
နတ်မှာ ပြဿနာမရှိ ၊ တောင်တွေးမြောက်တွေးနှင့် အငြိမ်မနေတတ် ၊ ဆတ်ဆော့သော နတ်မှာ ပြဿနာ ကပ်လာ၏။
နတ်သားတစ်ယောက်သည် လောကအကြောင်းကို ပေါက်ပေါက်ရှာရှာ
ကြံစည်လေ၏။ အတွေးနယ်ပယ်ကို ကျယ်ကျယ်ချဲ့ ၊ ဉာဏ်စွမ်းကိုရှိသမျှထုတ်၍
သုံးကြည့်သည်။ အဖြေကိုကား သူ မတွေ့လေ။ ကြာသော် ထိုနတ်သား၏ ကိုယ်တွင်
ပြဿနာကပ်နေခြင်းသာ အဖတ်တင်ရုံမက ကိုယ်ပန်းစိတ်ပန်း ဖြစ်လာသည်။ ထိုအခါ
ထိုနတ်သားသည် ဗုဒ္ဓမြတ်ဘုရားအား သွား၍ သတိရမိလာသည့်အလျောက် ကသီလင်တနှင့်
ဗုဒ္ဓရှေ့တော်ဝင်၍ သူ့ပြဿနာကို ဖြေရှင်းပေးတော်မူပါရန် ပန်ကြားလေသတည်း။
နတ်သား မေး။ ။ အို - သုံးလောကမှန်ကူ သယမ္ဗူရှင်တော်မြတ်ကြီးဘုရား ၊ (၁) လောကကို နှိပ်စက်ကလူ ပြုမူနေသည်ကား
အဘယ်အရာပါနည်း။ (၂) ထိုလောကကို ဘယ်အရာများက ခြံရံနေပါသနည်း။ (၃) အဘယ်မည်သော
မြားလက်နက်က လောက၏ နှလုံးသည်းပွတ်ကို
ဖောက်ထွင်းစူးဝင်နေပါသနည်း။ (၄)
အဘယ်အရာသည် အခါခပ်သိမ်း လောကကို လောင်မြိုက်နေပါသနည်း ဘုရား။ ဤပုစ္ဆာအတွက်
ဗုဒ္ဓမြတ်ဘုရား မြွက်ကြားတော်မူသည့် အဖြေကား - ဗုဒ္ဓ အဖြေ။ ။
ညဥ့်နက်သန်းခေါင် ၊ ငါ့အဆောင်သို့ ၊ ကိုယ်ရောင်ထင်စွာ ၊ ဝင်ရောက်လာပြီး ၊
ပြဿနာတင်ပြ ၊ အို - ဒေဝ။ (၁) လောကကို နှိပ်စက်ကလူပြု၍
ထင်သလိုမင်းမူနေသည်ကား သေမင်းဖြစ်ချေသည်။ (၂) လောကကို အိုခြင်းတရားက
ခြံရံနေ၏။ (၃) လောက၏ နှလုံးသားကို တဏှာတည်းဟူသော မြားက
ဖောက်ထွင်းစူးဝင်နေ၏။ (၄) လောကကို အလိုရမ္မက် တည်းဟူသော လောင်မီးက
အခါခပ်သိမ်း လောင်မြိုက်နေ၏ဟု မိန့်တော်မူ၏။ ထိုနတ်သားသည် ဘုရားထံမှ
အဖြေကိုရလျှင် ရိုသေစွာ ရှိခိုး၍ ဘုရားသခင်၏ ထံပါးတော်မှ ဖဲခွာသွားလေသတည်း။
( သံယုတ္တနိကာယ် ၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ၊ ဒေဝတာသံယုတ် ၊ အဒ္ဓဝဂ် ၊ အတ္တဟတသုတ် ၊ ၃၇ ၊ ဆဋ္ဌမူ )
BTNR မှ ဆရာဒဂုန် ဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည်။
No comments:
Post a Comment