
ကုသိုလ်ဒါနပြုကြတဲ့အခါ ငါစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝတ္တုစွဲ ဒီအစွဲသုံးမျိုး မကပ်ငြိဘဲ လှူဒါန်းတတ်ဖို့ ဆရာတော်ဘုရားကြီးက အမြဲဆုံးမပါတယ်။
အစွဲကင်းတဲ့ အလှူမျိုးသာလျှင် ပါရမီမြောက်ဒါနဖြစ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်အထိ အကျိုးပေးတယ်ဆိုပါတယ်။ `ပစ္စည်းသံယောဇဉ်´ လို့ခေါ်တဲ့ ဝတ္တုစွဲဖြတ်နည်းကိုလည်း ဒီလို ဟောပြခဲ့ပါတယ်။
ဥပမာ- ဆွမ်း(ထမင်း)ဆိုတဲ့ ဝတ္တုပစ္စည်း ဆိုပါစို့။
အဲဒီထမင်းကို ကြည့်လျက်က ဆင်ခြင်ရန်ကား……
`` ထမင်းမဖြစ်မီက ဆန် ဆန်မဖြစ်မီက စပါး စပါးမဖြစ်မီက ကောက်ပင် ကောက်ပင်မဖြစ်မီက ပျိုး ပျိုးမဖြစ်မီက မျိုးဆိုပြီး ထမင်းတစ်လုတ်ရဲ့ လာရာလမ်းကြောင်းကို ရှုမြင်သင့်ပါတယ်။ အဲဒီမှာ တစ်ခုပျက်ပြီး တစ်ခုဖြစ်လာတဲ့ သဘောကို ထင်းရှားတွေ့မယ်´´။
``အဲဒီလိုနဲ့ ပန်းကန်ထဲ ရောက်လာတဲ့ထမင်းကို ဟင်းနဲ့ ရောမွှေလိုက်တဲ့အခါ ထမင်းပျက်သွားပြီး `နယ်ဖတ်´ ဖြစ်လာတယ်။ အဲဒီနယ်ဖတ်ကို ပါးစပ်ထဲ သွင်းဝါးလိုက်တော့ နယ်ဖတ်ပျက်ပြီး `ဝါးဖတ်´ ဖြစ်လာပြန်တယ်။ ဝါးဖတ်ကျေညက်လို့ မျိုချလိုက်တော့ ဝါးဖတ်ပျက်ပြီး အစာ ဖြစ်သွားပြန်ရော။ အဲဒီ အစာဖတ်တွေလည်း ဝမ်းတွင်းမှာ တစ်ညလောက်အိပ်ပြီးတာနဲ့ အစာဖတ် ပျက်ပြီး မစင်ဖတ်(ချေး) ဖြစ်သွားရတယ်´´။
``အဲဒီမစင်ဖတ်ဟာ ကမ္မဇလေက တွန်းထုတ်လှုပ်ချလိုက်တာနဲ့ ကိုယ်ကဆင်းပြီး မြေကျင်းထဲ ရောက်သွားတယ်။ မြေကျင်းထဲ ရောက်သွားတဲ့ မစင်ဖတ်ဟာလည်း သူ့ရဲ့ သြဇာသတ္တိ ကုန်ခမ်းသွားတာနဲ့ မစင်ဖတ်ပျက်ပြီး မြေဓာတ်သက်သက်သာ ဖြစ်သွားရော မဟုတ်လား´´။
အဲဒီလိုလည်း ထမင်းတစ်လုတ်ရဲ့ ခရီးဆုံးအထိ ကြည့်မြင်ထားရတယ်။
ထမင်းတစ်လုတ်ရဲ့ အစ ထမင်းတလုတ်ရဲ့ အဆုံး သူ့ခရီးစဉ်ကို အတပ်သိပြီး ဖြစ်နေတဲ့အတွက် ထမင်းကို မကင်းလို့ စားနေရတာမျိုးထက် မပိုတော့ဘူး။ မစားရ မနေနိုင်လောက်အောင် ငမ်းငမ်းတက် တန်းတန်းစွဲ အလိုဆိုးမျိုး မဝင်လာတော့ဘူး။
ဒီလိုအတွေးမျိုးဟာ မဂ်ကို ဦးတည်နေတဲ့ အတွေးမျိုးဖြစ်လို့ သမ္မာဒိဋ္ဌိ မဂ္ဂင်စာရင်းဝင်သွားတယ်လို့ ဆိုနိုင်တယ်။ ပါရမီဉာဏ်လို့လည်း ဆိုအပ်တယ်။ နေတိုင်းစားနေတဲ့ ထမင်းသော်မှ `ဖြစ်ပျက်´နဲ့ မကင်းရင် တခြားဝတ္တုပစ္စည်းတွေရော ဘာထူးသလဲ။ မမြဲတာတွေအပေါ် စွဲလမ်းနေရင် ကိုယ့်အစွဲကပဲ ကိုယ့်ကို ပြန်ပြီးဒုက္ခပေးလိမ့်မယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ကိုလှိုင်တိုးရေးသားသောပို့မှကူးယူမျှဝေသည်။
No comments:
Post a Comment