အနတ္တဝါဒ အပိုင်း(၂)
****************
အရှင်မောဠိယ ဖဂ္ဂုန မထေရ်သည် ဗုဒ္ဓအား အရှင်ဘုရား ဝိညာဏအာဟာရကို အဘယ်သူသည်
သုံးဆောင်စားသောက်ပါသနည်း ဟုမေးလျှောက်၏။
ထိုအခါ ဗုဒ္ဓက သင်၏ အမေးသည်
မသင့်လျှော်ချေ။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါက သုံးဆောင်စားသောက်သည်ဟု
ငါဘုရားမဟော။ ငါဘုရားကို အရှင်ဘုရား ဝိညာဏ်သည် အဘယ်တရား၏
အကြောင်းဖြစ်ပါသနည်းဟု မေးရာ၏။ ဤအမေးပုစ္ဆာ၌ ဝိညာဏ်သည် နောင်အဆက်ဆက်သော
နာမ်ရုပ် သဠာယတနစသည်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သည်ဟူသော အဖြေသည်
သင့်လျော်သည်ဟု မိန့်တော်မူ၏။
(နိဒါနသံယုတ် မောဠိယဖဂ္ဂုနသုတ်)။
သံယုတ္တနိကာယ်၌ ထိုနည်းနှင်နှင်ဟောသော အခြားဒေသနာ အမြောက်အများရှိ၏။ ဗုဒ္ဓသည်
အဘယ်ကြောင့် အနတ္တတရားကို ထပ်တလဲလဲ အလေးအနက် ဟောတော်မူပါသနည်း။ အတ္တဒိဋ္ဌိသည်
လူတို့၌ အခိုင်အမာစွဲမြဲနေသော ဒိဋ္ဌိဖြစ်၏။
အထက်၌ ဖော်ပြခဲ့သော မောဠိယဖဂ္ဂုန
မထေရ်သည်ပင် ဗုဒ္ဓက ရှင်းပြတော်မူသော်လည်း ကောင်းစွာသိမြင်နားလည်
ကျေနပ်ဟန်မရှိ။ အဘယ်ကြောင့်ဆိုသော် ထိုမထေရ်သည် နောက်ကာလ၌ သိက္ခာချ၍
လူထွက်၏။ (နိဒါနသံယုတ် ကဠာရခတ္တိယ ဘိက္ခုသုတ်)။ အတ္တဒိဋ္ဌိသည်
မဂ်ဖိုလ်နိဗ္ဗာန်ကို ပိတ်ပင်တားဆီးသော မာနဒိဋ္ဌိ အစရှိသည့် ကိလေသာတရားများ၏
အရင်းအမြစ်ဖြစ်၏။ လူတို့ ဆင်းရဲဒုက္ခ ခံစားရခြင်း၏ မူလအကြောင်းတစ်ပါးဖြစ်၏။
"ခန္ဓာငါးပါးသည် ငါ၏ ဥစ္စာတည်းဟု တဏှာဒိဋ္ဌိအားဖြင့် စွဲမှတ်ထားသော ပုဂ္ဂိုလ်အား
ရုပ်နာမ်တရားတို့ ဖောက်ပြန်ပျက်စီးသောကြောင့် စိုးရိမ်ခြင်း
ငိုကြွေးမြည်တမ်းခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ဖြစ်ကုန်၏။
(ခန္ဓသံယုတ် နကုလပိတုသုတ်)။ ထို့အပြင် အကယ်၍ လူတို့သည် မပြောင်းလဲဘဲ
ထာဝရတည်မြဲနေသော အတ္တရှိသည်ဟု ထင်မှားနေပါက မိမိတို့၏ ကြီးပွားမှု (ဝါ)
တိုးတက်ပြောင်းလဲမှုအတွက် အားထုတ်ပြုလုပ်ဖွယ် အကြောင်းရှိတော့မည် မဟုတ်ချေ။
"အို ရဟန်း အတ္တဘောကို ရခြင်းသည် ခိုင်မြဲသည် ထာဝရတည်သည်
မြေကြီးမြင်းမိုရ်တောင် နေလတို့ကဲ့သို့ အမြဲတည်သည် အကယ်၍ဖြစ်ငြားအံ့
ဝဋ်ဆင်းရဲ၏အဆုံးကို ကောင်းစွာပြုခြင်းငှါ ဤမြတ်သောအကျင့်ကို
ကျင့်သုံးခြင်းသည် မထင်လေရာ။ (ခန္ဓသံယုတ် ဂေါမယသုတ်)
ပိဋကတ်စာပေ၌ အနတ္တဝါဒနှင့်စပ်လျဉ်းသော ဗုဒ္ဓ မိန့်ကြားချက်များမှတစ်ပါး တပည့်သာဝကများ၏ ဟောပြောချက်များလည်း ရှိ၏။ ငါ့ရှင်ဒသက စင်စစ်သော်ကား ငါ့အား ဥပါဒါနက္ခန္ဓာ ငါးပါးတို့၌ ငါဟူ၍ မာနအားဖြင့် စွဲဆိုခြင်းဖြစ်သေး၏။ ဤခန္ဓာငါးပါးသည် ငါကောင်းသည် ဟုတ်၏ဟု ဒိဋ္ဌိအားဖြင့်ကား ရှု့ခြင်း ဆင်ခြင်သုံးသပ်ခြင်းမပြု။ (ခန္ဓသံယုတ် ခေမကသုတ်)။ ငါ့ရှင်သာရိပုတ္တရာ အိုမှု သေမှု ဇရာမရဏကို မိမိသည် ပြုအပ်သလော သူတစ်ပါးသည်ပြုအပ်သလော။ သို့တည်းမဟုတ် မိမိလည်း ပြုအပ် သူတစ်ပါးလည်း ပြုအပ်သလော။

သို့တည်းမဟုတ် မည်သူမျှမပြုဘဲ ဇရာမရဏတို့သည်
မိမိသည်မပြု အတ္တသည်မရှိ (သမ္မောဟဝိနောဒနီ) အလုံးစုံသော ဘဝ အလုံးစုံသော ယောနိ
အလုံးစုံသော ဂတိ အလုံးစုံသော ဝိညာဏဋ္ဌိတိ အလုံးစုံသော သတ္တဝါတို့၌
အကြောင်းအကျိုးစပ်သည်၏ အစွမ်းဖြင့် အဆင့်ဆင့်ဖြစ်သော နာမ်ရုပ်မျှသာ ထင်၏။
ယောဂီသည် အကြောင်းတရားထက် အလွန်ပြုတတ်သော ဗြဟ္မာ ဗိဿနိုးစသော ကတ္တားကိုမမြင်။
ဝိပါက်၏ အဆင့်ဆင့်ဖြစ်ခြင်းကို လွန်၍ အကျိုးဝိပါက်ကို ခံစားတတ်သော
ပုဂ္ဂိုလ်ကတ္တားကို မမြင်။
စင်စစ်သော်ကား အကြောင်းတရားရှိသည်ရှိသော်
ပြုတတ်သောသူ ကတ္တားဟူ၍ လည်းကောင်း အဆင့်ဆင့် ဖြစ်ခြင်းသည်ရှိသော်
ခံစားတတ်သောသူ ဟူ၍လည်းကောင်း ပညတ်ကာမျှဖြင့် ပညာရှိတို့သည် ခေါ်ဝေါ်ကြကုန်၏။
(ဝိသုဒ္ဓိမဂ် ပညာဘူမိနိဒ္ဒေသ)။ အနတ္တဝါဒနှင့် စပ်လျဉ်း၍ ဝိသုဒ္ဓိမဂ်၌
ရှင်ဗုဒ္ဓဃောသ၏ အရှင်းဆုံး အပြတ်သားဆုံးစကားမှာ။ ။
ဒုက္ခသည်သာရှိ၏။ ဒုက္ခကို ခံစားသောသူ တစ်စုံတစ်ယောက်မျှမရှိ။ နိဗ္ဗာန်သည်ရှိ၏။ နိဗ္ဗာန်သို့ရောက်သော ပုဂ္ဂိုလ်သည်မရှိ။ နိဗ္ဗာန်သို့သွားရာ အကျင့်ခရီးသည် ရှိ၏။ နိဗ္ဗာန်သို့သွားသော ပုဂ္ဂိုလ်သည်မရှိ။
အထက်ပါစကားများသည် ထေရဝါဒ ပါဠိစာပေမှ ကောက်နုတ်ချက်များဖြစ်၏။ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်းများစွာ မကြာမီ ပေါ်လာသော ဗုဒ္ဓဂိုဏ်းကြီး ၁၈ ဂိုဏ်းသည် အချို့နေရာများ၌ အယူအဆကွဲလွဲစေကာမူ အတ္တဝါဒကို အားလုံးတညီတညွတ်တည်း ပယ်ကြ၏။ ပုဂ္ဂလဝါဒကို လက်ခံသော ဝဇ္ဇီပုတ္တကဂိုဏ်းသည် သူတို့၏ဝါဒကို အတ္တဝါဒမဟုတ်ဟု ဆိုကြ၏။ မဇ္ဈိမိကဂိုဏ်းကမူ အနတ္တဝါဒကို ထေရဝါဒဂိုဏ်းထက် ပိုမိုလေးနက်စွာ ဟောပြောကြ၍ ဓမ္မက္ခန္ဓာကိုပင် လက်မခံချေ။

ထိုဂိုဏ်း၏ အဓိကဝါဒမှာ သုညတဝါဒဖြစ်၍ သူတို့၏ သုတ္တန်ဒေသနာတစ်ခု၌ သုညတဝါဒကို။
။
ဤသုညလောကကြီးထဲ၌ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏသည် မရှိ။ နာမဝေါဟာရသည်
မရှိ။ အာရုံငါးပါးသည် မရှိ။ ဝိဇ္ဇာ အဝိဇ္ဇာ အဝိဇ္ဇာ၏ချုပ်ငြိမ်းရာသည် မရှိ။
ဇရာမရဏနှင့် သစ္စာလေးပါး နိဗ္ဗာန်တရားသည် မရှိ။ သတ္တလောက၌ ရှိရှိသမျှ
သတ္တဝါတို့ကို ငါဘုရားသည် ကယ်ချွတ်၍ နိဗ္ဗာန်သို့ ပို့ဆောင်ရမည်ဖြစ်၏။
သို့ရာတွင် ထိုသတ္တဝါ အသင်္ချေအနန္တကို ကယ်ချွတ်ပြီးသောအခါ အမှန်စင်စစ်
သတ္တဝါတစ်ဦးတစ်ယောက်ကိုမျှ ငါကယ်ချွတ်ပြီးသည်ဟု မဆိုနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် အကယ်၍ ဗောဓိသတ္တသည် ပုဂ္ဂိုလ်သတ္တဝါရှိသည်ဟု ယူဆပါက
ဗောဓိသတ္တ အမှန်စင်စစ် ဖြစ်မည်မဟုတ်ချေ။ အေဒီ ၁၅၀ ခုနှစ်လောက်၌
ထွက်ပေါ်ခဲ့သော နာဂါဇုန ဝသုဗန္ဓုစသော အဋ္ဌကထာဆရာတို့သည် မဟာယာနဗုဒ္ဓဝါဒကို
မျိုးစေ့ချပေးခဲ့သော ဗုဒ္ဓကျမ်းပြုဆရာများ ဖြစ်ကြ၏။ ထိုဆရာတို့သည်လည်း
အတ္တဝါဒကို ပြတ်ပြတ်သားသား ပယ်ကြ၏။ ဝသုဗန္ဓု စီရင်ရေးသားသော ကျမ်းတစ်ကျမ်း၌
ဝဇ္ဇီပုတ္တကဂိုဏ်း၏ ပုဂ္ဂလဝါဒကို အကျယ်ဝေဖန် ဆန်းစစ်၍ ချေပထား၏။
တရုတ်
ကိုးရီးယားနှင့် ဂျပန်နိုင်ငံများ၌ ယနေ့ထွန်းကားနေသော မဟာယာနဝါဒသည်
ထေရဝါဒနှင့် အချို့နေရာများ၌ ကွဲလွဲသော်လည်း အတ္တဝါဒကို ပယ်ရာ၌ တူညီ၏။
နာမည်ကျော် ဂျပန် ဗုဒ္ဓဘာသာကျမ်းပြုဆရာကြီး ဒေါက်တာဆူဇူကီးက။ ။ ဗုဒ္ဓ၏
အနတ္တဝါဒသည် ဝိညာဏဓာတ်မှ နိစ္စဓူဝအသင်္ခတ ဖြစ်သည်ဆိုသော အယူကိုပယ်၍ သင်္ခါရတရား
အားလုံးသည် ကမ္မနိယာမနှင့်အညီ အကြောင်းတရားများကြောင့်
ဖြစ်ပေါ်လာကြ၏။ယင်းတို့သည် ပျက်စီးသောသဘောရှိ၍ နောက်ကွယ်၌ အတ္တ
ဇီဝရှိသည်ဆိုခြင်းမှာ လွဲမှားသည်သာမက အကျင့်သီလ၏ ဘေးအန္တရာယ်လည်းဖြစ်၏။
ဂျပန်နိုင်ငံ၌ ဗုဒ္ဓဝါဒဂိုဏ်းများတွင် မည်သည့်ဂိုဏ်းမျှ အနတ္တဝါဒကို မပယ်ကြချေ။ ဂိုဏ်းအားလုံးသည် ပုဂ္ဂိုလ်သတ္တဝါ အမှန်မုချရှိသကဲ့သို့ ပြောဆိုကြစေကာမူ ပုဂ္ဂိုလ်သတ္တါသည် စင်စစ်အားဖြင့် လက္ခဏ ရသဂုဏ်ဒြပ် အစုအပေါင်းမျှသာဖြစ်၍ အနိစ္စသင်္ခါရ တရားမျှသာဖြစ်သည်ဟု ခံယူထားကြ၏။ ဤသို့ဖြင့် အနတ္တဝါဒသည် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဝါဒဂိုဏ်းအားလုံး လက်ခံယုံကြည်သော ဝါဒဖြစ်၏။ ဗုဒ္ဓဝါဒီတို့သည် ပဋိစ္စသမုပ္ပာဒ်စက်လည်ပုံကို သရုပ်ဖော်ရာ၌ သင်္ခါရတရားကို ပြသသောရုပ်ပုံတွင် အနတ္တတရားသည်ပေါ်လွင်ထင်ရှား၏။

အိန္ဒိယနိုင်ငံ
အဇန္တ လှိဏ်ဂူ၏ နံရံတွင် ရေးဆွဲထားသော ပုံများ၌ သင်္ခါရတရားကို အိုးထိန်းစက်၌
အိုးထိန်းသည် အိုးများပြုလုပ်နေသော ရုပ်ပုံဖြင့်ပြ၏။ တိဗက်ဗုဒ္ဓပန်းချီ
ကားများတွင်ကား အိုးထိန်းသည်၏ ရုပ်ပုံကို မတွေ့ရချေ။ ဂျပန်
ဗုဒ္ဓပန်ချီကားများ၌လည်း အိုးထိန်းသည်မပါဘဲ အိုးများကိုသာ ပြထား၏။
(----ဆက်ရန်) {ဦးအေးမောင်}
No comments:
Post a Comment