အနတ္တဝါဒ
-----------
(က) ပိဋကတ်နှင့် အခြားဗုဒ္ဓစာပေများမှ အနတ္တဝါဒ
-------------------------------------------------------
ဗုဒ္ဓဝါဒ အလိုအားဖြင့် အနိစ္စ ဒုက္ခနှင့် အနတ္တ(ဝါ) မမြဲခြင်း ဆင်းရဲခြင်းနှင့် မြဲသော အတ္တမရှိခြင်းသည် သင်္ခါရတရား အားလုံး၏ ထင်ရှားသော လက္ခဏာသုံးပါး ဖြစ်၏။ ယင်းတို့တွင် အနိစ္စကို ရှေးဦးပထမ ပြဆိုထားခြင်းမှာ အနိစ္စလက္ခဏာ၌ အခြားလက္ခဏာနှစ်ပါး ပါဝင်ပြီးဖြစ်သောကြောင့် ဖြစ်၏။ သင်္ခါရတရားတို့သည် မမြဲသောကြောင့် အမာခံဓာတ် အတ္တကင်းလျက် ဖောက်ပြန်ပျက်စီးကြရ၏။ လူသတ္တဝါ၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ခဏမစဲ အမြဲပြောင်းလဲလျက် ရှိ၏။ ရုပ်တရားထက် နာမ်တရားက ပြောင်းလဲဖြစ်ပျက်မှုများစွာ ပိုမိုလျင်မြန်၏။ စိတ်တို့သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ မရပ်မနား တဖွားဖွားဖြစ်ပေါ် ချုပ်ပျောက်လျက်ရှိ၏။ ဤသို့ စကြာဝဠာနှင့် လူတို့ကို စိုးမိုးနေသော အနိစ္စတရားကို နက်နက်နဲနဲ မသိမြင်ပါက ဗုဒ္ဓတရားကို ကောင်းစွာနားလည်မည် မဟုတ်ချေ။ အကြင်သူသည် သဒ္ဓါစိတ်ဖြင့် ဘုရား တရား သံဃာကို ဆည်းကပ်ကိုးကွယ်၍ သီလ စောင့်ထိန်းကာ မေတ္တာပွားများစေကာမူ ထိုသူသည် အနိစ္စတရားကို ခေတ္တခဏမျှ သိမြင်နားလည်လျှင် ပိုမိုအကျိုးရှိမည် ဖြစ်၏။(အဂုင်္တ္တရနိကာယ်)။ ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မရှု့မြင်ဘဲ အနှစ်တရာ အသက်ရှည်ခြင်းထက် ကောင်းစွာဆင်ခြင်ရှု့မြင်၍ တစ်ရက်မျှ အသက်ရှည်ခြင်းသည် သာ၍မြတ်၏။ (ဓမ္မပဒ ဂါထာ ၁၁၃)။ အနိစ္စသညာ ကောင်းစွာထင်သောသူအား အနတ္တသညာသည် အလိုလိုထင်ပေါ်၍ တည်လာ၏ (ဥဒါန်းပါဠိတော်နှင့် အဂုင်္တ္တရနိကာယ် နဝကနိပါတ် မေဃိယသုတ်)။ သင်္ခရတရား အားလုံး၏ မမြဲသောသဘောကို သိမြင်သောသူအဖို့ အနတ္တတရားကို သိမြင်ရန် များစွာမခဲယဉ်းချေ။ သို့ရာတွင် အနတ္တဝါဒသည် ဗုဒ္ဓဓမ္မ၏ ပဓာန အချုပ်အခြာတရားဖြစ်၍ ဗုဒ္ဓဝါဒီတို့အဖို့ အလွန်အရေးကြီး၏။ စင်စစ် အနတ္တတရားသည် အခြားကမ္ဘာ့ဘာသာ ဝါဒများတွင် မတွေ့ရသော ဗုဒ္ဓဓမ္မ၏ ဝိသေသဂုဏ်ဖြစ်၍ ကမ္ဘာ့ဘာသာ အယူဝါဒသမိုင်း၌ ဗုဒ္ဓတစ်ဦးတည်းသာ အလေးအနက် ဟောကြားသော တရားဖြစ်၏။သို့ဖြစ်စေကာမူ အနတ္တတရားကို ခြေခြေမြစ်မြစ် နားလည်ရန်သော်လည်းကောင်း နားလည်သည်ဆိုစေ စွဲစွဲမြဲမြဲ လက်ခံယုံကြည်ရန် သော်လည်းကောင်း များစွာမလွယ်ကူချေ။ မြန်မာဗုဒ္ဓဝါဒီတို့သည် အများအားဖြင့် အနတ္တတရားကို နားလည်ကြသော်လည်း အချို့သော မြန်မာ့ဘာသာရေး အယူများသည် အနတ္တဝါဒနှင့် ဆန့်ကျင်နေ၍ အနတ္တတရားကို ခံယူချက်မှာ အပေါ်ယံ အကာမျှသာဖြစ်၏။ ဤသို့ဖြစ်ခြင်းသည် အံ့သြစရာမရှိချေ။ ပိဋကတ်စာပေကို နှံ့နှံ့စပ်စပ် လေ့လာခဲ့သော အချို့သော အနောက်နိုင်ငံ ပညာရှင်များသည်ပင် အနတ္တဝါဒကို မနှစ်သက်သောကြောင့် ဗုဒ္ဓဝါဒအစစ်အမှန် မဟုတ် လေဟန် စွပ်စွဲရေးသားကြ၏။ သို့ဖြစ်၍ အနတ္တဝါဒနှင့်ပတ်သက်သော ပိဋကတ်ပါဠိတော်များကို စေ့ငုသေချာစွာ လေ့လာရန်လိုအပ်၏။ အတ္တသဒ္ဒါကို ရှေးအကျဆုံး ဝေဒကျမ်းများ၌ တွေ့ရ၏။ အတ္တသည် မူလပထမက အသက်ဟူသော အနက်ကိုဟော၏။ ရှေးဥပနိသျှဆရာတို့၏။ အဆိုအားဖြင့် အတ္တသည် နှလုံးအိမ်ထဲ၌ တည်ရှိ၍ တစ်ရာ့တစ်ခုသော လမ်းများဖြင့် အပြင်သို့ထွက်နိုင်၏။ ဦးခေါင်းထိပ်ရှိ လမ်းကြောင်းမှထွက်လျှင် အမတ ထာဝရဘုံသို့ ရောက်၏။ နောက်ပေါ် ဥပနိသျှကျမ်းများ၌မူ အတ္တသည် သက်ရှိသက်မဲ့ အားလုံး၏ မူလအနှစ် ပရမတ် ဓာတ်အစစ်ဖြစ်၏။ တစ်နည်းအားဖြင့် အတ္တသည် လူတို့အား အကောင်းအဆိုး ခွဲခြား၍ သိရှိနားလည်စေသော အမြင့်မြတ်ဆုံးအဖြစ်သို့ ရောက်ရှိစေနိုင်သော သတ္တိမျိုးစေ့၏ ကိန်းဝပ်ရာနိစ္စဓူဝ အသင်္ခတ အမတဓာတ်ကြီး အစစ်ဖြစ်၏။ ထို့ကြောင့် ဥပနိသျှ ကျမ်းဆရာတို့၏ အလိုအားဖြင့် လူသည် သင်္ခါရတရားတို့၏ နောက်ကွယ်ရှိ အတ္တကို သိမြင်နားလည်ရန် အရေးကြီး၏။ ပြောသောစကား မြင်သောအရာ ပြုသောအမှု စိတ်၌ဖြစ်ပေါ်သော အကြံစသည်တို့ အကြောင်းကိုဘာမျှ တွေးတောကြံစည်ခြင်း မပြုအပ်။ ပြောသောသူ မြင်သောသူ ပြုသောသူ ကြံစည်သောသူ (တနည်းအားဖြင့် အတ္တကို) သာလျှင် အမှန်အတိုင်း သိမြင်ရန် အားထုတ်အပ်သည်ဟု ဥပနိသျှကျမ်း တစ်စောင်က ဆိုထား၏။
ဤဥပနိသျှကျမ်းလာ အတ္တအယူများကို ပိဋကတ်စာပေ၌ အလျှင်းမတွေ့ရချေ။ အတ္တကိုပယ်သော ပါဠိတော်များကိုကား အမြောက်အများ ပြဆိုထား၏။ အထင်ရှားဆုံးမှာ ဘုရားဖြစ်ပြီးနောက် ပဉ္စဝဂ္ဂီရဟန်းငါးပါးအား ဒုတိယအကြိမ်မြောက် ဗုဒ္ဓဟောသော အနတ္တလက္ခဏာသုတ် ဖြစ်၏။ ရဟန်းတို့ ခန္ဓာငါးပါးသည် အတ္တမဟုတ် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းဖြစ်၏။ ငါ၏ခန္ဓာငါးပါးသည် ဤသို့ဖြစ်စေ ဤသို့မဖြစ်စေသတည်းဟု စီရင်၍ မရအပ်။ ခန္ဓာငါးပါးသည် မမြဲ။ မမြဲသော ဆင်းရဲသော ဖောက်ပြန်တတ်သော ခန္ဓာငါးပါးကို ဤဟာသည် ငါ့ဥစ္စာဖြစ်၏။ ငါဖြစ်၏။ ငါ၏အတ္တတည်းဟု မရှုအပ်။ အတိတ် အနာဂတ် ပစ္စုပ္ပန်အတွင်းအပြင် အကြမ်းအနု အယုတ်အမြတ် အဝေးအနီးဖြစ်သော အလုံးစုံသော ခန္ဓာငါးပါးသည် ငါ၏ဥစ္စာမဟုတ်။ ငါမဟုတ်။ ငါ၏အတ္တမဟုတ်ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းသောပညာဖြင့် ရှု့အပ်၏။ (ဝိနည်းပိဋကတ် မဟာဝဂ်)။ အနတ္တလက္ခဏာသုတ်၌ အနက်အဓိပ္ပာယ်တူသော သုတ်များကို ပထမနိကာယ်လေးကျမ်း၌ ထပ်တလဲလဲ ဖော်ပြထား၏။ အချို့သုတ္တန်ဒေသနာများ၌မူ ခန္ဓာငါးပါးသည် အတ္တမဟုတ်သောကြောင့် ပုဂ္ဂိုလ်သတ္တဝါကို ခန္ဓာငါးပါး၌ ရှာ၍မရအပ်ဟူ၍ လာ၏။ အို အနုရာဓ ခန္ဓာငါးပါးကို သတ္တဝါဟု မရှု့အပ်။ ခန္ဓာငါးပါး၌ သတ္တဝါသည် မရှိ။ သတ္တဝါသည် ခန္ဓာငါးပါးမှ တစ်ပါးဖြစ်၏ ဟူ၍ မရှု့အပ်။ ဤသို့ဖြင့် သင်သည် မျက်မှောက်ထင်ထင်ပင်လျှင် သတ္တဝါဟူသည်ကို မှန်သောအားဖြင့် ဟုတ်မှန်သောအားဖြင့် မရအပ်။ (သံယုတ္တနိကာယ် အဗျာကတသံယုတ် အနုရာဓတ္ထေရသုတ်)။
ရဟန္တာသည် ခန္ဓာငါးပါးကို သုံးပါးသော ပရိညာဖြင့် ပိုင်းခြား၍ သိသောကြောင့် ပုဂ္ဂိုလ်သတ္တဝါကို မသိမမြင် (သဂါထာဝဂ္ဂသံယုတ် သမိဒ္ဓိသုတ်)။ စောင်းကို အစိတ်တစ်ရာခွဲ၍ အစိတ်စိတ် အတုံးတုံးပြုသော်လည်း စောင်းသံကို ရှာ၍မရသကဲ့သို့ ရဟန်းသည် ခန္ဓာငါးပါး၌ ငါဟူ၍လည်းကောင်း ငါ၏ ဥစ္စာဟူ၍လည်းကောင်း ငါဖြစ်၏ ဟူ၍ လည်းကောင်း ရှာ၍မတွေ့။ (သဠာယတနသံယုတ် ဝီနဥပမာနသုတ်)။ အချို့သော အနောက်နိုင်ငံ ပညာရှင်တို့က ဥပနိသျှကျမ်းလာ အတ္တဝါဒကို အတိအလင်း ရည်ညွန်းဟန်တူသော သုတ္တန်တစ်ခုကို ထောက်ပြ၏။ မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား ငါ၏ကိုယ်သည် ပြောဆိုစီရင်တတ်၏။ သိတတ် ခံစားတတ်၏။ ကောင်းမှု မကောင်းမှု၏ အကျိုးကို ခံစားရ၏။ အခါခပ်သိမ်းရှိ၏။ ဖောက်ပြန်ခြင်းမရှိ။ မြေကြီးမြင်းမိုရ်တောင် လနေတို့ကဲ့သို့ အမြဲတည်သည်ဟူသော အယူသည် ဖြစ်၏။ (မဇ္ဈိမနိကာယ် သဗ္ဗာသဝသံဝရသုတ်)။ ခန္ဓာငါးပါး၌သော်လည်းကောင်း ခန္ဓာငါးပါးကို ကြဉ်၍သော်လည်းကောင်း ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်သတ္တဝါ အတ္တဟူ၍ မရှိသောကြောင့် လောကသည် သုညလောက ဖြစ်သည်ဟု ပိဋကတ်စာပေ၌ ခေါ်ဆိုထား၏။ အာနန္ဒာ အကြင်ကြောင့် ငါဟူသော အတ္တသဘောမှလည်းကောင်း ငါ၏ဥစ္စာဟူသော အတ္တနိယ သဘောမှလည်းကောင်း ဆိတ်သုဉ်း၏။ ထို့ကြောင့် လောကသည် သုညတည်းဟူ၍ ဆိုအပ်၏။ (သဠာယတနသံယုတ် သုညလောကသုတ်)။ မောဃရာဇ သင်သည် ကိုယ်ဟု မှတ်ထင်စွဲလမ်းသော သက္ကာယဒိဋ္ဌိကို ပယ်နိုင်ရန်အလို့ငှါ လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှု့လော။ (သုတ္တနိပါတ် ပါရာယနဝဂ် မောဃရာဇ မာဏဝပုစ္ဆာ)။
အနတ္တဝါဒအလိုအားဖြင့် ပုဂ္ဂိုလ်သတ္တဝါ အတ္တဆိတ်သုဉ်းသော သုညလောက၌ ဖြစ်ခြင်း ပျက်ခြင်း(အနိစ္စ) သဘောတရားသည်သာ ထင်ရှား၏။ ရဟန်းသည် သဘောတရားတို့၌ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှု့လေ့ရှိ၏။ သဘောတရားတို့သည်သာလျှင် ရှိကုန်သည်ဟု ထိုရဟန်းအား သတိသည် ရှေးရှု့ထင်၏။ ထိုရဟန်းသည် လောက၌ တစ်စုံတစ်ရာကိုမျှ ငါ ငါ၏ဥစ္စာဟူ၍ မစွဲလန်းချေ။ (ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ်)။ သို့ဖြစ်၍ ဗုဒ္ဓသည် သင်္ခါရဓမ္မတို့၏ ဖြစ်ပျက်မှုကို ဟောရာ၌ တွေ့ထိမှု ခံစားမှု တပ်မက်မှု တွယ်တာမှုစသော အကြောင်းအကျိုးအားဖြင့် ဆက်စပ်ဖြစ်ပျက်မှု (ပဋိစ္စသမုပ္ပာဒ်တရား) ကိုသာ ဟော၏။ တွေ့ထိသောသူ ခံစားသောသူ တပ်မက်သောသူ စသည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါကို ထည့်သွင်းရည်ညွန်း၍ ဟောတော်မမူချေ။ အရှင်ဂေါတမ ဒုက္ခကို မိမိသည်ပြုပါသလော။ အို ကဿပ မိမိသည် ဒုက္ခကို ပြုသည်ဟူ၍မဆိုသင့်။ ဒုက္ခကို သူတစ်ပါးသည် ပြုပါသလော။ သူတစ်ပါး ပြုသည်ဟူ၍လည်း မဆိုသင့်။ ဒုက္ခကို မိမိလည်းပြုသည်။ သူတစ်ပါးလည်းပြုသည်ဟု ဆိုအပ်ပါသလော။ ထိုသို့လည်း မဆိုသင့်။ သို့ဖြစ်လျှင် ဒုက္ခကို မိမိမပြု သူတစ်ပါးလည်း မပြုဘဲ ဒုက္ခသည် အကြောင်းမရှိဘဲ အလိုအလျောက် ဖြစ်ပါသလော။ ဒုက္ခရှိပါလျက် အရှင်ဂေါတမသည် ဒုက္ခကို မသိမမြင်ပါသလော။ အို ကဿပ ဒုက္ခသည်ရှိ၏။ ဒုက္ခကို ငါသိမြင်၏။ ဒုက္ခကို ထိုသူသည်ပြု၍ ထိုသူသည် ခံစားသည်ဟု အယူရှိခဲ့သော် သဿတဒိဋ္ဌိဖြစ်၏။ ငါဘုရားသည် ထိုအစွန်းနှစ်ဘက်ကို အလယ်လမ်းဖြင့် ဟော၏။ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရဖြစ်၏။ သင်္ခါရကြောင့်------"(နိဒါနသံယုတ် အစေလကဿပသုတ်)။ တိမ္ဗရုက ပရိဗိုဇ်က ချမ်းသာမှု ဆင်းရဲမှုကို မိမိပြုပါသလောဟု မေးရာ၌လည်း ဗုဒ္ဓက အထက်ပါအတိုင်း ဖြေတော်မူ၏။ (သံယုတ္တနိကာယ် နိဒါနသံယုတ် တိမ္ဗရုက ပရိဗ္ဗာဇကသုတ်)။ အဝေလကဿပတက္ကတွန်းနှင့် တိမ္ဗရုက ပရိဗိုဇ်တို့သည် ခံစားတတ်သော ပြုတတ်သောအတ္တ ပုဂ္ဂိုလ်သတ္တဝါရှိသည်ဟု ယုံကြည်ကြသောကြောင့် ဗုဒ္ဓအား မေးမြန်းကြခြင်းဖြစ်၏။ ဗုဒ္ဓလက်ထက်က တိတ္ထိတက္ကတွန်းနှင့် ပရိဗိုဇ်တို့သည်သာ အတ္တအယူရှိကြသည် မဟုတ်။ အတ္တဒိဋ္ဌိမကင်းသော အချို့ဗုဒ္ဓရဟန်းများလည်း ရှိကြကြောင်း။ ။

(----ဆက်ရန်)(ဦးအေးမောင်)
No comments:
Post a Comment