန်လျှင်လည်း ယင်းမှတ်တမ်းသည် ဒေသမကျွမ်းမှုအပေါ်
အခြေခံ၍ ရမ်းမှန်းဖြန်းသန်း ရေးသားထားသော မှတ်တမ်းဖြစ်ကြောင်း
ထင်ရှားနေပြန်သည်။ ထို့ကြောင့် အဆိုပါ တိဗက်တာရနာထ လားမားဘုန်းကြီး၏
မှတ်တမ်းကို အခြေအမြစ် ခိုင်လုံသော မှတ်တမ်းအဖြစ်
လက်ခံရန်မဖြစ်တော့ပေ။
တစ်ဖန် အတိဆာဆရာတော်သည် အိန္ဒိယတွင် ပညာသင်ကြား၍
အိန္ဒိယမှ တိုက်ရိုက်ပင် တိဗက်သို့ ကြွ၍ လားမားသာသနာကို တည်ထောင်ပြီး
၎င်းတွင်ပင် ပျံလွန်တော်မူခဲ့ကြောင်း ပညာရှင်များ လက်ခံထားကြသည်။
ပဲခူးသို့လာ၍
ပညာသင်သည် ဟူသောအချက်ကို မည်သည့်ပညာရှင်ကမျှ အမြွက်မျှပင်
ဖော်ပြခဲ့ကြခြင်း မရှိပေ။ ထို့ကြောင့် သာသနာနှစ် ၁၅၇၀(အေဒီ၁၀၂၆)လောက်၌
ပဲခူး သန်လျင်နယ်များသို့လာပြီး တန္တရအလေ့အကျင့်များကို သင်ယူသည်ဟု
တိဗက်လားမားဘုန်းကြီး ဗရွန်တွန်က ရေးသားခဲ့သည် ဆိုသောအချက်ကို စိစစ်ရန်
လိုအပ်ပြန်သည်။
ပဲခူး ပထမမင်းဆက်ဖြစ်သော သမလဝိမလမင်းဆက်တွင် နောက်ဆုံး
မင်းဆက်ဖြစ်သော တိဿမင်း(အေဒီ၁၀၄၇-၁၀၅၇) လက်ထက်၌ ဟိန္ဒူဘာသာဝင် ကုလားများသည်
ဘုရင်၏မြှောက်စားမှုကို ခံကြရ၍ သြဇာအရှိန်အဝါ ကြီးခဲ့ကြသည်။
ဘုရင်ကိုယ်တိုင်က အခိုက်အတန့် အယူမှားပြီး ဟိန္ဒူဘာသာဝင် ဖြစ်ခဲ့ရသည်။
သို့ရာတွင် မကြာမြင့်ပါ။ ဘဒြဒေဝီ ခေါ် ထလထော်၏စွမ်းဆောင်ချက်အရ တိဿဘုရင်မှာ
အမြင်မှန်ရ၍ ဗုဒ္ဓဘာသာကို ပြန်လည်သက်ဝင် ယုံကြည်လာပြီး ဘုရားစေတီ ၇ ဆူကိုပင်
တည်ထားကိုးကွယ်ခဲ့ကြောင်း ဘုရား ၇ဆူ ကျောက်စာသမိုင်းတွင် ဖော်ပြထားသည်။
ဟိန္ဒူကုလားများသည် ထိုအချိန်မှစ၍ ပဲခူးမှနှင်ထုတ်ခံခဲ့ရသဖြင့်
၎င်းတို့၏အယူဝါဒလည်း ၎င်းတို့နှင့်အတူ ပဲခူးမှ ကွယ်ပျောက်ခဲ့ရတော့သည်။
ရာမညဒေသတွင် ဤတိဿဘုရင်မှတစ်ပါး ပဲခူး ပထမမင်းဆက်ဝင်များ
နောက်မင်းဆက်ဝင်များသာမက သထုံ ဒဂုံ စသောမင်းဆက်များ အားလုံးပင်
ထေရဝါဒဗုဒ္ဓသာသနာကို အားပေးချီးမြှောက်ခဲ့သော မင်းများချည်းဖြစ်သောကြောင့်
သမိုင်းမှတ်တမ်းများက သက်သေထူလျက်ရှိသည်။
သို့ရာတွင် တေလဂူ ဟိန္ဒူကုလားများ
မကြာခဏရောက်ရှိနေကြသဖြင့် ရာမညဒေသတွင် ဝဇိရာယာန အရည်းကြီးဝါဒ တန္တရ
အယူမဟုတ်သော ဟိန္ဒူဗြာဟ္မဏတို့၏ တန္တရ အလေ့အကျင့်များကိုမူ လက်ခံကျင့်သုံးသော
ပုဂ္ဂိုလ်များ အုတ်ကြားမြက်ပေါက် ဆိုသကဲ့သို့ အနည်းအကျဉ်းရှိနိုင်သည်။
ထို့ကြောင့် သထုံမနုဟာမင်းနှင့် ပုဂံ နော်ရထာမင်း(အေဒီ၁၀၄၄-၁၀၇၇) လက်ထက်၌
သထုံမှ ဗျတ်ဝိ ဗျတ္တတို့၏ဆရာ ဝိဇ္ဇာရသေ့အကြောင်း ဟံသာဝတီ၌ နန်းစိုက်သော
ဘုရင့်နောင် (အေဒီ၁၅၅၁-၁၅၈၁) လက်ထက်၌ ထင်ပေါ်ကျော်ကြားခဲ့သော ဘား ၉
ဘားဝိဇ္ဇာဆရာတော်များ၏ အကြောင်းများနှင့် ကျွန်ုပ်တို့ ယဉ်ပါးနေရခြင်း
ဖြစ်သည်။ ဟံသာဝတီမင်း ဘုရင့်နောင် (အေဒီ၁၅၅၁-၁၅၈၁) လက်ထက်မှစ၍
ကျောင်းကိုအစွဲပြု၍ ထင်ပေါ်ကျော်ကြားနေခြင်းကြောင့်
ဟံသာဝတီ
မော်ကွန်းဝင်စာတမ်းများ ၃၉၉ တွင် ဖော်ပြထားချက်အရ သိရှိရသော
ဘားမဲ့(သမဲ့ပင်ကျောင်း)
ဘားထီး(ဧကရာဇ်ပင်ကျောင်း)
ဘားမြိုက်(ငရုတ်ပင်ကျောင်း)
ဘားတမော့(ကျောက်စွန်းကျောင်း)
ဘားကရား(ခင်တန်းကျောင်း)
ဘားတွဲ(ပထမကျောင်း)
ဘားနိုင်း(အနန်းပင်ကျောင်း)
ဘားထော်(ရွှေကျောင်း)
ဘားနိုင်(ကန့်ကလာပင်ကျောင်း) ဟူသော ဘား ၉
ဘားဆရာတော်များ၏။
အကြောင်းအရာ အတ္ထုပ္ပတ္တိများကို
နှံ့နှံ့စပ်စပ်မသိရှိသေးသော်လည်း ဝိဇ္ဇာလမ်းလိုက်နေကြသော
ပုဂ္ဂိုလ်များလောကတွင် ထင်ရှားနေသော ဘားမြိုက် ဘားတမော့ ဘားတမွတ် ဘားမဲ့
ဟူသော ဘား၎ဘားဝင် ဘားမဲ့ဆရာတော်မှာမူ ဘုရင့်နောင်၏ သားများဖြစ်သော
ညောင်ရမ်းဆက် ညောင်ရမ်းမင်း (အေဒီ၁၅၉၉-၁၆၀၅)နှင့် အနောက်ဘက်လွန်မင်း
(အေဒီ၁၆၀၅-၁၆၂၈) တို့၏ ဆရာဖြစ်ကြောင်း ဘားမဲ့ဆရာတော် လက်တွေ့ကျမ်း
ဒုတိယတွဲတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
မည်သို့ပင်ဖြစ်စေ ယင်း ဘား ၉
ဘားဆရာတော်များသည် ခရစ် ၁၆-၁၇ ရာစုနှစ်များအတွင်း၌ ပေါ်ပေါက်ကြသော
ဆရာတော်များဖြစ်ကြောင်း သိရှိနိုင်သကဲ့သို့ အတိဆာ ဆရာတော်သည်လည်း
အချိန်ကာလခြားနားချက်အရ ယင်းဝိဇ္ဇာဆရာတော်များထံ၌ ပညာသင်ခဲ့သည်ဟု
မယူဆနိုင်ကြောင်း ထင်ရှားနေပေသည်။
သို့ဆိုလျှင် အတိဆာ ဆရာတော်သည် သာသနာနှစ်
၁၅၇၀ (အေဒီ၁၀၂၆) လောက်၌ ပဲခူးသို့လာ၍ အရည်းကြီးဝါဒ တန္တရအလေ့အကျင့်ကို
သင်ယူသည်ဟု ဗရွန်တွန်က မှတ်တမ်းရေးသားခဲ့ရိုးမှန်လျှင် မည်သူ့ထံ၌
မည်ကဲ့သို့သော တန္တရ ပညာရပ်မျိုးကို သင်ယူခဲ့ကြောင်း ဖော်ပြရာသည်။ ယခုမူ
အထောက်အထား ခိုင်လုံရန်ဝေးစွ။
ဆက်စပ်ရန် သဲလွန်စမျှကိုပင်
မတွေ့ရှိနိုင်သဖြင့် လားမားဘုန်းကြီး ဗရွန်တွန်သည်လည်း ထိုအချိန်၌
သရေခေတ္တရာ ပုဂံတို့၌ အစုကြီးစွာရှိ၍ ထင်ရှားနေသော အရည်းကြီးအယူဝါဒကိုပင်
ပဲခူး သန်လျင်နယ်၌ ရှိသယောင် မှားယွင်းယူဆပြီး ရေမြေဒေသမကျွမ်းကျင်မှုအပေါ်
အခြေခံ၍ ရမ်းမှန်းဖြန့်သန်းရေးသားခဲ့ကြောင်း ထင်ရှားနေပြန်တော့သည်။
ထို့ကြောင့် ရမ်းမှန်းဖြန်းသန်း ရေးသားထားသော တိဗက်လားမားဘုန်းကြီး
တာရနာထမှတ်တမ်းနှင့် ဗရွန်တွန်၏ ရေးသားချက်တို့ကို အခြေပြုပြီး သထုံ ပဲခူး
သန်လျင်တို့၌ အရည်းကြီးတို့၏ တန္တရယာန လွှမ်းမိုးခဲ့ကြောင်းနှင့်
ကျိုက်ခေါက်ဒေသတွင် ဟိန္ဒူဗြာဟ္မဏတို့၏ လက်ရာများကို သမိုင်းရေးသူက
အထောက်ထားပြ သုံးသပ်ထားသော်လည်း သာသနာနှစ် ၁၆၀၁ (အေဒီ၁၀၅၇) သထုံမနုဟာမင်း
ပုဂံသို့ရောက်ရှိသွားသည့် နှစ်အထိ ယင်းဒေသတွင် အရည်းကြီးတို့၏
တန္တရယာနလွှမ်းမိုးခဲ့ကြောင်း ကျိုက်ခေါက်သမိုင်းစာအုပ်၌ ရေးသားဖော်ပြ
ဆုံးဖြတ်ထားချက်မှာ မှန်ကန်မှု ရှိ မရှိကို သုတေသီများ
စဉ်းစားဆုံးဖြတ်ရန်သာ ရှိပါတော့သည်။ ။
(4) ဇာဒ္ဒလတက္ကသိုလ်။ ။ဤတက္ကသိုလ်ကို
ရာမပါလမင်း (သာသနာနှစ်၁၆၅၈-၁၆၇၄/အေဒီ၁၂၀၀ ကျော်)က တည်ထောင်သည်။ ၎င်းမင်းသည်
ဂင်္ဂါနှင့် ကရဘိုအာမြစ်အဆုံ၌ ရာမာဝတီမြို့သစ်ကို တည်၍ မြို့တော်အနီး၌
ယင်းတက္ကသိုလ်ကို တည်ထောင်ထားခြင်း ဖြစ်သည်။ သို့ရာတွင်
တက္ကသိုလ်ကိုတည်ထောင်ပြီး နှစ် ၁၀၀ခန့် အကြာ၌ မဟာမေဒင်တို့၏ ဖျက်ဆီးမှုကို
ခံခဲ့ရသည်။
။(5) သြဒန္တပူရီတက္ကသိုလ်။ ။ ဤတက္ကသိုလ်တွင် ဝင်္ဂတိုင်းဘုရင်
ပါလမင်းဆက်မတိုင်မီကပင် ရဟန်း ၁၀၀၀ ရှိသည့်ကျောင်းတိုက်ကြီး ဖြစ်သည်။
နောက်ပိုင်း ပါလမင်းများ၏ ထောက်ပံ့မှုကြောင့် တက္ကသိုလ်အဆင့် မီလာခြင်း
ဖြစ်သည်။ ဤတက္ကသိုလ်သည်လည်း သာသနာနှစ် ၁၇၄၃နှစ် (အေဒီ၁၁၉၉)၌ မဟာမေဒင်များ
ဖျက်ဆီး၍ ပျက်စီးခဲ့ရပြီး ဤတက္ကသိုလ်မှ ရဟန်းအချို့မှာ တိဗက်သို့
ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။
(ဦးစိန်ထွန်း/သုတေသီ)
ဗဟုသုတရှာဖွေ စာပေလေ့လာသူ
မိတ်ဆွေများ ကာယစိတ္တသုခနှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ။
ပင့်ကူပမာတရားရှာ တရားတော် mp3 ရနိုင်မလားခင်ဗျာ
ReplyDeleteလေးစားစွာဖြင့်
ကိုနောင်