
ရပ်ထဲရွာထဲမှာ ဓမ္မာရုံတွေရှိပေမယ့် ဦးဇင်းတို့ နားလည်တာက ဓမ္မာရုံဆိုတာသာရေးနာရေး တွေပြုလုပ်ဖို့ ၊ဆွမ်းလောင်းတဲ့အလုပ်တွေ
ပြုလုပ်ဖို့ ၊ ဒီလိုလုပ်ကြတာပဲ တွေကြုံရပါတယ်။
အဲဒါကြောင့် ဓမ္မာရုံဆိုတာ တရားထိုင်ရမယ်လို့ နားလည်မှုမရှိခဲ့ပါဘူး။
ဓမ္မာရုံနားမှာတော့နေခဲ့တာပဲ ဓမ္မာရုံဆိုတာကို ကိုယ်နားလည်တာက တစ်မျိုးပါ။ တရားရိပ်သာတွေရောက်တဲ့အခါကြမှ ဓမ္မာရုံနဲ့ ပတ်သက်ပြီးတော့မှ ဓမ္မာရုံဆိုတာ တရားနာဖို့၊ တရားအားထုတ်ဖို့ သုံးရမှာပဲဆိုတာကို နားလည်တာပါ။
ရပ်ထဲရွာထဲက ဓမ္မာရုံတွေက ဘာဖြစ်လို့တရားအားမထုတ်သလဲဆိုတော့ ဓမ္မာရုံဖြစ်မြောက် သွားဖို့ကိုပဲ အဓိကထားတာပဲ၊ တရားအားထုတ်ဖြစ်ဖို့ ကို အဓိကထားတာမှ မဟုတ်တာ။
ဓမ္မာရုံမရှိဘူး ဓမ္မာရုံဖြစ်ဖို့ဆိုပြီး အဆောက်အဦးတစ်ခုဆောက်လုပ်ပြီး ဓမ္မာရုံအဖြစ်သတ်မှတ်ဖို့ကိုပဲ အဓိကထားတဲ့ အခါကြတော့
တရားအားထုတ်ပြီးတော့ တရားအလုပ်ကိုပဲအားကိုးပြီး ဖြစ်လာတဲ့ဓမ္မာရုံမျိုး
မဟုတ်တဲ့အခါ ကြတော့လည်း ရပ်ထဲရွာထဲကဓမ္မာရုံတွေမှာ တရားအားထုတ်ဖို့ဆိုတာက နေရာတော်တော်များများမှာတော့ အခက်အခဲတွေရှိပါလိမ့်မယ်။ အစကတည်းကိုက သစ္စာတရားတွေနာကြားဖို့၊
အားထုတ်ဖို့၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရဖို့ဆိုတဲ့ ဦးတည်ချက်မျိုးက အားနည်းခဲ့လို့ ရပ်ရွာထဲကဓမ္မာရုံတွေကိုတော့ အပြည့်အဝ အားကိုးလို့မရပါဘူး။
သဘာဝတရားရိပ်သာဆိုတာကြတော့ ၄၅လမ်းရိပ်သာဆိုလည်း ရိပ်သာမဖွင့်ခင်ကတည်းက ဆွမ်းစားပင့်တဲ့အိမ်ပေါင်း မြောက်များစွာ တရားတွေဟောကြားခဲ့တယ်၊ တရားတွေစုပေါင်းပြီးတော့မှ အားထုတ်ခဲ့တာပါပဲ။ ဆေးရုံဆေးခန်းပေါင်းစုံမှာ လူမမာပေါင်းစုံ၊ လူမမာရှင်ပေါင်းစုံနဲ့ လိုက်ပါပြီးတော့မှ တရားထိုင်တဲ့ ယောဂီအမျိုးမျိုး တရားအားထုတ်ခဲ့တာပါပဲ။ တကယ့်တရားအလုပ်ကို အားကိုးပြီးတော့မှ တည်ဆောက်တဲ့ရိပ်သာပါ။
သန်လျင်သဘာဝတရားရိပ်သာဆိုတာကလည်း မပြည့်စုံခင်ကလည်း မပြည့်စုံသလိုပဲ ဦးဇင်းတို့ဘက်ကလည်း တရားတွေဟောကြားတယ်၊ ရှိတဲ့ယောဂီတွေကလည်း တရားနာတယ်၊ တရားအားထုတ်တယ်။ လွန်ခဲ့တဲ့၅နှစ်ကျော်ကစပြီးတော့ မပြည့်စုံတော့လည်း မပြည့်စုံသလို၊ အမျိုးမျိုး အထင်အမြင်အမှားခံရတော့လည်း ဒီကောင်းတဲ့အလုပ်ကိုတော့ တစိုက်မတ်မတ်ပြုလုပ်ခဲ့တာပါပဲ။ အလုပ်နဲ့တည်ထောင်တဲ့ရိပ်သာပါ။ အဲဒါကြောင့်ရပ်ထဲရွာထဲမှာ အများကဓမ္မာရုံလို့သတ်မှတ်ထားတဲ့ ဓမ္မာရုံနဲ့တော့ တူမှာမဟုတ်ပါဘူး။
ဘာကွာလည်းဆိုတော့ ယောဂီတွေမြောက်များစွာ တရားအားထုတ်တဲ့နေရာမှာ ကိုယ်ကတရားအားထုတ်တဲ့အခါကြတော့ ဆေးရုံမှာ ဆေးကုသရတာ
လွယ်သလို
ဆေးကုတဲ့အလုပ်က အိမ်မှာလုပ်မယ်ဆိုရင် အဆင်မပြေမှုတွေ အများအပြားရှိပါလိမ့်မယ်။ ဆေးရုံမှာလုပ်တယ်ဆိုရင် လုပ်နေကြနေရာမှာလုပ်တာမျိုးကြတော့ လုပ်ရတာလွယ်ကူပါတယ်။ အများတရားအားထုတ်တဲ့နေရာမှာ အားထုတ်ရတာ အဆင်ပြေမှုတွေအများကြီးရှိပါတယ်။
အားထုတ်ပြန်တော့လည်း အချိန်စွဲ၊ နေရာစွဲ၊ အခြေအနေစွဲ၊ နည်းလမ်းအစွဲတွေနဲ့ ပြုလုပ်တာ မျိုးမဟုတ်ဘဲ အဲဒီအစွဲတွေကို ဆန့်ကျင်ပြီးတော့မှ ပြုလုပ်ပါများမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် အားထုတ်ဖို့ဆိုတာက လွယ်ကူတဲ့နေရာဖြစ်လာပါတယ်။ တရားအလုပ်ကိုအဓိကထားရတယ်ဆိုတာ ကလည်း ခေတ်ကာလအခြေအနေအရ တရားကိုအားကိုးဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ လိုအပ်ချက်တစ်ခု ဖြစ်နေလို့ပါ။ တရားအလုပ်အကြောင်းကိုတော့ သိကြတယ်။ တကယ်တမ်းကျင့်ကြံအားထုတ်တာကြတော့ နည်းတယ်။
အဲဒီအပြင် တရားအလုပ်နဲ့ပတ်သက်ပြီးတော့မှလည်း တရားအားထုတ်ရင် ရူးသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကလည်း အားကြီးနေတယ်။
စာသင်တာကမှ စာတတ်အုန်းမယ်၊ သမထတွေ လုပ်တာကမှ သမထကပေါက်မြောက်အောင်မြင်နိုင်သေးတယ်။ တရားအားထုတ်တဲ့အခါကြတော့ တရားက လည်းရဖို့ကလွယ်တာမဟုတ်ဘူး။ မရေရာမသေချာဘူး။ မသေချာတဲ့အလုပ်ကို လုပ်ပြီးတော့မှ တရားလည်းမရ၊ လောကီကောင်းကျိုးချမ်းသာတွေလည်းမရနဲ့ ဟိုမရောက်ဒီမရောက်နဲ့ ဒုက္ခရောက်သွားမယ် ဆိုတဲ့မှားယွင်းတဲ့နားလည်မှုတွေက အင်မတန်လွှမ်းမိုးနေတဲ့ အခြေအနေမျိုးဖြစ်ခဲ့လို့၊ မရေရာမသေချာ မှုတွေကများလို့ အန္တရာယ်တွေကကြီးမားလို့ပေါ့။
အန္တရာယ်တွေကကြီးမားတယ်ဆိုတာက တကယ့်တရားအလုပ်နဲ့ ပတ်သက်ပြီးပြောတာ မဟုတ်ပါဘူး။ ယောဂီတွေရော၊ တရားအားမထုတ်တဲ့လူတွေရော နားလည်တဲ့တရားအလုပ်ဆိုတာက အင်မတန် အန္တရာယ်များတဲ့၊ မရေရာမသေချာတဲ့၊ ကောင်းကျိုးထက် ဆိုးကျိုးကသာပိုများတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေကြလို့ တရားနဲ့ပတ်သက်ပြီးတော့မှ နားလည်မှုအမှားက အားကြီးနေလို့လည်း တရားအလုပ်ဆိုတာ တကယ်လုပ်ဖို့ကိုလိုအပ်ပါတယ်။
တစ်ဘက်မှာလည်း ခေတ်ကာလအနေအထားအရ၊ စားဝတ်နေရေးပြဿနာတွေ၊ မိသားစု ပြဿနာတွေ၊ ဆွေမျိုးအချင်းချင်းပြဿနာတွေ ဒါတွေကအင်မတန်အားကြီးတဲ့အတွက်ကိုပဲ ဝိပဿနာဆိုတဲ့ အင်မတန်အားကြီးတဲ့ ကောင်းမှုကုသိုလ်အလုပ်ကို ပြုလုပ်ဖို့ ၊ အားကိုးဖို့ဆိုတာက အင်မတန်ကိုလိုအပ် နေတဲ့ကွက်လပ်ဖြစ်နေပါတယ်။
အဲဒါကြောင့်လည်း ဦးဇင်းအနေနဲ့က ကိုယ့်ရဲ့နားလည်မှုအမှားတွေ၊ ကိုယ့်ရဲ့အားကိုးအမှား တွေ၊ လုပ်ရပ်အမှားတွေကို တရားအားကိုးပြီးတော့မှ ဖြေရှင်းခဲ့သလို အများရဲ့အမှားတွေကိုလည်း တရားရိပ်သာဖွင့်လှစ်ပြီး တရားတွေဟောကြားပြီးတော့ ကူညီပြီးတော့မှဖြေရှင်းပေးခြင်းပါပဲ။
ကောင်းမှု ကုသိုလ်ဆိုတာ သေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် တစိုက်မတ်မတ်လုပ်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ နေ့ စဉ်ပုံမှန်တရားနာ၊ တရားအားထုတ်ဖို့ဆိုတာလည်း ပိုပြီးတော့မှခက်ခဲတယ်။
အဓိက ကတော့စိတ်မဝင်စားလို့ ပေါ့။ လူပြော-သူပြောတွေ၊ အရူးစကားတွေ၊ ကောလဟာလတွေ ဒါတွေကို အရမ်းစိတ်ဝင်စားနေတော့ တရားကိုစိတ်ဝင်စားဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဟိုဟာလုပ်ချင်-ဒီဟာလုပ်ချင်၊ ဟိုဟာသိချင်-ဒီဟာသိချင်၊ ဟိုသွားချင်-ဒီသွားချင်၊ ဟိုဟာစားချင်-ဒီဟာစားချင် ဒီလို ကိုယ်လို-သူလို အလုပ်တွေပဲ အရမ်းကိုစိတ်ဝင်စားတဲ့အခါကြတော့ တရားအားထုတ်တဲ့အလုပ်ကို စိတ်ဝင်စားဖို့ဆိုတာက အခက်အခဲတွေအများကြီးရှိပါတယ်။
ဆရာတော်ဦးဥတ္တမသာရ (သဘာဝတရားရိပ်သာ)
(၁ဝ-၁၂-၂ဝ၁၃) သန်လျင်သဘာဝတရားရိပ်သာ သတိပဋ္ဌာန်ဓမ္မာရုံတွင်
ဟောကြားသောတရားတော်မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment