
သံဝေဂရဖွယ် ( ဓမ္မပဒမှ)
********************
၁။ လူအပေါင်း၌ အမြဲကိလေသာမီး တောက်လောင်နေပါလျှက် အဘယ့်ကြောင့် ပျော်မြူး ရယ်ရွှင်ဘိသနည်း၊
အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိသနည်း၊
အ၀ိဇ္ဇာမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး မြှေးယှက်အပ်ကုန် သည်ဖြစ်ပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာဆီမီးကို မရှာဘဲ နေကြကုန်သနည်း။
၂။ အဆန်းတကြယ်ပြုအပ်သော အရုပ်နှင့်တူသော အရိုးစုသုံးရာတို့ဖြင့် ထောက်ထားအပ်သော နာကျင်တတ်သော များစွာသောသူတို့သည် ကြံစည်အပ်သော ကိုးပေါက်ဒွါရ အမာဝရှိသောကိုယ်ကို ကြည့်ရှုလော့၊ ယင်းကိုယ်၏ အမြဲအရှည် တည်ခြင်းသည် မရှိချေတကား။
၃။ ဤရူပကာယသည် ဆွေးမြေ့အိုတတ်၏၊ အနာရောဂါတို့၏ တည်နေရာလည်းဖြစ်၏၊ ယိုယွင်းပျက်စီးတတ်၏၊ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် အဆုံးရှိရကား ထိုကိုယ်သည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံ့။
၎။ တန်ဆောင်မုန်းအခါ၌ စွန့်ပစ်ထားသော ဘူးသီးခြောက်ကဲ့သို့ စွန့်ပစ်အပ်သော ခိုအဆင်းကဲ့သို့ ဖြူမွဲသော အရိုးတို့ကိုမြင်ရ၍ အဘယ်မှာ မွေ့လျော်ဖွယ်ရှိနိုင်အံ့နည်း။
၅။ အရိုးတို့ကိုစိုက်ထူ၍ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အတ္တဘောတည်းဟူသောမြို့ကို တဏှာလက်သမား သည် ဆောက်လုပ်အပ်၏၊ ယင်းမြို့၌ အိုခြင်း မာနထောင်လွှားခြင်း သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာ တည်ရှိလေ၏။
၆။ ရတနာတို့ဖြင့် ကောင်းစွာ ဆန်းကြယ်သော မင်းတို့၏ ရထားတို့သည် ဆွေးမြေ့အိုမင်း ကြကုန်သေး၏၊ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် ဆွေးမြေ့ အိုမင်းခြင်းသို့ ရောက်ရသေး၏၊ သူတော်ကောင်းတို့၏ တရားတော် သည်ကား ဆွေးမြေ့ အိုမင်းခြင်းသို့ မရောက်နိုင်ဟု သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အချင်းချင်း ဆွေးနွေးပြောကြားကြကုန်၏။
၇။ အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီး ကြီးထွားလာ၏၊ ထိုယောက်ျားအား အသားတို့သာ တိုးပွားကုန်၏၊ ပညာမူကား မတိုးပွါး။
၈။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။
၉။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီး၊ ခန္ဓာအိမ်ကိုနောင်တဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ် အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ၊ တဏှာ ကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကိုရပြီ။
၁၀။ သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရသောကြောင့် ငါးကုန်ခန်းသောညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ (အရွယ်လွန်သောအခါ)ကြံမှိုင်၍သာ နေကြ ရကုန်၏။
၁၁။ သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် လေးမှလွတ်ပြီးနောက် အရှိန်ကုန်သောမြားတို့ကဲ့သို့ ရှေးဖြစ်ဟောင်း သုခတို့ကို ညည်းတွားအောက်မေ့၍သာ နေကြရကုန်၏။
မေတ္တာဖြင်.....
အနှိုင်းမဲ.စာတိုပေစများမှ ကောက်နှုတ်တင်ပြသည်။
No comments:
Post a Comment