အနတ္တဝါဒ အပိုင်း(၄)
*****************
ရဟန်းတို့ ဝန်ကိုလည်းကောင်း ဝန်ကို ရွက်ဆိုသော ပုဂ္ဂိုလ်ကိုလည်းကောင်း ဝန်ကိုယူခြင်း ဝန်ကိုချခြင်းကိုလည်းကောင်း ငါဟောကြားပေအံ့။ ။ ဝန်ဟူသည် ခန္ဓာငါးပါးဖြစ်၏။ ဝန်ကိုဆောင်သောသူသည် ပုဂ္ဂိုလ်ဖြစ်၏။ ဤသို့သောအမည် ဤသို့သော အနွယ်ရှိသော ပုဂ္ဂိုလ်ကို ဝန်ကိုဆောင်သောသူဟူ၍ ဆိုအပ်၏။ဝန်ကိုယူခြင်းဟူသည် တဏှာစွဲကပ်ခြင်း ဖြစ်၏။ ထိုတဏှာ၏ အကြွင်းမဲ့ချုပ်ရာဖြစ်သော နိဗ္ဗာန်သည်ရှိ၏။ ထိုနိဗ္ဗာန်သည် ဝန်ကိုချရာ ဖြစ်သည်ဟု ဆိုအပ်၏။ (ခန္ဓဝဂ္ဂသံယုတ် ဘာရသုတ်)
မိမိသည်သာ မိမိ၏ ကိုးစားရာဖြစ်၏။သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။ မိမိသည် ကောင်းစွာယဉ်ကျေးသဖြင့် ရခဲလှသော ကိုးစားရာ အရဟတ္တဖိုလ်ကို ရနိုင်၏။ (ဓမ္မပဒ ဂါထာ ၁၆၀)
အထက်ပါ ဗုဒ္ဓဒေသနာများသည် အတ္တစွဲကင်းသော ဗုဒ္ဓဝါဒီတို့အဖို့ အတ္တဝါဒနှင့် ရောထွေး၍ ထင်မှားဖွယ်ရာအကြောင်း အလျှင်းမရှိချေ။ ဒေသနာသုံးခုစလုံးမှာ အဓိပ္ပာယ်ရှင်းလင်းပြတ်သား၏။ ပထမဒေသနာ၌ မိမိကိုယ်ကို ရှာခြင်းသည် မိမိအကြောင်းကို ဟုတ်မှန်သည့်အတိုင်း သိရှိနားလည်ရန် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်ခြင်း ဖြစ်၏။ ဒုတိယဒေသနာ၌ ဝန်ဆောင်ပုဂ္ဂိုလ်ဟူသည် လူအများနားလည်စေရန် သုံးစွဲထားသော လောကဝေါဟာရ စကားမျှသာဖြစ်၏။ တတိယဒေသနာ၌ မိမိကိုယ်ကို အားကိုးရမည်ဆိုသော ဗုဒ္ဓသြဝါဒမှာ မိမိ၏ သီလ သမာဓိ ပညာ ဝီရိယစသော သတ္တိအရည်အချင်းများကို ဆိုလိုကြောင်း ထင်ရှား၏။ ဤသို့ အနက်အဓိပ္ပာယ် သိသာထင်ရှားသော်လည်း အတ္တစွဲမကင်းသော သူတို့သည် " အတ္တာနံ ဂဝေသေယျာတ" " အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏ" စသော ပါဠိတော်များ၏ နောက်ကွယ်၌ အတ္တကို ရှာကြံကြ၏။ ဥပနိသျှကိမ်းလာ အချို့ဝေါဟာရများသည် ပါဠိပိဋကတ်၌ အနက်အဓိပ္ပာယ် ပြောင်းလဲကြောင်း အထက်ကပြဆိုခဲ့ပြီ။ မစ္စစ်ရိုင်းစ်ဒေးဗစ်ကပင် ပုရိသ ကာမ အဇ္ဈတ္တ စသော ဝေါဟာရစကားများမှာ ဥပနိသျှကျမ်းများနှင့် ပိဋကတ်ကျမ်းများတွင် အဓိပ္ပာယ်တစ်မျိုးစီ ဖြစ်ပါသည်ဟုဆို၏။ သို့စဉ်လျက် အတ္တ ဗြဟ္မ ဓမ္မ စသောပါဠိဝေါဟာရများသည် ဥပနိသျှဆရာတို့၏ အတ္တအယူကို ဖော်ညွန်းသည်ဟု စွဲမှတ်ထားခြင်းမှာ ရှေ့နောက်မညီဘဲ မိမိလိုရာဆွဲ၍ ပြန်ဆိုထားသည်နှင့် တူလှချေသည်။
ထိုရဟန္တာပုဂ္ဂိုလ်သည် ငါသည်ဆို၏။ငါ့ကိုဆိုကုန်၏ စသည်ဖြင့် ပြောဆိုရာ၏။ ထိုပုဂ္ဂိုလ်သည် ခန္ဓာစသည်တို့၌ လိမ္မာသည်ဖြစ်သောကြောင့် လောက၌ ခေါ်ဝေါ်အပ်သော အမည်ကိုသိ၍ ခေါ်ဝေါ်ကာမျှ ဝေါဟာရအားဖြင့်သာလျှင် ခေါ်ဆိုရာ၏။ (သဂါထာဝဂ္ဂသံယုတ် အရဟန္တသုတ်)။
အို အဂ္ဂိဝေဿန ကိလေသာမှ ကျွတ်လွတ်ပြီးသော ရဟန်းသည် တစ်စုံတစ်ခုကိုမျှ ချွတ်လွဲသောအားဖြင့် မဆို။ လောက၌ အကြင်စကားဖြင့် ဆိုအပ်၏။ ထိုစကားဖြင့် ခေါ်ဝေါ်ပြောဆို၏။ မှားသောအားဖြင့်မူကား မသုံးအပ်။(မဇ္ဈိမနိကာယ် ဒီဃနခသုတ်)။
စိတ္တ ဤအတ္တဘောကို ရခြင်းဟူသော အရာတို့သည် လောကအမည် လောကအဆို လောကအခေါ်အဝေါ်

လောကပညတ်များ ဖြစ်ကုန်၏။ ဤအမည် ပညတ်တို့ဖြင့် ငါဘုရားသည် မှားယွင်းစွာ
မသုံးသပ်မူ၍ ခေါ်ဝေါ်ဟောပြော၏။ (ဒီဃနိကာယ် ပေါဋ္ဌပါဒသုတ်)။
ထို့ကြောင့် ဗုဒ္ဓသည် လောက၌ ပုဂ္ဂိုလ်သတ္တဝါမရှိဟူ၍ တိကျပြတ်သားစွာ မဟောကြားခဲ့ခြင်း ဖြစ်၏။ ဝစ္ဆဂေါတ္တ ပရဗိုဇ်က ဗုဒ္ဓအား အတ္တရှိပါသလောဟု အတိအလင်းမေးသောအခါ မည်သို့မျှမဖြေဘဲ ဆိတ်ဆိတ်နေတော်မူ၏။ ပရဗိုဇ်ဖဲသွားပြီးနောက် အရှင်အာနန္ဒာက မေးလျှောက်သောအခါ ဗုဒ္ဓက အတ္တရှိသည်ဟုဆိုလျှင် သဿတဝါဒကို မိမိလက်ခံရာရောက်မည်။ အနတ္တတရားကိုပယ်ရာရောက်မည် အတ္တမရှိဟုဆိုလျှင် ဥစ္ဆေဒဝါဒကို မိမိလက်ခံရာရောက်၍ ဝစ္ဆဂေါတ္တသည်လည်း စိတ်နောက်ကျိ ရှုပ်ထွေးဖွယ်ရှိသည်။ ထို့ကြောင့် မိမိ မည်သို့မျှ မဖြေကြားကြောင်း မိန့်ကြား၏။ (အဗျာကတသံယုတ် စတုတ္ထဝစ္ဆ ဂေါတ္တသုတ်)
အို ကစ္ဆာန လူတို့သည် များသောအားဖြင့် ရှိ၏ဟူ၍လည်းကောင်း မရှိဟူ၍လည်းကောင်း ယူဆကြ၏။ သင်္ခါရလောက၏ အကြောင်းကို ကောင်းသောမဂ်ဥာဏ်ဖြင့် အမှန်အတိုင်း မြင်သောသူအား သင်္ခါရလောက၌ မရှိဟူသော အယူသည် မဖြစ်။ သင်္ခါရလောက၏ ချုပ်ရာကို မဂ်ဥာဏ်ဖြင့် အမှန်အတိုင်း မြင်သောသူအား သင်္ခါရလောက၌ ရှိ၏ဟူသော အယူသည် မဖြစ်။ (နိဒါနသံယုတ် အာယသ္မာကစ္စာနဂေါတ္တသုတ်)။
ဤသို့ဖြင့် ဗုဒ္ဓသည် အနတ္တတရားကို လူတို့မှားယွင်းစွာ ကြံစည်သုံးသပ်ခြင်း မပြုမိစေရန် အထူးသတိပြု၍ ဟောတော်မူရ၏။ ဤအကြောင်းကို ထေရဝါဒဆရာတို့က အထူးအထွေ မရေးသားခဲ့သော်လည်း မဟာယာနဆရာတို့ကမူ အကျယ်ဖွင့်၍ ရေးသားခဲ့ကြ၏။ ဝသုဗန္ဓုဆရာသည် ဝဇ္ဇီပုတ္တကဂိုဏ်း၏ ပုဂ္ဂလဝါဒကို ချေပရာ၌ ဤသို့မိန့်ဆို၏။ ဘုရားရှင်သည် အထူးဆင်ခြင်၍ အနတ္တတရားကို ဟောတော်မူ၏။ ဥပမာ ကျားမသည် မိမိ၏ သားငယ်ကို ကိုက်ချီရာ၌ မနာကျင်စေရန်နှင့် လွတ်ထွက်မသွားစေရန် မလျော့မတင်း ကိုက်ချီသကဲ့သို့ဖြစ်၏။ ဗုဒ္ဓသည် သဿတဒိဋ္ဌိ၏ အပြစ်ဘေးကိုလည်းကောင်း ဥစ္ဆေဒဒိဋ္ဌိကြောင့် လူတို့အကျင့်သီလ ယိုယွင်းပျက်ပြားမည့်ဘေးကို လည်းကောင်း သိမြင်တော်မူ၏။ ပုဂ္ဂိုလ်သတ္တဝါ မရှိသောကြောင့် ပုဂ္ဂိုလ်နှင့်ခန္ဓာကိုယ် တခြားစီ ဖြစ်သည်ဟုမဆို။ သို့ရာတွင် နတ္ထိကဝါဒကို ပယ်လိုရကား ပုဂ္ဂိုလ်သတ္တဝါ မရှိဟုလည်း ဟောတော်မမူချေ။ နာဂဇုနဆရာကလည်း ဘုရားရှင်သည် နတ္ထိကဝါဒနှင့် သဿတဝါဒကို ပယ်လိုသောကြောင့်တစ်ခါတစ်ရံ အတ္တဝါဒကိုဟော၍ တစ်ခါတစ်ရံ အနတ္တဝါဒကို ဟော်တော်မူ၏။ သို့ရာတွင် အနတ္တဝါဒသည်သာလျှင် ဗုဒ္ဓဝါဒအစစ်ဖြစ်၏။ ဤဝါဒသည် နားလည်ရန် ခက်ခဲ၏။ဗုဒ္ဓသည် အသိပညာဥာဏ်နှင့် စိတ်ဓာတ်ဗီဇညံ့ဖျင်းသော သူတို့ကို ရည်ရွယ်၍ အနတ္တတရားကို ဟောတော်မူသည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ထိုတရားကို ကြားနာရပါက နတ္ထိကဝါဒကို မုချသက်ဝင်ယုံကြည်ကြမည် ဖြစ်သည် စသည်ဖြင့် ရေးသားခဲ့၏။ နာဂဇုနဆရာက တစ်ခါတစ်ရံ အတ္တဝါဒကို ဗုဒ္ဓဟောသည်ဆိုရာ၌ အချို့သော ဗုဒ္ဓဒေသနာများ၌ ပုဂ္ဂိုလ်သတ္တဝါ ထင်ရှားရှိသကဲ့သို့ ဟောပြောမှုနှင့် မိမိကိုယ် ဟူသော စကားကဲ့သို့ အတ္တနှင့် ရောထွေးထင်မှားဖွယ်ဖြစ်သော ဝေါဟာရများ သုံးစွဲမှုကို ဆိုလိုခြင်းဖြစ်၏။ အတ္တစွဲမကင်းသော သူတို့အဖို့ ပိဋကတ်စာပေ၌ အတ္တအသွင် လက္ခဏာဆောင်နေသော ပါဠိဝေါဟာရတစ်ခုမှာ မနောဝိညာဏ်ဖြစ်၏။ ရဟန်းတို့ ဤစိတ်သည် ပြိုးပြိုးပြက်ပြက် တောက်ပဖြူစင်သော သဘောရှိ၏။ ဤစိတ်သည် ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ရာဂအစရှိသော ကိလေသာမှလွတ်၏။ ထိုကိလေသာမှ လွတ်သောစိတ်ကို အကြားအမြင် သုတရှိသော အရိယာ၏ တပည့်သည် ဟုတ်မှန်သောအတိုင်း အပြားအားဖြင့်သိ၏။ (အဂုင်္တ္တရနိကာယ် ဧကကနိပါတ် ဒုတိယပဘဿရသုတ်)။
စိတ်သည် လောကကို ဆောင်အပ်၏။ ဆွဲငင်၏။ အလုံးစုံသောတရားတို့သည် စိတ်ဟူသော တရား၏အလိုနိုင်ငံသို့ အစဉ်လိုက်ပါရကုန်၏။ (သဂါထာဝဂ္ဂသံယုတ် စိတ္တသုတ်)။
ရဟန်းတို့ ခံတပ်မြို့ကြီး တစ်မြို့သည်ရှိ၏။ ထိုမြို့၌ တံခါးခြောက်ခုသည် လည်းကောင်း တံခါးစောင့်သည် လည်းကောင်း မြို့၏အရှင်ဘုရင် မင်းသည်လည်းကောင်းရှိ၏။ ထိုမြို့သို့ သံတမန်နှစ်ဦးသည် လာရောက်၍ လိုအပ်သောကိစ္စကို ဆောင်ရွက်ပြီးလျှင် ပြန်သွား၏။ ဤဥပမာ၌ ခံတပ်မြို့မည်သည် မဟာဘုတ်ဓာတ်ကြီး လေးပါးကို မှီ၍ဖြစ်သော ဤခန္ဓာကိုယ်ဖြစ်၏။ တံခါးခြောက်ပေါက်သည် အဇ္ဈတ္တိကာယတန ခြောက်ပါးဖြစ်၏။ တံခါးစောင့်သည် သတိစေတသိက်ဖြစ်၏။ သံတမန်နှစ်ဦးသည် သမထနှင့် ဝိပဿနာ ကမ္မဋ္ဌာန်းကို ဆိုလို၏။ မြို့၏အရှင်ဘုရင် မင်းသည်ကား မနောဝိညာဏ်စိတ်ဖြစ်၏။ (သဠာယတနသံယုတ် ကိံသုကသုတ်)။
အထက်ပါဒေသနာများအရ မနောဝိညာဉ်သည် နာမ်တရားတို့၏ အကြီးအမှူး ရှေ့သွားခေါင်းဆောင် ဖြစ်၏။ သို့ရာတွင် ဝိညာဉ်သည် အခြားနာမ်တရားတို့နည်းတူ အနိစ္စတရား သင်္ခါရတရားဖြစ်၏။ ဤအချက်ကို မသိမြင်ဘဲ လူတို့ သံသရာကျင်လည်ရာ၌ မနောဝိညာဉ်က တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းသည်ဟု အယူမှားသော သာတိရဟန်းအား ရှင်းလင်းပြတ်သားစွာ ဗုဒ္ဓဟောကြားသော ဒေသနာအထင်အရှားရှိ၏။ (မဇ္ဈိမနိကာယ် မဟာတဏှာသင်္ခယသုတ်)။
သို့စဉ်လျက် ယခုကာလ၌ အတ္တစွဲရှိသော သူတို့သည် မနောဝိညာဉ်ကို အတ္တဝိညာဉ်အဖြစ် စွဲမှတ်ထားကြ၏။ ထိုဝိညာဉ်သည် နိစ္စဓူဝအသင်္ခတဓာတ်ဖြစ်၏။ မူလသဘာဝအားဖြင့် သန့်ရှင်းစင်ကြယ်သည်။ အပေါ်ကဖုံးအုပ်နေသော ကိလေသာ အညစ်အကြေးများကို ဖယ်ရှားနိုင်လျှင် ပကတိဖြူစင်သော အတ္တဝိညာဉ်ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြ၏။

(----ဆက်ရန်) {ဦးအေးမောင်}
No comments:
Post a Comment