
တချို့လူတွေက အေးအေးနေချင်တယ်ဆိုပြီး ဘာမှ မလုပ်ဘဲ အိပ်လိုက်စားလိုက်နဲ့ အေးအေးနေကြတယ်။ ဒီလိုနေနေတာ တကယ်အေးပြီလို့ ထင်သလား အတန်အသင့်တော့ အေးမှာပေါ့။
ဒါပေမယ့် လုံးဝအေးသွားတာ မဟုတ်သေးဘူး တောင်းတမှု ကြောင့်ကြမှု သိပ်မရှိလို့ အေးသွားတယ် ဆိုနိုင်ပေမယ့် တွေဝေမှု လေးလံထိုင်းမှိုင်းမှုတွေ မအေးသေးဘူး အိုခြင်း နာခြင်းဆိုတာတွေ မအေးသေးဘူး။
ငြိမ်းမှ အေးမှာ မငြိမ်းရင် မအေးဘူး။ ငြိမ်းဆိုတာလည်း ငြှိမ်းမှသာ ငြိမ်းမှာ၊ မငြှိမ်းရင် မငြိမ်းဘူး၊ မငြိမ်းသေးရင် မအေးသေးဘူးလို့မှတ်၊ အေးဖို့အတွက် ငြိမ်းရမယ်၊ ငြိမ်းဖို့အတွက် ငြှိမ်းရမယ်။
အိမ်ကြီးတစ်လုံး မီးစွဲလောင်နေတယ်၊ ကြည့်နေလို့ မရဘူး၊ ပြစ်ထားလို့မဖြစ်ဘူး၊ အခြားအိမ်တွေ မီးကူးစက်ပြီး ရက်ကွက်ပါကုန်လိမ့်မယ်၊ မြို့ကြီးပါကုန်သွားနိုင်တယ်၊ ဒါကြောင့် ဝိုင်းပြီးငြှိမ်းသတ်ရမယ်၊ မီးသတ်ကားတွေ ခေါ်ငြှိမ်းရမယ်၊ အဲဒီလို ဝိုင်းငြှိမ်းမှ ငြိမ်းသွားမယ်၊ ငြိမ်းသွားမှ အားလုံး စိတ်အေးကြရမှာ။
ခန္ဓာအိမ်ကြီးမှာလည်း ရာဂ ဒေါသ မောဟ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဆို့တဲ့ အမျိုးမျိုးသော မီးတောက်တွေ တဟုန်းဟုန်းစွဲလောင်နေတယ် ငြှိမ်းပေးရမယ် ဘယ်လိုငြှိမ်းရမှာလဲ ကုသိုလ်ရေချမ်းနဲ့ ငြှိမ်း။
ဒါနကုသိုလ်နဲ့ ရာဂမီးတောက်ကို ငြှိမ်း သီလကုသိုလ်နဲ့ ဒေါသမီးတောက်ကို ငြှိမ်း ဘာဝနာကုသိုလ်နဲ့ မောဟမီးတောက်ကို ငြှိမ်း အရင်းခံကတော့ ဒီမီးသုံးမျိုးပဲ ဒီမီးသုံးမျိုးငြိမ်းရင် ကျန်တဲ့မီးတောက်တွေ အကုန်ငြိမ်းတယ်။
ကျောင်းကန်ဘုရား ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ကိစ္စမှန်သမျှ မီးငြိမ်းဖို့ပဲ မီးငြှိမ်းသတ်တဲ့ အလုပ်ပဲ။ အရောင်းအဝယ် ကောင်းအောင်လို့ ပစ္စည်းရောင်းထွက်ချင်လို့ ထီပေါက်အောင်လို့ ရာထူးတက်အောင်လို့စတဲ့ တဏှာရမ္မက်နဲ့ ပုတီးစိပ်တာ အဓိဋ္ဌာန်ဝင်တာ သက်သတ်လွတ်စားတာစတဲ့ ဘာသာရေးအလုပ်တွေဟာ မီးငြှိမ်းတဲ့ အလုပ်ဟုတ်မဟုတ် စဉ်းစား။ ဘာသာရေးကိုတော့ မှိုင်းမတိုက်သင့်ဘူး။ ဘာသာရေးကိုတော့ ခုတုံးမလုပ်သင့်ဘူး။ ကုသိုလ်က တစ်ပဲ ငရဲက တစ်ပိဿာ ဖြစ်နေဦးမယ်။
အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
No comments:
Post a Comment