နောင်တ နောင်မှမရစေနဲ့
********************
" ငွေသည် သည်းခြေကြိုက် "
" ငွေသည် အသည်းနှင့်နီးသည် " ဟု ဆိုကြ၏။ လူသားအတွက်
ငွေသည် ဤမျှ အရေးပါနေ၏။ လူ၏အရေးကိစ္စမှန်သမျှ
ငွေနှင့်သာ ဖြေရှင်းကြရ၏။ " ငွေများတရားနိုင် " ဟုပင် ဆိုစကားရှိ၏။
ဤ၌ တရားဟူသည် အမှန်တရား ဖြစ်၏။ အမှားအမှန်သည် ငွေပေါ်၌ တည်နေ၏။မည်သူကမှားမှား၊ မည်သူကမှန်မှန် ငွေရှိသူက မှန်၏။ ငွေမရှိသူက မှား၏။ ရှုံး၏။
" ငွေက ထစကားပြောသောအခါ အမှန်တရားက ငြိမ်၍ နေလေ၏ "
ဟူသော အနောက်တိုင်း စကားပုံသည် ဤအဓိပ္ပါယ်ပင်ဖြစ်၏။
လောက၌ ငွေသည် ဤမျှ အရေးကြီးပါ၏။ ငွေရှိပါက လူမိုက်က
ပညာရှိနေရာ ရ၏။ ရုပ်ဆိုးသူက ရုပ်ချောသူ နေရာရ၏။
အိုသူက ပျိုသူ နေရာရ၏။
ငွေကို ဤမျှအလေးထားသော လူသားအကြားနေရာတွင် ငွေကို
ဂရုမစိုက်၍မဖြစ်၊ ဂရုစိုက်ရ၏။ သူ့ကိုချစ်မှ ကိုယ့်ကို ချစ်၏။
သူ့ကိုခင်မှ ကိုယ့်ကို မင်၏။ လူမိုက်နှင့်ငွေ အတူမနေဟု ဆိုသဖြင့်
မိမိနှင်ငွေ အတူနေအောင် အသုံးအစွဲ လိမ္မာရ၏။ ပျားကိုပုံပြု၊
ခြကိုအားကျ အတုယူကာ ငွေကို စုဆောင်းရ၏။
စုနိုင်ဆောင်းနိုင်မှသာ ချမ်းသာမည်ဖြစ်၏။
` ရှာဖွေဆုဆောင်း သဌေးလောင်း ´ ဟုဆို၏။ ငွေကို ကြိုးစား၍ ရှာဖွေရ၏။ အဖြှန်းမဖက်ဘဲ သုံးသင့်သည်ကို သုံး၍ အပိုအလျှံကို စုဆောင်းရ၏။ ရှာဖွေတတ်၊ စုဆောင်း တတ်လျှင် သူဌေးဖြစ်ဖို့ သေချာပါ၏။
သူဌေးသည် တိုင်းပြည်၏ ရတနာတစ်ပါး ဖြစ်၏။ သူဌေးများများရှိသော
တိုင်းပြည်ကို ချမ်းသာသောတိုင်းပြည် ဟုခေါ်၏။ သူဌေးသည်
တိုင်းပြည်၏ ဂုဏ်ဆောင်၊ ကျက်သရေဆောင်ဖြစ်၏။ လူမြင်ကွင်းမှ
ကြီးကျယ်မှု၊ ခမ်းနားမှု၊ ထည်ဝါမှု၊ ကြည်နူးသာယာမှု တို့သည်
သူဌေးတို့၏ ကျေးဇူးများသာ ဖြစ်၏။
အမျိုးဘာသာ၊ သာသနာကို ထွန်းပြောင်အောင် ဖန်ဆင်းသူများသည်
သူဌေးများသာဖြစ်ကြ၏။ သို့ဖြစ်၍ သူဌေး ဖြစ်ချင်ကြစမ်းပါ။
သူဌေးဖြစ်အောင် လုပ်ကြစမ်းပါ။ သူဌေးဖြစ်ပြီးနောက်ပိုင်း အမျိုးဘာသာ သာသနာကို ခမ်းနားထည်ဝါအောင် ဂုဏ်ကျက်သရေ တိုးတက်အောင် လုပ်ပါ။ အမျိုးဘာသာ သာသနာကို အကျိုးမပြုသော သူဌေး၏ စည်းစိမ်ကား ဘီလူးသိမ်းပိုက်သော ရေကန်ထဲမှ ရေနှင့် တူ၏။
` ဒုတိယအရွယ်မှာ ဥစ္စာရှာ ´ ဆိုသည့်အတိုင်း အသက် (၂၀) ကျော်နောက်ပိုင်း
ပညာရှာရင်း ဥစ္စာရှာ၊ ဥစ္စာရှာရင်း ပညာရှာရ၏။ ပညာ၊ ဥစ္စာရှာရင်း
လိုအပ်သော ပစ္စည်းဝတ္တု၊ အသုံးအဆောင်၊ အိမ်ရာ၊ တိုက်တာ၊
သွားလာစရာ၊ ဆက်သွယ်စရာ ခေတ်မီ ပစ္စည်းများကို ဝယ်ထားရ၏။
စုထားရ၏။ ခေတ်မီ လူ့အသုံးအဆောင်ပစ္စည်းများ ရှိမှသာလျှင်
လောက, လူဟု သတ်မှတ်ချင်၏။
မိမိက လောကုတ္တရာ နယ်သို့ မကူးနိုင်သေးသမျှ လူ့ဝန်းကျင်မှာ
လူနှင့်တူအောင် နေရ၏။ လူကြားထဲမှာ ဘုန်းကြီး ပုံစံမျိုးနှင့် နေ၍မရ။
လူ့ဝန်းကျင်မှာ ဘုန်းကြီး ပုံစံမျိုးနှင့်နေက လူကမလေး၊
ခွေးကမခန့် သာ ဖြစ်လိမ့်မည်။
` တတိယအရွယ်မှာ တရားရှာ ´ ဆိုသည့်အတိုင်း တတိယအရွယ် (၅၀) ကျော်နောက်ပိုင်း၌ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေး အားလုံး လက်လွှတ်၍ တရားကိုသာ ရှင်သင့်တော့၏။ တရားနှင့်သာ အေးအေးဆေးဆေး နေသင့်တော့၏။ လူဆိုသော လူတွေကို ကြာလေပျင်းစရာကောင်းလေကို သဘောပေါက်သင့်၏။
` ကျောပူမှ ရင်အေးရ ´ ဆိုသည့်အတိုင်း အသက်အရွယ် ရလာသောအခါ ရင်အေးအေးနေနိုင်ဖို့အတွက် ငယ်စဉ်ကတည်းက ကျောပူခံ ကြိုးစားထားရ၏။
အသက် (၅၀) ကျော်မှ စားဝတ်နေရေး ရင်မအေးရသေးလျှင် မကောင်းတော့။
ဘဝသည် အသက် (၅၀) ကျော်မှစ၍ တဖြေးဖြေး ငြိမ်းသွားရ၊ အေးသွားရ၏။ (၆၀) ပြည့်လျှင် အငြိမ်းစားဆိုသည့်အတိုင်း စားဝတ်နေရေး ပူပန်စရာမလိုတော့ဘဲ အရာခပ်သိမ်း ပြည့်ပြည့်စုံစုံနှင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိသင့်၏။
ထိုသို့ အသက်ရလာသောအခါ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့အတွက် ငယ်ရွယ်စဉ် အခါမှာ အပူခံရ၏။ အသက် (၂၀) ကျော်မှစ၍ အသက် (၅၀) လောက်ထိ စိတ်ရော၊ လူရော အငြိမ်းအအေးမထားဘဲ အပူခံကာ ကြိုးစားရှာဖွေ လုပ်ကိုင် စုဆောင်းထားရ၏။
` အရိပ်လို နေပူမှစောင့် ´ ဆိုသည့်စကားလည်း ဤအဓိပ္ပါယ်ပင်ဖြစ်၏။ အရိပ်ထဲမှာ အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် ဦးစွာ နေပူခံထားရ၏။
ထိုသို့ မဟုတ်ဘဲ ငယ်စဉ်အခါက အေးအေးပေါ့ပေါ့ နေခဲ့လျှင် ကြီးသောအခါ နှစ်ဆပိုလေးပါလိမ့်မည်။ နှစ်ဆပိုပူရပါလိမ့်မည်။
ကြီးသောအခါ တာဝန် မလေးစေဖို့၊ ရင်မလေးစေဖို့၊ တာဝန်မလေး၊ ရင်မလေးဘဲ ပေါ့ပါးလွတ်လပ်စွာ နေနိုင်ဖို့ ငယ်စဉ်အခါ ပေါ့ပေါ့မနေဘဲ လေးလေးပင်ပင် လေးလေးနက်နက် နေပါ။
ဘဝကို ဘဝနှင့်တူအောင် နေပါ။ ကြီးသောအခါ ကြပ်ကြပ်တည်းတည်း မဖြစ်စေဘဲ ချောင်ချောင်လည်လည် ဖြစ်စေဖို့ ငယ်စဉ်အခါ ချောင်ချောင်မနေဘဲ ကြပ်တည်းသော စည်းကမ်းနှင့် နေပါ။ ထိုင်ပါ။ ကြိုးစားပါ။ လုပ်ကိုင်ဆောင်ရွက်ပါ။ သို့မဟုတ်လျှင် နောင်အခါမှ နောင်တရပါလိမ့်မည်။
အရှင်သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်
https://www.facebook.com/bwar99/posts/674180205976706:1

No comments:
Post a Comment