
ဥပေက္ခာ
---------
ချစ်ခြင်း မုန်းခြင်း သနားခြင်း စိုးရိမ်ပူပန်ခြင်း မနာလိုခြင်း အစရှိသည့် ဝေဒနာစေတသိက်များကင်းသော ဗြဟ္မဝိဟာရတရားသည်
ကား ဥပေက္ခာဖြစ်၏။
ဥပေက္ခာသည် သမ္ဗောဇ္ဈင် ခုနှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ဗုဒ္ဓသည် ဥပေက္ခာတရားကို ပတ်ဝန်းကျင်ပယောဂကြောင့် စိုးစိမျှတုန်လှုပ်ခြင်းမရှိသော ကောင်းကင် မြေကြီး ရေ လေ မီးတို့နှင့် ပုံခိုင်း၍ အလေးအနက်ဟောကြား၏။
" ရာဟုလာ မြေကြီးနှင့်တူသော ဘာဝနာကို ပွားစေလော့ ထိုဘာဝနာကို ပွားသောသင့်အား ဖြစ်ကုန်ပြီးသော နှစ်သက်ဖွယ် မနှစ်သက်ဖွယ်သော ဖဿတို့သည် စိတ်ကို သိမ်းကျုံးယူငင်၍ တည်ခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့ သင့်အားငြီးငွေ့၍ ရှက်ခြင်း စက်ဆုပ်ရွံ့ရှာခြင်း မဖြစ်လတ္တံ့။ "
(မဇ္ဈိမနိကာယ် မဟာရာဟုလောဝါဒသုတ်)
ဥပေက္ခာကို လျစ်လျူရှုခြင်းဟူ၍ မြန်မာလိုပြန်ဆိုခြင်းမှာ ကျေနပ်ဖွယ်ရာမရှိချေ။ လျစ်လျူရှုခြင်းသည် အရေးကိစ္စတစ်ခု၌ိံစိတ်မဝင်စားမှု တာဝန်ရှောင်လွဲမှု ဘာမျှမလုပ်ဘဲနေမှုစသော သဘောသက်ရောက်၍ ဥပေက္ခာသည် စိတ်ဝင်စားမှု တာဝန်ဝတ္တရား ဆောင်ရွက်မှု ဝီရိယတက်ကြွမှုနှင့် ယှဉ်သောတရားဖြစ်၏။ အရေးကြီးသော လုပ်ငန်းကိစ္စများ၌ ခံစားမှုနှင့် အစွဲဥပါဒါန်ကင်းသော ဥပေက္ခာတရားကို လက်ကိုင်ထားမှသာလျှင် မှန်မှန်ကန်ကန် နည်းလမ်းတကျ ဆောင်ရွက်နိုင်ပေမည်။
ဥပမာ လူနာတစ်ဦး အသည်းအသန် ဆင်းရဲဝေဒနာ ခံစားနေရသောအခါ ဆရာဝန်သည် လူနာ၏ ဆွေမျိုးသားချင်းများကဲ့သို့ ပရိဒေဝမီးတောက်မနေဘဲ စိတ်တည်ငြိမ်နေပါမှ လူနာသက်သာစေရန် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ပေမည်။ တရားသူကြီးသည် တရာခံအပေါ်၌ ဥပေက္ခာတရား မကျင့်သုံးဘဲ ချစ်ခြင်း မုန်းခြင်း သနားခြင်းစသော စိတ်ခံစားမှု တစ်ခုခုရှိနေပါက ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်နိုင်မည် မဟုတ်ချေ။
လူမှုပြဿနာများကို သိပ္ပံနည်းကျ စူးစမ်းလေ့လာရာ၌ သော်လည်းကောင်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အငြင်းပွားမှု လူတစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားမှု စသည်တို့ကို ဆင်ခြင်သုံးသပ်ရာ၌ သော်လည်းကောင်း နဂိုမူလရှိပြီးဖြစ်သော ဆန္ဒစွဲ ပုဂ္ဂိလ်စွဲ ဝါဒစွဲ အစရှိသည့် အစွဲအားလုံးကို ဥပေက္ခာပြုထားပါမှ စဉ်းစားတွေးခေါ်မှုနှင့် ခံယူဆုံးဖြတ်ချက် မှန်ကန်ပေမည်။
ဥပေက္ခာသည် အခြားဗြဟ္မဝိဟာရ တရားများထက် အသိပညာ ပိုမိုဦးဆောင်ရန် လိုအပ်သော တရားဖြစ်၏။
စင်စစ် ဥပေက္ခာတရားသည် အရိယာပုဂ္ဂိုလ်တို့၏ ဝိသေသဂုဏ်အင်္ဂါဖြစ်၍ ပုထုဇဉ် လူသတ္တဝါတို့ ကျင့်သုံးရန် မလွယ်ကူချေ။
သို့ရာတွင် သည်းခံမှု ခွင့်လွတ်မှု စွန့်လွတ်မှု စိတ်သဘောထားကြီးမှု စိတ်ဓာတ်ရင့်ကျင့်မှုစသော သူတော်ကောင်းတရားများ၏ အခြေခံဖြစ်သောကြောင့် ကိုယ်ကျင့်တရား တိုးတက်မှုနှင့် စိတ်ငြိမ်းချမ်းမှုအတွက် တတ်နိုင်သမျှ အားထုတ်ကျင့်သုံးရန် အရေးကြီးလှပေသည်။
ဂရုဏာ
----------
ဂရုဏာတရားသည် သူတစ်ပါး၏
ကိုယ်စိတ်ချမ်းသာမှုသို့
ရှေ့ရှုသော ကုသိုလ်စိတ်ဖြစ်သော်လည်း
အသိပညာ ဦးမဆောင်ပါက
အတ္တမာနစွဲကပ်၍
ညစ်နွမ်းလာတတ်၏။
အချို့လူများသည် သူတစ်ပါးအား
မိမိတို့ကူညီခဲ့ခြင်းကို ဂုဏ်ယူ၍
မကြာခဏပြောလေ့ရှိကြ၏။
ကျေးဇူးတုံ့ပြန်မှုကို
မှော်လင့်၍ မရှိပါက
မကျေမနပ်ဖြစ်ကြ၏။
အချို့လူများမှာမူ
ဒုက္ခကြုံတွေ့နေရသော်လည်း
အတ္တမာနက ခုခံနေသဖြင့်
သူတစ်ပါး၏ အကူအညီကို
အလိုမရှိကြချေ။
အကူအညီကို လက်ခံသော
အချို့သူများသည်လည်း
အတ္တမာနက မသိစိတ်မှတစ်ဆင့်
လှုံဆော်နေသဖြင့် မိမိတို့၏
ကျေးဇူးရှင်ကို ပြစ်မှားတန်ကြ၏။
ထို့ကြောင့်…………
သနားကြင်နာစိတ်သည်
အသိပညာနှင့်ယှဉ်သော
စိတ်ဖြစ်သင့်၏။
ဒုက္ခရောက်နေသော
သတ္တဝါတစ်ဦးကို ကူညီရာ၌
ထင်ပေါ်မှု ကျေးဇူးတုံ့ပြန်ခံရမှုကို
မမျှော်လင့်ဘဲ
အကူအညီခံ ပုဂ္ဂိုလ်၏
အတ္တမာနကို မထိပါးစေရန်လည်း
ဂရုပြုရပေမည်။
-----------------------------------
မုဒိတာ
-------
ပုထုဇဉ်သတ္တဝါတို့ ပွားများရန်
မလွယ်ကူသော
ဗြဟ္မဝိဟာရတရားမှာ
မုဒိတာဖြစ်၏။
သူတစ်ပါး၏ …………
ကြီးပွားချမ်းသာမှုကိုကြည့်၍
ဝမ်းမြောက်ဝမ်းသာဖြစ်ရန်မှာ
လူ၏သဘာဝစိတ် မဟုတ်။
လူ၏ သဘာဝစိတ်မှာ
မိမိထက်သာသောသူကို
မနာလိုခြင်းဖြစ်၍
မနာလိုစိတ်သည်
ကလေးအရွယ်မှစ၍
သက်ကြီးအိုမင်းသော အရွယ်အထိ
လူသတ္တဝါတို့တွင်
ကိန်းဝပ်နေတတ်၏
ထို့ကြောင့် ……
မုဒိတာတရားကို
မပွားများနိုင်စေကာမူ
ယင်းနှင့်ဆန့်ကျင်သော
မနာလိုစိတ်ကို
ပယ်ဖျောက်ရန် အားထုတ်သင့်၏။
ဤနေရာ၌ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်ခြင်း (ယောနိသောမနသိကာရ)သည် ကျွန်ုပ်တို့အဖို့ အရေးပါသော အထောက်အကူဖြစ်၏။
Ko Latt ဖေ့ဘုတ်မှ
No comments:
Post a Comment