
ပြဿနာ = တပ်မက်ခြင်း ။
မေးလျှောက်သူ = ရဟန်းတစ်ပါး ။
အခါးတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အတ္တစွဲ မထားကြဖို့ တပ်ခြင်းကင်းကြောင်း တရားကို ဖောင်ကို ဥပမာတင်စား၍ ဟောကြားတော်မူ၏ ။
လူတစ်ယောက်သည် ခရီးသွားလေ၏ ။လမ်း၌ မြစ်ကြီးတစ်ခုခံနေ၍ ခက်နေသည် ။
ထိုအခါ ထိုသူသည် တစ်ဖက်ကမ်းသို့ ရောက်ရှိရေးအတွက် ဖောင်တစ်ခုကို ဖွဲ့၍ကူး၏ ။
ကမ်းတစ်ဖက်သို့ရောက်သွားလေပြီ ။
တစ်ဖက်ကမ်းသို့ရောက်သွားလေသောအခါ " ဤဖောင်သည် ငါ့အား
ကျေးဇူးများလှပေသည် " ဟူ၍ ထိုသူသည် ဖောင်ကို ခေါင်းပေါ်တင်၍ ရွက်ထားခဲ့သော်
ဖောင်၌ ပြုဖွယ်ကိစ္စကို ပြုမည်မမည် ။ ထိုဖောင်ကို ကုန်းပေါ်၌
ဆယ်တင်ထားခဲ့ခြင်း ၊
သို့မဟုတ် ရေ၌မျှောခြင်းပြုလုပ်သော်သာ
ပြုသင့်သောကိစ္စကို
ပြုသည်မည်၏ဟု ဟောတော်မူပြီးလျှင် -
အို - ရဟန်းတို့ ၊ ဤအတူပင် ငါသည် ဖောင်ဥပမာကို ဟောတော်မူ၏ ။
ထွက်မြောက်ဖို့သာဖြစ်သည် ။ စွဲယူဖို့မဟုတ် ။ ရဟန်းတို့ ၊ ဖောင်
ဥပမာကိုသိရသော သင်တို့သည် တရားတို့ကိုပင် စွန့်ပယ်ကြရကုန်မည် ၊ မတရားကိုကား
ဆိုဖွယ်မရှိကုန် ။
အို - ရဟန်းတို့ ၊ သူတော်ကောင်းတို့၏ တရား၌ ဆုံးမယဉ်ကျေးပြီးသော
ငါ၏တပည့်သားတော်သည်ကား ရုပ် ၊ နာမ် ၊ ဝတ္ထုအစုစုတို့ကို " ငါ့ဟာ ၊ ငါ ၊
ငါ့ကိုယ်ဟု အတ္တစွဲများဖြင့် မကြည့်ရှု ၊ ငါ့ဟာ မဟုတ် ၊ ငါမဟုတ် ၊
ငါ့ကိုယ်မဟုတ် " ဤသို့ရှုကြည့်ဆင်ခြင်လျက် တစ်စုံတစ်ရာကိုမျှ မတပ်မက်ချေ ။
မစွဲလန်းချေ ။
ဤသို့ ဟောတော်မူလေရာ တရားနာနေသော ရဟန်းတစ်ပါးက ဤသို့မေးလျှောက်လေ၏ ။
မေး ။ ။ မြတ်စွာဘုရား ၊ အပြင်ပ၌ တစ်စုံတစ်ရာ မရှိခဲ့ပါသော် တပ်မက်ခြင်း ဖြစ်ရာပါသလော ။
ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ ဤလောက၌ အချို့သူက " ငါ့မှာ
ဖြစ်ပြီးသော အရာသည် မရှိခဲ့ ၊ ငါ့မှာ ဖြစ်ပေါ်မည့်အရာကို မရခဲ့ " ဟု
တပ်မက်ခြင်း ဖြစ်၏ ။ ၎င်းအတွက် ထိုသူသည် စိုးရိမ်၏ ။ ငိုကြွေး၏ ။ ရင်ခတ်လက်တီး
မြည်တမ်း၏ ။ တွေဝေမိန်းမော၏ ။ ဤသို့အားဖြင့် အပြင်ပန်း တစ်စုံတစ်ရာမရှိဘဲ
တပ်မက်ခြင်းဖြစ်၏ ။
မေး ။ ။ အရှင်ဘုရား ၊ အပြင်ပ၌ တစ်စုံတစ်ရာ မရှိခဲ့ပါသော် မတပ်မမက် ဖြစ်ရာပါသလော ။
ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ အချို့က ငါ့မှာဖြစ်ပြီးရာသည်
မရှိခဲ့ ၊ ဖြစ်ရမည့်အရာကို မရခဲ့ဟု တပ်မက်ခြင်းမဖြစ်ခဲ့ပါချေ ။ ၎င်းသည်
မစိုးရိမ် ၊ မပူပန် ၊ မငိုကြွေး ၊ ရင်ခတ်လက်တီး မမြည်တမ်း ၊ မမိန်းမောချေ ။
ဤသို့ မတပ်မမက်ခြင်းဖြစ်ရာ၏ ။
မေး ။ ။ အရှင်ဘုရား ၊ အတွင်း၌ တစ်စုံတစ်ရာမရှိခဲ့သော် မတပ်မက်ခြင်း ဖြစ်ရာပါသလော ။
ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ၊ အို - ရဟန်း ၊ အချို့က ဤသည်ပင် လောက ၊
ဤသည်ပင် ကိုယ် ၊ုပုဂ္ဂိုလ် ၊ သူ ၊ ငါ ၊ မိန်းမ ၊ ယောက်ျား ၊ ၎င်းသည်
ခံစားအပ်ရာတည်း ။ စွဲမြဲ၏ ။ ပြောင်းလွဲမရှိ ။ တည်တံ့၏ ၊ မပျက်စီး ၊
မြဲသကဲ့သို့ တည်နေ၏ ။ ဤသို့ အယူအစွဲရှိ၏ ။ ၎င်းသည် အားလုံးသော
အယူစွဲ၏ဖြစ်ပွားရာတည်ရာ ထကြွခြင်း ၊ စွဲယူခြင်း ၊ ကိန်းနေခြင်းတို့ကို
ပယ်ဖျောက်ကြရန်အလို့ငှာလည်းကောင်း ၊ တပ်မက်ခြင်း
ကုန်ခမ်းရေးအလို့ငှာလည်ကောင်း ၊ တပ်စွန်းကင်းရန်အလို့ငှာလည်းကောင်း ၊
လက်စသတ်ချုပ်ငြိမ်းရန်အလို့ငှာလည်းကောင်း ၊
သောကမီးအေးရန်အလို့ငှာလည်းကောင်း ဘုရားက ဖြစ်စေ ၊ ဘုရား၏ တပည့်ကဖြစ်စေ
ဟောညွှန်သည်ကို ကြားသိရသော် -
အို - ပြတ်ရဦးမည်တကား ၊ ပျက်ရဦးမည်တကား ၊ မဖြစ်ပွားရတော့အံ့တကားဟု
စိတ်၌ ဖြစ်ပေါ်လေသည် ။ ၎င်းသည် စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း၏ ။
တွေဝေမိန်းမော၏ ။ ဤသို့အတွင်း၌ တစ်စုံတစ်ရာမရှိသော် မရှိဘဲလျက်ပင်
တပ်မက်ခြင်းဖြစ်၏ ။
မေး ။ ။ မြတ်စွာဘုရား ၊ အတွင်း၌ တစ်စုံတစ်ရာ မရှိခဲ့သော် မတပ်မမက် ဖြစ်ရာပါသလော ။
ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ အချို့က ဤသည်ကား လောက ၊
ဤသည်ကား ကိုယ် ၊ ပုဂ္ဂိုလ် ၊ သူ ၊ ငါ ၊ မိန်းမ ၊ ယောက်ျားဟု မစွဲ ၊
ခံစားအပ်ရာ ဖြစ်၏ ။ မြဲစွဲ၏ စသည် မစွဲ ။ ဘုရားဖြစ်စေ ၊ ဘုရားတပည့်ဖြစ်စေ ၊
ဤလောက ဆင်းရဲကုန်ဆုံးရေး ၊ သောကမီးငြိမ်းရေး တရားဟောကြားသည်ကို ကြားသိရသော်
ပြတ်ရတော့မည် ၊ ပျက်ရတော့မည် စသည်စသည် အယူ အစွဲ မရှိ ။ ၎င်းသည် စိးရိမ်
ပူဆွေး ငိုကြွေးမြည်တမ်း တွေဝေမိန်းမောခြင်း မဖြစ် ။
ဤသို့အတွင်း၌ တစ်စုံတစ်ရာမရှိသော် တပ်မက်ခြင်းဖြစ်ရာ၏ဟု ဟောတော်မူသည်ကို ထိုထိုရဟန်းသည် နှစ်သိမ့်လေ၏ ။
( မဇ္ဈိမနိကာယ် ၊ မူလပဏ္ဏာသ ၊ ကလ္လူပမသုတ္တန်မှ )
BTNR မှ ဆရာဒဂုန် ဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည်။
No comments:
Post a Comment