
ဒုက္ခကလွတ်ချင်ရင် ဘာကိုမြင်အောင်ကြည့်ရမလဲ။ (ဒုက္ခကိုမြင်အောင်ကြည့်ရပါမယ်ဘုရား။)
ဒါဖြင့် ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားလား၊ ပယ်ရမယ့်တရားလား။ (သိရမယ့်တရားပါဘုရား။)
ပြန်မေးမယ်။ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားလား၊ ပယ်ရမယ့်တရားလား။ (သိရမယ့်တရားပါဘုရား။)
ဒါဖြင့်သူတော်ကောင်းတို့ ဘာလို့ပယ်နေတာလဲ။ (မပယ်ပါဘူးဘုရား။)
အမယ်…။ ညောင်းရင်ပြင်တယ်လေ။ (ရယ်သံများ) ယားရင် ကုတ်တယ်လေ။ (ရယ်သံများ)
ဒုက္ခသစ္စာဆိုတာ သည်းငြီးခံမှတ်မှ သိမှာ။ အဲဒါကို သူတော်ကောင်းတို့က မနာမကျင်ပဲနှင့် ထိုင်ချင်တယ်ဆိုကတည်းက ဒုက္ခကိုပယ်နေတာ။ သိရမယ့်တရားကို ပယ်နေရင် ဘယ်တော့မှမသိဘူး။ မသိရင် မလွတ်ဘူး။ ဟုတ်ပြီနော်။
ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားဆိုရင် ဟောစဉ်မှာ သိရမယ့်တရား။ အလုပ်စဉ်မှာ သည်းငြီးခံမှတ်ရတယ်။ အဲဒါကို ညောင်းရင်ပြင်လိုက်၊ ယားရင်ကုတ်လိုက်နဲ့။တစ်နာရီ မပြင်ပဲနှင့်ထိုင်တာများ ကိုယ့်ကိုယ်ကို ညှင်းဆဲတာတဲ့။အမလေး…။ ဘုရားထက်တော်တဲ့ ပုဂ္ဂိုလ်တွေနှင့်လာတွေ့နေတယ်။ ဘုရားက အဲလို တစ်ခါမှ မဟောဘူး။ အဲဒါ နဲနဲပါးပါးအယူအဆလေးတွေ မှန်အုံး။ ဆရာတော်လည်း ဟောသင့်ဟောထိုက်တာတွေ ဟောပြီးသားဖြစ်မှာဘဲ။
အဲဒါတော့ အချိန်ရရင် နဲနဲထည့်ပြောမယ်။
အဓိက အခုပြောချင်တာက ဒုက္ခဟာ ဘာလုပ်ရမယ့်တရား…။ (သိရမယ့်တရားပါဘုရား။)
ဆံပင်တွေဖြူလာတာ ဒုက္ခလား၊ သုခလား။ (ဒုက္ခပါဘုရား။)
ဒါဖြင့် သံဝေဂနှင့်ကြည့်တာလား။ ဆံပင်ဆိုးဆေး ဆိုးတာလား။ (ရယ်သံများ)
ဒုက္ခကို သိအောင်လုပ်နေတာလား၊ ရှောင်နေတာလား။ (ရှောင်နေတာပါဘုရား။)
မျက်စိမှုန်တာ ဒုက္ခလား၊ သုခလား။ (ဒုက္ခပါဘုရား)
သံဝေဂနှင့်ကြည့်တာလား၊ မျက်မှန်ကိုင်းလှလှလေး ၀ယ်တပ်လိုက်တာလား။
ဟော… ဒါကံနယ်ဘဲရှိသေးတယ်။ဟုတ်တယ်မဟုတ်လား။ ဉာဏ်နယ်မပါသေးဘူး။
အဲဒီတော့ ဒီနေ့ကစပြီး ဒုက္ခကို သံဝေဂဉာဏ်လေးနှင့် မြင်အောင်ကြည့်။ ဟုတ်ပြီနော်။ ဒုက္ခကိုမြင်အောင်မကြည့်ရင် ဒုက္ခကဘာဖြစ်မှာလဲ။ မလွတ်ဘူး။
ဘာဖြစ်လို့လဲ။ တစ်ယောက်နှင့်တစ်ယောက်က မတူဘူး။ ဟုတ်ပြီလား။ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ (၄)မျိုးရှိတယ်။ဒုက္ခပဋိပဒါခိပ္ပါဘိညာ၊ ဒန္ဓာဘိညာ၊ သုခပဋိပဒါ ခိပ္ပါဘိညာ၊ ဒန္ဓာဘိညာ ပုဂ္ဂိုလ်လေးမျိုးရှိတယ်။ အဲဒီတော့ ဆင်းဆင်းရဲရဲအားထုတ်ပြီး တရားတက်နှေးတာရှိတယ်။ တရားတက်မြန်တာရှိတယ်။ချမ်းချမ်းသာသာအားထုတ်ရပြီး တရားတက်နှေးတာ၊ တရားတက်မြန်တာရှိတဲ့အတွက် မိမိက ဒုက္ခပဋိပဒါဆိုရင် ထိုင်တာနှင့်နာပြီသာမှတ်လိုက်တော့။ ဒါဖြင့်ရင်အရှင်ဘုရား။ အဲဒါဘာနှင့်ဆိုင်လဲဆိုတော့ သမထလုပ်ခြင်းမလုပ်ခြင်း၊ အကုသိုလ် များခြင်း၊ မများခြင်းနှင့်ဆိုင်တယ်။ ဟုတ်ပြီလား။
သမထလုပ်ထားတဲ့သူဟာ ထိုင်တဲ့အချိန်မှာ ချမ်းချမ်းသာသာထိုင်ရတယ်။ အတိတ်တုန်းက။ ဒါဖြင့် အတိတ်ဆိုတာ အရင်ဘ၀ကိုပြောတာမဟုတ်ဘူး။ အခုသူတော်ကောင်းတို့…မထိုင်ခင်မှာ မေတ္တာလေးပို့မယ်၊ ဂုဏ်တော်လေးပွားမယ် ဥပမာ။ စကြံလျှောက်မှတ်နိုင်လည်း မှတ်ပေါ့။အကယ်၍ ရေရှည်အားထုတ်လာတဲ့အခါမှာ ၂၄နာရီ မမှတ်နိုင်တဲ့အခါမျိုးကျရင်၊ ၀ိပဿနာမရှုမမှတ်နိုင်တဲ့အချိန်မှာ မေတ္တာပို့၊ ဂုဏ်တော်ပွားတာ သမထဘဲ။ ထိုင်လည်းထိုင်ရော ဘာဖြစ်လာလဲ။ချမ်းချမ်းသာသာထိုင်ရတယ်။
နောက်တစ်ခု အကုသိုလ်များတဲ့သူ ဆင်းရဲတာဘဲ။အကုသိုလ်နည်းတဲ့သူ ချမ်းချမ်းသာသာထိုင်ရတယ်။ ဒါကြောင့် ဆင်းရဲခြင်း၊ ချမ်းသာခြင်းဟာ သမထ၊ ကုသိုလ် အကုသိုလ်နှင့်ဆိုင်တယ်။ဟုတ်ပြီနော်။
နောက်တစ်ခါ တရားတက် မြန်ခြင်းနှေးခြင်းဟာ ဗဟုသုတနှင့်ဆိုင်တယ်။ တစ်နည်းအားဖြင့် ဉာတပရိညာနှင့်ဆိုင်တယ်။ အဲဒီတော့ တရားလည်းနာရမယ်။ တရားလည်းအားထုတ်ရမယ်။ သဘောပါပြီနော်။
အခုဟာက တချို့ က ငါးနာရီ၊ ခြောက်နာရီ မပြင်ပဲထိုင်။အဲဒါလည်း ပယ်ရမှာဘဲ။ ဟုတ်ပြီနော်။ တရားထိုင်တယ်ဆိုတာ လောဘ၊ ဒေါသနဲအောင်ထိုင်တာ၊ မမှတ်နိုင်ပဲနဲ့ ကျိတ်မှိတ်ခံနေလို့ရှိရင် ဒေါသဘဲတိုးမှာပေါ့ဗျ။ ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ ထိုင်ခါစပုဂ္ဂိုလ်ဟာ ထိုင်နိုင်ဖို့ကို ဦးမတည်ရဘူး။မှတ်နိုင်ဖို့ကို ဦးတည်ရမယ်။ ဘာကိုဦးတည်ရမှာလဲ။ (မှတ်နိုင်မှုကို ဦးတည်ရမှာပါဘုရား။)
မဟာစည်ဆရာတော်ဘုရားကြီး ၏ဥပနိဿယျခံ မြစိမ်းတောင်ဆရာတော်ကြီး၏ တပည့် ဆရာတော် ဦးဥက္ကဋ္ဌဟောကြား တော်မူသော "ဘ၀နှင့်ဝိပဿနာ" တရားတော်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)
Facebook မှသူငယ်ချင်း Ko Thant Gyi ရေးသားသောပို့မှခံစားမျှဝေသည်။
No comments:
Post a Comment