နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ရံသောအခါ သာဝတ္ထိမြို့တွင် ကုဋေလေးဆယ် ကြွယ်ဝသော သူဌေးကြီး တစ်ဦး ရှိသည်။ သူ့တွင် ပဋာစာရီ အမည်ရှိ သမီးပျိုတစ်ယောက် ရှိ၏။
ပဋာစာရီသည် ၁၆ နှစ်သမီး အရွယ်သို့ ရောက်သောအခါ မိမိအိမ်တွင် စေခိုင်းသော ကျွန်လုလင်ပျိုတစ်ဦးနှင့် ချစ်ကြိုက်မိသည်။ မိဘများကလည်း အမျိုးဇာတ်ချင်း၊ အဆင့်အတန်းချင်း တူမျှသော သတို့သား တစ်ယောက်နှင့် ထိမ်းမြားပေးရန် စီစဉ်ထား၏။ မင်္ဂလာဆောင်မည့် ရက်ကို သတ်မှတ်ထား၏။
ပဋာစာရီသည် မိဘတို့ ထိမ်းမြားပေးမည့် သတို့သားကို အလိုမရှိ။ မင်္ဂလာဆောင်ခါနီးတွင် ကျွန်လုလင်ပျိုနှင့် အတူ နေအိမ်မှ ထွက်ပြေးသွားသည်။ ရွာတစ်ရွာတွင် အခြေချကာ ၄င်းတို့နှစ်ဦး ပေါင်းသင်း နေထိုင်ကြ လေသည်။
ဝမ်းရေးအတွက် ယောင်္ကျားဖြစ်သူသည် လယ်ထွန်ခြင်း၊ ဟင်းသီးဟင်းရွက်ရောင်းခြင်း စသည့် အလုပ်တို့ကို ကြိုးစားလုပ်ကိုင်သည်။ သူဌေးသမီးဖြစ်ခဲ့သော ပဋာစာရီကလည်း ရေခပ်ခြင်း၊ မောင်းထောင်းခြင်း၊ ထမင်းချက်ခြင်း စသည်တို့ကို ကျိုးနွံစွာ လုပ်ကိုင်သည်။
ဤသို့နေထိုင်လာကြရာမှ ပဋာစာရီထံတွင် ကိုယ်ဝန်တည်လာလေသည်။ ကိုယ်ဝန်ရင့်လာသောအခါ ပဋာစာရီသည်မိဘထံသို့ ပြန်၍မွေးဖွားရန် ယောင်္ကျားအား
တောင်းပန်သည်။
ယောင်္ကျားက ပြန်သွားလျှင် ညှင်းပန်းနှိပ်စက် ခံရမည်စိုး၍ လိုက်မပို့ဝံ့ချေ။ ပဋာစာရီကလည်း လိုက်ပို့ရန် တွင်တွင်တောင်းပန်လေသည်။
ယောင်္ကျားက လိုက်မပို့ဝံ့သဖြင့် လိုက်လျောခြင်းမပြု။ အကြိမ်ကြိမ် ပြော၍ မရသောအခါ ပဋာစာရီသည် ယောင်္ကျား မရှိခိုက်တွင် တိတ်တဆိတ် ထွက်သွား၏။ ယောင်္ကျားပြန်ရောက်လာသောအခါ ပဋာစာရီ နောက်သို့လိုက်သည်။
တောလမ်းတစ်နေရာတွင် တွေ့ဆုံကြပြီး ယောင်္ကျားကပြန်ခေါ်ရာ ပဋာစာရီကလက်မခံသဖြင့်မိဘများအိမ်သို့ဆက်လက်သွားကြလေသည်။ သို့သော် မိဘများအိမ်သို့ မရောက်ခင်၌ပင် သားယောင်္ကျားလေးဖွားမြင်လေသည်။
သို့ဖြစ်၍ ပဋာစာရီကလည်း မိဘများအိမ်သို့ဆက်လက်မသွားတော့ပဲ ယောင်္ကျားနှင့်အတူ ရွာသို့ ပြန်ခဲ့လေတော့သည်။
ဤသို့ နေလာရာမှ ဒုတိယကလေး ကိုယ်ဝန်တည်လာပြန်လေသည်။ မီးဖွားခါနီးသောအခါ ပဋာစာရီသည် ပထမအကြိမ်ကဲ့သို့ပင် မိဘများထံပြန်လည်၍ မွေးဖွားမည်ပြုသောအခါ ယောင်္ကျားကလည်း
ရှေးနည်းအတိုင်း တားမြစ်ပြန်သဖြင့် ပဋာစာရီလည်း တိတ်တဆိတ်ထွက်လာခဲ့ပြန်သည်။
ယောင်္ကျားသိသွားသောအခါ လိုက်၍ခေါ်ပြန်သည်။ တောထဲတွင်တွေ့ကြရာ ရွာသို့လည်းမပြန်နိုင်၊ ရှေ့သို့လည်းခရီးမဆက်နိုင်၊ တောထဲမှာပင် မီးဖွားမည့်ဆဲဆဲ ဖြစ်လာသည်။
ထိုအချိန်တွင် မိုးသက်လေပြင်းများကျရောက်လာရာ ယောင်္ကျားသည် မိုးလုံသောနေရာတွင် ခိုလှုံရန်အတွက် ပဲခွပ်ဖြင့် ချုံများကို ခုတ်ထွင်ရှင်းလင်းနေခိုက် တောင်ပို့တစ်ခုမှ
မြွေတစ်ကောင်ကကိုက်လိုက်လေတော့သည်။ အဆိပ်ပြင်းလှသဖြင့် ထိုနေရာ၌ပင် ယောင်္ကျားလည်း လဲကျသေဆုံးသွားလေတော့သည်။
ပဋာစာရီသည် ဝေဒနာကိုခံစားရင်း သားကြီးနှင့်အတူ ယောင်္ကျားကို စောင့်မျှော်နေရာမှ သားငယ်ကို ဖွားမြင်သည်။ ကလေးနှစ်ယောက် တို့သည် မိုးဒဏ်၊ လေဒဏ်ကို ခံကြရသဖြင့် ထိတ်လန့်စွာ ငိုကြွေးနေကြလေသည်။ ပဋာစာရီသည် သားနှစ်ယောက်ကို ရင်ခွင်အောက်တွင် ထားလျှက် တစ်ညလုံး လေးဘက်ထောက်၍ နေခဲ့ရရှာသည်။
နံနက်လင်းသော် ၄င်းတို့သားအမိများသည် ယောင်္ကျားဖြစ်သူကို လိုက်ရှာကြရာ မကြာမှီပင် မြွေဆိပ်တက်ကာသေဆုံးနေသော ယောင်္ကျားကိုတွေ့ပြီး စိတ်ထိခိုက်မဆုံးဖြစ်ရှာသည်။ သိုသော် မည်သို့မျှမတတ်နိုင်သဖြင့်၊ အားတင်းလိုက်ပြီး သားငယ်ကိုပိုက်၊ သားကြီးကိုလက်တွဲကာ မိဘရပ်ဆီထံ တရွေ့ရွေ့ ထွက်ခွာလာခဲ့သည်။
အတန်ကြာသော် အစိရဝတီ မြစ်ကမ်းပါးသို့ ရောက်လာကြသည်။ ညက မိုးရွာထားသောကြောင့် မြစ်ရေမှာရင်စို့လောက် ရှိကာ တစ်သွင်သွင် စီးဆင်းနေသည်။ ပဋာစာရီသည် သားနှစ်ယောက်နှင့်အတူ မြစ်ကိုကူးရန် မလွယ်သဖြင့် သားကြီးကို သည်ဘက်ကမ်း၌ ထားခဲ့၍ သားငယ်ကိုပွေ့ချီကာ ဟိုဘက်ကမ်းသို့ ကူးဖြတ်ပြီး သားငယ်ကို တစ်နေရာ၌ သိပ်ထားခဲ့လေသည်။
ပြီးသော်သားကြီးကိုခေါ်ရန် သည်ဘက်ကမ်းသို့ ပြန်လာစဉ် မြစ်လယ်အရောက်၌ စွန်ရဲတစ်ကောင်သည် ဖွားသစ်စဖြစ်၍ နီတာရဲနေသော သားငယ်ကို သားတစ်မှတ်၍ သုတ်ချီသွားသည်ကို မြင်ရာစိုးရိမ်ကြီးစွာဖြင့် လက်နှစ်ဖက်ကိုမြှောက်ကာ ဟစ်အော် ခြောက်လှန့်လေသည်။
စွန်ရဲကားမမှုပဲ သားငယ်ကို သုတ်ချီသွားလေတော့သည်။ တစ်ဖက်ကမ်းတွင် ရှိနေသော သားကြီးကလည်း မိမိကို မိခင်ကလှမ်းခေါ်သည်ဟု ထင်မှတ်မှားကာ ရေသို့ဆင်းသော်
မြစ်ရေအတွင်းမျောပါသေဆုံးသွားလေတော့သည်။
ပဋာစာရီမှာ သောကမီးတောက်ကာ အရူးပမာ ဖြစ်သွားလေတော့သည်။ လင်ယောင်္ကျားနှင့် သားများ သေဆုံးပုံကို ပြောဆို ဟစ်အော် ငိုကြွေးရင်း မိဘများရှိရာ သာဝတ္ထိမြို့သို့ လာခဲ့သည်။ လမ်းတွင် မိဘများနေရပ်မှ အသိတစ်ယောက်နှင့် တွေ့ဆုံကာ မိဘများအကြောင်း မေးမြန်းသည်။
ထိုသူက “ပဋာစာရီ.. ညက မိုးကြီးလေကြီး ကျရာတွင် တိုက်ပြိုသဖြင့် သင့်မိဘနှစ်ပါးနှင့် တကွ သင့်မောင်ပါ သေဆုံးသွားသဖြင့် သူတို့သုံးယောက်ကို တစ်ပေါင်းတည်း မီးသဂြုင်္ိလ်သဖြင့် မီးခိုးတလူလူတက်နေသည်ကို ဤနေရာမှပင် မြင်နိုင်ပါသည်” ဟုပြောလိုက်သည်။
ဤတွင် ပဋာစာရီမှာဆောက်တည်ရာမရတော့ပဲ သတိလက်လွတ်ဖြစ်ကာ ကိုယ်တွင်လည်းအဝတ်မရှိ၊ ငိုကြွေးလျှက် အရပ်တကာလှည့်လည်သွားလာနေတော့သည်။ အချို့က “အရူးမ” ဟု ဆိုကာ ခဲနှင့် ပစ်ပေါက်ကြသည်။
နောက်ဆုံးတွင် ပဋာစာရီသည် ဗုဒ္ဓဘုရားရှင်၏ ဇေတဝန်ကျောင်းဝင်းထဲသို့ ရောက်သွားသည်။ ထိုအချိန်တွင် ဗုဒ္ဓဘုရားရှင်သည် ပရိသတ်တို့ကိုတရားဟောလျှက် ရှိသည်။ ပရိသတ်များက ပဋာစာရီကို နှင်ထုတ်မည် ပြုကြသည်။ ဘုရားရှင်က တားမြစ်တော်မူကာ “ချစ်သမီး ပဋာစာရီ၊ သတိထားလော့” ဟုမိန့်တော်မူသည်။
ထိုခဏမှာပင် ပဋာစာရီသည် သတိဝင်လာသည်။ မိမိကိုယ်၌ အဝတ်အစား မရှိသည်ကို ရှက်ကြောက်ကာ ကျုံ့ကျုံ့ထိုင်ချလိုက်လေသည်။ တရားနာသူတစ်ဦးက ကြင်နာစွာဖြင့် အပေါ်ရုံထည်ကို ပေးလိုက်သည်။
ပဋာစာရီသည် ထိုခြုံထည်ဖြင့် မိမိကိုယ်ကို လုံခြုံအောင်ဝတ်ရုံလိုက်ပြီး ဘုရားရှင်၏ ခြေတော်ကို ဦးခိုက်ကာ “အရှင်ဘုရား၊ တပည့်တော်မ၏ ဆောက်တည်ရာ ဖြစ်တော်မူပါဘုရား” ဟုလျှောက်ထား၏။
ဘုရားရှင်လည်း ပဋာစာရီအား အပူငြိမ်းအောင် တရားဟောပြော ဆုံးမသည်။တရားအဆုံး၌ပဋာစာရီသည် သောကများကင်းဝေးကာ
သောတာပန် ဖြစ်သွားလေသည်။
ပဋာစာရီသည် သောတာပန်ဖြစ်ပြီးနောက် ဘိက္ခုနီများထံ သွား၍ ရဟန်းမပြုသည်။ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမအတိုင်း တရားကို ကြိုးစားအားထုတ်ရာ သောကပရိဒေဝမီးတို့ကင်းငြိမ်းရာ နိဗ္ဗာန်မြတ်ချမ်းသာကို မျက်မှောက်ပြု၍ ရဟန္တာမဖြစ်သွားလေတော့သည်။
အရှင်မ ပဋာစာရီသည် ဘုရားရှင် ပညတ်တော်မူသည့် ဝိနည်းသိက္ခာပုဒ်များကို ကျင့်ဆောင်ရာတွင် အထူးချွန်ဆုံးဖြစ်သည်။ ထို့ကြောင့် ဝိနည်းဆောင် ဘိက္ခုနီရဟန်းမတို့တွင် အမြင့်မြတ်ဆုံးသော ဧတဒဂ်ဘွဲ့ထူးကို ရရှိလေသည်။ ။
မင်းယုဝေ
ရတနာ ၀ါသကျောင်း ဆိုဒ်မှ ခံစားမျှဝေသည်။
No comments:
Post a Comment