
ယနေ့ ကမ္ဘာ့အတွေးအခေါ် မြော်မြင်ရေးဆိုင်ရာဒဿနအမြင်များကို ဆန်းစစ်ကြည့်လျှင် အချုပ်အားဖြင့်
ဝိညာဏဆိုင်ရာအတွေးအမြင် ရုပ်ဝါဒဆိုင်ရာအတွေးအမြင် ဗုဒ္ဓဝါဒဆိုင်ရာအတွေးအမြင် ဟူ၍ အတွေးအမြင်ဒဿန(၃)မျိုးကို တွေ့ရှိနိုင်သည်။သို့ရာတွင် အနောက်တိုင်းမှ ခေတ်သစ် တွေးခေါ်မြော်မြင်ရေး ပညာရှင်များသည် ဝိညာဏဝါဒဆိုင်ရာနှင့် ရုပ်ဝါဒဆိုင်ရာအတွေးအမြင် (၂)ရပ်ကိုသာ အခြေပြု၍ အတွေးအခေါ်စစ်ပွဲကို ဆင်နွဲခဲ့ကြကြောင်း လေ့လာတွေ့ရှိနိုင်သည်။တစ်ဖန်၎င်းတို့သည် မိမိတို့တွေ့ထိသိရှိနေရသော ဘာသာအယူဝါဒအပေါ်အခြေခံ၍ ဝိညာဏနှင့် ရုပ်ဝါဒ ၂ ရပ်ဖြင့် ဆန်းစစ်တွေးခေါ် ငြင်းခုံနေကြကြောင်းကိုလည်း ဆက်စပ်သိရှိနိုင်ပြန်သည်။
ထို့ကြောင့် ယင်းအနောက်တိုင်းအတွေးအမြင် အယူဝါဒ ၂ ရပ်ကို တွေးခေါ်ဖြန့်ဖြူးရာ၌ အထင်ရှားဆုံးဖြစ်သော အဓိကပညာရှင်နှစ်ဦးဖြစ်သည့် ဝိညာဏဝါဒီ တွေးခေါ်ရှင် ဂေဟယ်နှင့် ရုပ်ဝါဒီတွေးခေါ်ရှင် ကားလ်မတ်စ် ၂ ဦးအနက် ကားလ်မတ်စ်က မိမိ၏ သိပ္ပံနည်းကျ ရုပ်ဝါဒအတွေးအမြင်မှာ ဦးခေါင်းဖြင့် ရပ်တည်နေသော ဂေဟယ်၏အတွေးအမြင်ကို ခြေထောက်ဖြင့်
ပြန်လည်တည့်မတ် ရပ်တည်ပေးလိုက်ခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ဤကမ္ဘာကျော် ရုပ်ဝါဒအတွေးခေါ်ပညာရှင် ကားလ်မတ်စ်၏စကားသည် ကမ္ဘာပေါ်တွင် လူအများ၏ အတွေးအမြင်ဆိုင်ရာဒဿနပညာရပ်သည် ဝိညာဏဝါဒကိုအခြေခံသော အတွေးအမြင်ဖြစ်လျှင်ဖြစ် ၎င်းးမဖြစ်က ရုပ်ဝါဒကိုအခြေခံသော အတွေးအမြင်သာဖြစ်ရမည် ဟုဖော်ပြနေကြောင်း ထင်ရှားသည်။ထို့ကြောင့် အနောက်တိုင်းမှ ခေတ်သစ်အတွေးအခေါ်ပညာရှင်များသည် ထိုအချိန်က ဝိညာဏဝါဒနှင့် ရုပ်ဝါဒကိုသာ အဓိကထား တွေးခေါ်နေကြသောကြောင့် ၎င်းတို့နှင့် ရင်းနှီးမှုမရှိသေးသော ဗုဒ္ဓဝါဒကို အတွေးအမြင်(ဒဿန)ပညာရပ်တွင် မထည့်သွင်းမရေတွက်ကြခြင်းအတွက် မဆန်းပြားလှပေ။သို့ရာတွင် ဗုဒ္ဓဝါဒအတွေးအမြင်သည် ယင်း အနောက်တိုင်းအတွေးအမြင် ၂ ရပ်ကြားတွင် မားမားမတ်မတ် ရပ်တည်လျက်ရှိနေပါသည်။ဥပမာအားဖြင့် ဘဝပြဿနာကို တွေးခေါ်ကြရာတွင် ဝိညာဏဝါဒီများက လူများသေဆုံးကြသော်လည်း ဝိညာဉ်ကောင်(အတ္တ)မသေဘဲ ထာဝရတည်မြဲနေသည် ဟု ယူဆကြသည်။ရုပ်ဝါဒီများကမူ လူသေလျှင် ဘာမျှမကျန်သည့်အပြင် နောက်ဘဝလည်းမရှိ ဟုယူဆကြသည်။ဗုဒ္ဓဝါဒီများကား ဝိညာဏဝါဒအတွေး အမြင်ကို သဿတဒိဋ္ဌိ။ရုပ်ဝါဒ အတွေးအမြင်ကို ဥစ္ဆေဒဒိဋ္ဌိအဖြစ်ပယ်ပြီး သတ္တဝါတို့တွင် ရုပ်ပိုင်း နာမ်ပိုင်း ၂ပိုင်းရှိရာ သေလျှင် ၂ပိုင်းလုံး သေဆုံးခဲ့ရကြောင်း။သို့ရာတွင် သတ္တဝါတို့သည် ၎င်းတို့ပြုခဲ့သမျှသော ကံစွမ်းအင် အားလျော်စွာ ထိုထိုဘုံဘဝတို့၌ ပြန်လည်မွေးဖွားလာရပြန်ပြီး သံသရာလည်နေရသည် ဟုယူပါသည်။၎င်းအပြင် ယင်းရုပ်ပိုင်း နာမ်ပိုင်းတို့သည် သတ္တဝါတို့အသက်ရှင်စဉ်၌ပင်လျှင် ဖြစ် တည် ပျက်(ဥပါဒ် ဌီ ဘင်)သဘောဖြင့် ခဏမပြတ် တရစပ်သေကျေပျက်စီးခြင်း ပြန်လည်မွေးဖွားခြင်း သံသရာလည်လျက်သာ ရှိနေရသည် ဟူ၍လည်း ယူဆကြသည်။ထိုသဘောတရားကြောင့် ရုပ်ပိုင်းဆိုင်ရာများသည် ငယ်ရာမှကြီး ပျိုရာမှအို နုရာမှရင့် သစ်ရာမှဟောငှ်းုများကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည့်နည်းတူ နာမ်ပိုင်းတွင်လည်း စိတ်အကြံအစည်များ အာရုံအရ တစ်မျိုးပြီးတစ်မျိုးဖြစ်ပေါ်နေကြသည်ကို သိရှိနေရခြင်း ဖြစ်သည်။ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် ဝိညာဏဝါဒဆိုင်ရာအတွေးအမြင် ရုပ်ဝါဒဆိုင်ရာအတွေးအမြင် ဗုဒ္ဓဝါဒဆိုင်ရာအတွေးအမြင် ဟူ၍ အတွေးအမြင်(ဒဿန) ၃ ရပ်ရှိကြောင်း တင်ပြလိုက်ရခြင်းဖြစ်သည်။ဤ၌ ဗုဒ္ဓဝါဒကို အတွေးအမြင်(ဒဿန)ပညာရပ် ဟုဆိုလိုက်သဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ခေတ်သစ်ခေတ်ဟောင်း အတွေးအခေါ်ပညာရှင်များအဆင့်မျှသာ ရှိသည် ဟုယူဆလိုက်ပါက မဟာအမှားကြီး မှားသွားမည်ဖြစ်ပါသည်။ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တဝါအမျိုးမျိုးအား ၄၅ ဝါပတ်လုံး ဟောကြားတော်မူခဲ့သော ၅ ရပ်နိကာယ် ၃ သွယ်ပိဋကတ် တရားတော်မြတ်များကို အခြားသော ခေတ်ဟောင်းခေတ်သစ် အတွေးအခေါ်ပညာရှင်များကဲ့သို့ တွေးခေါ်ကြံဆပြီး
ဟောတော်မူခဲ့သည်မဟုတ်ဘဲ နာယူမည့်ပုဂ္ဂိုလ်၏ စရိုက်နှင့် အဇ္ဈာသယများ အားလျော်စွာ ထိုးထွင်းသိအပ်သောဥာဏ်အမြင်ဖြင့် ရုတ်ခြည်းဟောတော်မူသော တရားတော်များသာဖြစ်ပါသည်။ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာ ဟူသောသတ္တလောကတွင် အတုမရှိသော(အတုလ)ဘုရားရှင်သာဖြစ်ကြောင်း ထင်ရှားလှပါသည်။တစ်ဖန် တစ်ချို့က ထေရဝါဒကို ဘာသာရေးအဖြစ် မရေတွက်လိုကြဘဲ အတွေးအခေါ်(ဒဿန)ဆိုင်ရာပညာရပ်တစ်ရပ်အဖြစ်သာ ထားလိုကြသည်။ဤ၌လည်း ဗုဒ္ဓဝါဒသည် ဘာသာရေး ဟုတ် မဟုတ်သိရှိနိုင်ရေးအတွက် ဘာသာရေးဟူသော ဝေါဟာရအဓိပ္ပာယ်ကိုစိစစ်ရန် လိုအပ်လာပြန်သည်။ဘာသာရေး ဝေါဟာရအဓိပ္ပာယ်ကို ဖွင့်ပြရာ၌ ဂျိမ်းစ်ကာ့ဒ်က ဘာသာရေးဟူသည် ထာဝရဘုရားအား ကိုးကွယ်ခြင်းဖြစ်သည် ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ဤအဓိပ္ပာယ်ဖွင့်ဆိုမှုကို အမှန်ယူဆက ထေရဝါဒဗုဒ္ဓဝါဒသည် ဘာသာရေးမဟုတ်ပါ ။အဘယ်ကြောင့်ဆိုသော် ထေရဝါဒဗုဒ္ဓဝါဒ၌ ထာဝရဘုရားကိုးကွယ်မှု မရှိသောကြောင့် ဖြစ်သည်။ဘားနတ်ကမူ ဘာသာရေးဟူသည် စိတ်၏သန့်ရှင်းစင်ကြယ်မှုဖြစ်သည် ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ဤအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ သဘာဝယုတ္တိကျလှသဖြင့် ပညာရှင်အများက လက်ခံထားသောအဆိုလည်းဖြစ်သည်။ယင်း အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုပါမူ ထေရဝါဒဗုဒ္ဓဝါဒသည် စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းရေးသာမက စိတ်ပိုင်းဆိုင်ရာ အထက်တန်းကျရေးအတွက် ဆောင်ရွက်ပုံဆောင်ရွက်နည်းများကိုပါ အစွမ်းကုန်အားပေး အဓိကထား၍ ဘက်ပေါင်းစုံမှ ညွှန်ပြဟောကြားထားသော ဝါဒဖြစ်သောကြောင့် ဘာသာရေးအစစ်ပင်ဖြစ်သည်။ရှင်အာနန္ဒာ၏
မေးမြန်းလျှေက်ထားချက်အရ
မြတ်ဗုဒ္ဓက ဓမ္မက္ခန္ဓာပေါင်း ၈ သောင်း ၄ထောင်သည် သင်တို့၏ဆရာ ဘုရားများပင်ဖြစ်ကြောင်း လူသားများသည် မဂ္ဂင် ၈ပါး(သီလ သမာဓိ ပညာ)ကျင့်စဉ်ပါသောဘာသာကို ကိုးကွယ်ထိုက်ကြောင်း ဟောကြားတော်မူခဲ့ဖူးပါသည်။
ထို့ကြောင့် မဂ္ဂင် ၈ပါး ကျင့်စဉ်ပါသော ထေရဝါဒဗုဒ္ဓဘာသာသည် ပစ္စပ္ပန် သံသရာ ဘဝနှစ်ဖြာ၌ သတ္တဝါတို့၏ ဘဝမြင့်မားရေးအတွက် လမ်းညွှန်ပေးသည့်အဘိဓမ္မာ(အတွေးအမြင်ဒဿန)တရားပါသော ဘာသာရေးလည်းဖြစ်ကြောင်း သိရှိအပ်ပေသည်။ (ဦးစိန်ထွန်း/သုတေသီ)အားလုံးသောမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ။
Facebook မှ သူငယ်ချင်းKo Latt ရေးသားသောပို့မှကူးယူမျှဝေသည်။
No comments:
Post a Comment