အနတ္တဝါဒ အပိုင်း(၆)
(ဂ) အနတ္တဝါဒနှင့် ယခုခေတ်ပညာရှင်တို့၏ အမြင်
************************************
ရှေ့အနောက်တိုင်း ပညာရှင်တို့တွင် အနိစ္စတရားကို ကောင်းစွာသိမြင်နားလည်သော ပညာရှင်သည်ကား ဥရောပတိုက်၌ ဗုဒ္ဓနှင့် တစ်ခေတ်တည်းလိုလို မရှေးမနှောင်း ပေါ်ပေါက်ခဲ့သော ဂရိပညာရှင် ဟိရာကလိတပ် ဖြစ်၏။ သူ၏ အမြင်အားဖြင့် လောက၌ မည်သည့်အရာမဆို ဘယ်အခါမှ ရပ်တည်ခြင်းမရှိ သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးသည် အမြဲတစေ ပြောင်းလဲနေ၏။ အငြိမ်သက်ဆုံး ရုပ်ဝတ္ထုထဲ၌ပင် ကျွန်ုပ်တို့ မမြင်ရသော ပြောင်းလဲလှုပ်ရှားမှုသည် ရှိ၏။

ထို့ကြောင့်
မည်သည့်အရာဝတ္ထုပင်ဖြစ်စေ တစ်စက္ကန့်နှင့် တစ်စက္ကန့် မတူချေ။ ဥပမာ
ကျွန်ုပ်တို့သည် မြစ်တစ်ခုထဲသို့ တစ်ကြိမ်ထက်ပို၍ မဆင်းသက်နိုင်ချေ။
အကြောင်းမူ တစ်ကြိမ်ဆင်းသက်ပြီးနောက် ချက်ချင်းပြန်ဆင်းသက်သည်ဆိုစေ
ဒုတိယအကြိမ် ဆင်းသက်သောမြစ်သည် ပရမတ္ထအားဖြင့် ရေအလျဉ်မတူသော
အခြားမြစ်တစ်ခုဖြစ်၏။ ဤသို့ဖြင့် ဟိရာကလိတပ်သည် အနိစ္စတရားကို
ကောင်းစွာသိမြင် နားလည်ခဲ့ပေသည်။
သိပ္ပံပညာရှင် ထွန်းကားသော ယခုခေတ်၌မူ စကြာဝဠာ၌ အနိစ္စတရား စိုးမိုးနေခြင်းသည် ပိုမိုထင်ရှားလာ၏။ ကမ္ဘာကျော် ဒဿနိကပညာရှင် ဘာထရန်ရပ်ဆယ်အဆိုအားဖြင့် အကယ်၍ သင်သည် ဤကုလာထိုင်မှာ မနေ့က ကုလာထိုင်ဖြစ်ကြောင်း ရှင်းပြလိုပါက ရှေးဟောင်း ရူပဗေဒပညာကို ထောက်ပြရပေလိမ့်မည်။ သို့ရာတွင် ထိုရှေးဟောင်း ရူပဗေဒပညာနှင့်အညီ သင်ဆိုသောစကားသည် တိကျမှန်ကန်ခြင်းမရှိသော လောကဝေါဟာရ စကားမျှသာဖြစ်၏။

အမှန်ဆိုသော် ကုလာထိုင်၏ အသေးငယ်ဆုံး အစိတ်အပိုင်းသည်ပင်
တစ်စက္ကန့်ကို အစိတ်ပေါင်း တစ်သိန်းစိတ်၍ တစ်စိတ်မျှသော ကာလအတွင်း၌
ပြောင်းလဲလျက်ရှိ၏။ ယင်းကို မနေ့ကကုလာထိုင် ဖြစ်သည်ဆိုခြင်းမှာ ယနေ့
အင်္ဂလိပ်လူမျိုးသည် အဲလိဇဗက်ဘုရင်မ လက်ထက်က အင်္ဂလိပ်လူမျိုးပင် ဖြစ်သည်ဟု
ဆိုသည်နှင့် တူလှချေသည်။ အနောက်နိုင်ငံ အသိပညာရှင်တို့သည် အများအားဖြင့်
အနိစ္စတရားကို ဆင်ခြင်သုံးသပ်ရာမှ အနတ္တတရားကို သိမြင်လာကြ၏။
အနတ္တတရားနှင့်
အလွန်နီးစပ်သော ယူဆချက်ကို အစဦးစွာ ရေးသားတင်ပြသော ပုဂ္ဂိုလ်မှာ
နာမည်ထင်ရှားသော ပြင်သစ်ဒဿနိကဆရာ ဟင်နရီဗတ်ဂဆန် ဖြစ်၏။ သူသည် စကြာဝဠာထဲ၌
ရှိရှိသမျှမျှ အရာဝတ္ထုအားလုံး အမြဲပြောင်းလဲနေသည်ဆိုသော စကားကိုပင်
လက်မခံဘဲ အရာဝတ္ထုများမရှိ ပြောင်းလဲမှုသာရှိသည် ဆို၏။
စိတ်ဝိညာဏ်သည်
သင်္ခါရအနိစ္စတရားသာလျှင် ဖြစ်ကြောင်း ရေးသားခဲ့၏။ ကျွန်ုပ်တို့သည် လူတို့၌
စိတ်ဝိညာဏ်ရှိသည် ထိုစိတ်ဝိညာဏ်သည် ဝမ်းသာခြင်း ဝမ်းနည်းခြင်း
မျှော်လင့်ခြင်း တောင့်တခြင်းစသော ဝေဒနာများကို ခံစားသည်ဟု ယုံကြည်ကြ၏။
သို့ရာတွင် စိတ်သည် အမြဲပြောင်းလဲနေ၍ ထိုပြောင်းလဲမှုကို
မသိမမြင်သောကြောင့် စိတ်အစဉ်ရှိသည်။
ထိုစိတ်တို့ကို ခံစားသော မပြောင်းလဲဘဲ
မြဲသောဝိညာဏ် (ဝါ) အတ္တရှိသည်ဟု ယုံကြည်ကြ၏။ သို့ရာတွင် မပြောင်းလဲသော
စိတ်မရှိ။ မပြောင်းလဲသော အတ္တကိုလည်း ရှာ၍မရအပ်ချေ။ စင်စစ် အတ္တ သို့မဟုတ်
တစ်စုံတစ်ခု ပြောင်းလဲသည်ဟု ဆိုခြင်းသည်ပင် လွဲမှား၏။ အကြောင်းမူ
အမြဲပြောင်းလဲနေသော စကြာဝဠာ၌ ပြောင်းလဲမှုမှတစ်ပါး အခြားဘာမျှမရှိချေ။
ထို့ကြောင့် ဗတ်ဂဆန်၏ အဆိုကား စိတ်တို့ကို စုစည်းဆက်စပ်ထားသော မြဲသော အမာခံ
အတ္တဝိညာဏ်ဟူ၍ မရှိ။ ဥပမာ စိတ်တို့သည် ပုတီးစေ့များနှင့်တူလျှင်
ယင်းတို့ကို ဆက်စပ်သည့် ဝိညာဏ်တည်းဟူသော ပုတီးကြိုးသည်မရှိ။
တစ်နည်းအားဖြင့် စိတ်အစဉ်သည် မြစ်ရေအလျင်ကဲ့သို့ပင် အမြဲပြောင်းလဲလျက်ရှိ၏။
ပိုမိုထင်ရှားစေရန် ဗတ်ဂဆန်သည် စိတ်တို့ကို ရုပ်ရှင်ပိတ်ကားပေါ်၌ ပေါ်လာသော
အရုပ်ကားများနှင့် ပုံခိုင်း၍ပြ၏။
ပိတ်ကားပေါ်၌ သွားလာလှုပ်ရှားနေသော
အရိပ်သဏ္ဍိာံန်များသည် စင်စစ် ရုပ်သေဓာတ်ပုံများကို စုပေါင်းထားသည့်
ဖလင်ကားလိပ်ကို ရုပ်ရှင်ပြစက်ဖြင့် အလျင်အမြန်လှည့်၍ ပြသောကြောင့်
ဖြစ်ပေါ်လာခြင်းဖြစ်၏။ ထို့အတူ လူသည် အမြဲပြောင်းလဲနေသော ရုပ်နာမ်ခန္ဓာ
ဖြစ်သော်လည်း သန္တတိပညတ် ဖုံးလွှမ်းနေသောကြောင့် တစ်ပေါင်းတစ်စည်း တစ်ဆက်တည်း
ဖြစ်နေသညဟု အမြင်မှားနေခြင်းဖြစ်၏။
မည်သို့ဖြစ်စေ အတ္တဝါဒီတို့သည်
ဗတ်ဂဆန်နှင့် ယခုခေတ်ရူပဗေဒပညာရှင်တို့၏ စကားကြောင့် အမြင်ပြောင်းလဲကြမည်
မဟုတ်ချေ။ ဗတ်ဂဆန်သည် စိန္တာမယဥာဏ်သက်သက်ဖြင့် အသို့လျှင် ရုပ်နာမ်တရား၏
နောက်ကွယ်ရှိ ပရမတ္ထတရားကို သိမြင်နိုင်ပါအံ့နည်း။
ထို့အတူ ရုပ်တရားကိုသာ
စေ့ငုသေချာစွာ လေ့လာသော ရူပဗေဒဆရာသည် နာမ်တရားအကြောင်းကို အဘယ်မှာ
အကုန်အစင် နားလည်နိုင်ပါမည်နည်း။ အသိအလိမ္မာ ဥာဏ်ပညာအားဖြင့် သတ္တလောက၏
အထွတ်အထိပ်သို့ ရောက်ရှိနေသော လူသားသည် အနှစ်အမာခံ အတ္တကင်းသော ရုပ်နာမ်တရား
နှစ်ပါးမျှသာ ဖြစ်နိုင်ပါမည်လော။ စသည်ဖြင့် စောဒကတက်ကြပေလိမ့်မည်။
အတ္တဒိဋ္ဌိ စွဲကပ်ခြင်း၏ မူလအကြောင်းရင်းဖြစ်သော မိမိကိုယ်မိမိ အထင်ကြီးမှု၏ အခြေခံ ယုံကြည်ချက်များသည် ရှေးပဝေသဏီမှစ၍ ယနေ့အထိ များစွာသောလူတို့၌ အခိုင်အမာ စွဲမြဲလျက်ရှိ၏။ လူသည် မဟာဗြဟ္မာကြီးမှ ဆင်းသက်သော သို့မဟုတ် ထာဝရဘုရားသခင် အထူးဖန်ဆင်းထားသော သတ္တဝါဖြစ်၏။

ကမ္ဘာပေါ်ရှိ သစ်ပင်ရေမြေ
တိရစ္ဆာန်တို့သည် လူအား အကျိုးပြုရန် ဖြစ်ပေါ်လာကြ၏။ ဤကမ္ဘာသည်
လူတို့မှီတင်းနေထိုင်ရာ ကမ္ဘာဖြစ်သောကြောင့် အခြားဂြိုလ်နက္ခတ်တာယာ
အားလုံးသည် လူတို့၏ ကမ္ဘာကိုဝန်းရံ၍ လှည့်ပတ်သွားလာကြရ၏။ လူသည် ဤကမ္ဘာသို့
ရောက်ရှိလာရာ၌ ဦးတည်ချက်ရှိ၏။
သို့ဖြစ်၍ လူသည် သေသော်လည်း အချည်းအနှီးမဖြစ်
အနိစ္စတရားနှင့် မရဏတရားသည် လူ၏ ရုပ်နာမ်တရားကို ဖျက်ဆီးနိုင်သော်လည်း လူ၏
အနှစ်အမာခံဓာတ်ဖြစ်သော အတ္တဝိညာဉ်ကိုကား စိုးစိမျှ လှုပ်ခြောက်နိုင်သည်
မဟုတ်။ ထိုအတ္တဝိညာဉ်၏ အစွမ်းဖြင့် လူသည် အကောင်းအဆိုး အမှန်အမှားကို
ခွဲခြားသိမြင်၍ အတ္တလောက၌ အတုမရှိ အဓိပတိဖြစ်၏။
ဤသို့ ဂုဏ်ထူးဝိသေသနှင့်
ပြည့်စုံသောလူသည် အသင်္ခတ နိစ္စ အမတဓာတ် (ဝါ) အတ္တရှိသော ပုဂ္ဂိုလ်သတ္တဝါ
မုချဖြစ်ရပေမည်။ ဤသို့ဖြင့် အတ္တဝါဒ၏ မူလပင်မ ကျောထောက်နောက်ခံဖြစ်သော
လူတို့၏ အမျိုးဇာတိ မာန်မာနသည် သိပ္ပံပညာထွန်းကားသော ယခုခေတ်၌
များစွာအားနည်းကျဆင်းခဲ့ရပေပြီ။
လူ၏ ဇာတိမာနကို အပြင်းအထန်
ပထမထိုးနှက်ခဲ့သော သိပ္ပံပညာတွေ့ရှိချက်မှာ သိပ္ပံဆရာကြီး ဒါဝင် တင်ပြသော
သတ္တဝါမျိုးစုတို့၏ အဆင့်ဆင့်ပြောင်းလဲမှု ဖြစ်စဉ်ဖြစ်၏။ ထိုသဘာဝဖြစ်စဉ်ကို
သိပ္ပံပညာရှင်အားလုံးလိုလို လက်ခံယုံကြည်ကြ၏။ ဒါဝင်၏ အဆိုအားဖြင့်
လူသတ္တဝါမျိုးစုသည် မူလအစက တိရစ္ဆာန်မျိုးစုများ၌ ပါဝင်၍ တိရစ္ဆာန်ဘဝမှ
အဆင့်ဆင့်ပြောင်းလဲကာ ယခုလက်ရှိ အဆင့်အတန်းသို့ ရောက်ရှိလာခဲ့၏။
ဘူမိဗေဒပညာရှင်တို့၏ ခန့်မှန်းချက်အရ ကမ္ဘာမြေကြီး၏ အသက်သည်
နှစ်ပေါင်းသန်းနှစ်ထောင်နှင့် သုံးထောင်အကြား၌ရှိ၏။ လူသည် ကမ္ဘာနှင့်အတူ
တစ်ချိန်တည်း ပေါ်ပေါက်လာသည် မဟုတ်။ လူသတ္တဝါမျိုးစုတို့၏ အသက်မှာ
နှစ်ပေါင်း ၂၅သန်းခန့် ရှိသည်ဟု ပညာရှင်တို့ ခန့်မှန်းကြ၏။
သို့ဖြင့် လူသည်
ကမ္ဘာပေါ်၌ တိရစ္ဆာန်မျိုးစုများ ပေါ်ပေါက်ပြီးနောက် ကာလပရိစ္ဆေဒ များစွာကြာမှ
ပေါ်ပေါက်လာခြင်း ရှေးဦးပထမ၌ တိရစ္ဆာန်မျိုးစုတစ်စု ဖြစ်ခဲ့ခြင်း
နှစ်ပေါင်းသိန်းသန်းကြာမှ လိမ္မာယဉ်ကျေးသော အခြေအနေသို့ ရောက်ရှိခဲ့ခြင်းမှာ
လူကို အလွန်အမင်း အထင်ကြီးဖွယ်ရာ အချက်များမဟုတ်ချေ။
ဘူမိဗေဒ
သတ္တဗေဒပညာများကဲ့သို့ပင် နက္ခတ္တဗေဒပညာသည် လူသား၏ ဇာတိမာနကို ရိုက်ချိုးခဲ့၏။
၁၆၁၀ ပြည့်နှစ်၌ နက္ခတ္တဗေဒပညာရှင် ဂါလီလီအို သည် နက္ခတ်မှန်ပြောင်းဖြင့်
ကြည့်ရှုလေ့လာပြီးလျှင် လူတို့၏ ကမ္ဘာကို နေကလှည့်ပတ်သွားလာသည် မဟုတ်။
ကမ္ဘာကသာလျှင် နေကိုလှည့်ပတ်သွားလာရကြောင်း ထုတ်ဖော်ကြေညာ၏။
ထိုကြေညာချက်ကြောင့် အတ္တစွဲ မာနစွဲရှိသော လူတို့သည် တုန်လှုပ်ချောက်ချား၍
ဂါလီလီအိုသည် ခရစ်ယာန်အာဏာပိုင်တို့၏ ဖိနှိပ်မှုကို ခံရ၏။ ထိုမှနောက်၌
နက္ခတ်ပညာရှင်တို့ ဆက်လက်လေ့လာရာမှ လောကဓာတ် စကြာဝဠာအကြောင်း သိပ္ပံပညာ၏။
တွေ့ရှိချက်များသည် မာနဖုံးလွှမ်း၍ အတ္တစွဲရှိသော လူတို့အဖို့
သာ၍စိတ်တုန်လှုပ်ဖွယ်ရာဖြစ်၏။
စကြာဝဠာနှင့် နှိုင်းစာသော် လူတို့၏ ကမ္ဘာသည် မြင့်မိုရ်တောင်နှင့် ဆီးစေ့ပမာ ဘာမျှမထင်ရှားချေ။ သိပ္ပံပညာကျော် ဆာဂျိမ်းစ်ဂျင်းစ်၏ အဆိုအားဖြင့် တစ်စက္ကန့်ကို ခုနှစ်စိတ်စိတ်၍ တစ်စိတ်ရှိသော အချိန်ကာလအတွင်း၌ ကမ္ဘာကို တစ်ပတ်ပတ်နိုင်သော အလင်းရောင်သည် စကြာဝဠာကို တစ်ကြိမ်ပတ်၍သွားရန် နှစ်ပေါင်းတစ်သန်းတစ်သိန်း ကြာပေလိမ့်မည်။

စကြာဝဠာအတွင်းရှိ နက္ခတ်တာယာတို့၏ ဦးရေသည် သန်းပေါင်းတစ်ထောင်ကို
နှစ်သန်းနှင့်မြှောက် ထိုရလဒ်ကို သန်းတစ်ထောင်နှင့်ထပ်မြှောက်၍
ရသောကိန်းဂဏန်းနှင့် ညီမျှ၏။ လူတို့၏ကမ္ဘာသည် ထိုမျှများပြားလှသော
ကြယ်နက္ခတ်တာယာတို့တွင် တစ်ခုအပါအဝင်ဖြစ်၏။
သိပ္ပံပညာရှင်တို့၏ ယူဆချက်အရ
ဤစကြာဝဠာသည် လူနှင့်တိရစ္ဆာန် သတ္တဝါများ ကြာရှည်လေးမြင့် အသက်ရှင်နေရန်
သင့်လျော်သော စကြာဝဠာမဟုတ်ချေ။ စကြဝဠာ၌ သက်ရှိများ ဖြစ်ထွန်းရန်
သပ္ပာယဖြစ်သော နေရာဌာနများ အလွန်နည်းပါး၏။ သက်ရှိတို့သည် စကြာဝဠာ၌ မတော်တဆ
အမှတ်မထင် ဖြစ်ပေါ်ခဲ့၍ နောက်ဆုံးတစ်နေ့၌ အမှတ်မထင် ချုပ်ပျောက်ရမည်
မုချဖြစ်၏။
သတ္တလောကဖြစ်ပေါ်သည်မှ ချုပ်ငြိမ်းသည်အထိ အချိန်ကာလသည် နှစ်ပေါင်း
ကုဋေကုဋာ အသင်္ချေနှင့်အနန္တ ဖြစ်သော်ငြားလည်း စကြာဝဠာ၏ အစအဆုံးမရှိသော
အချိန်ကာလနှင့်စာသော် အလွန်တိုတောင်းသည်ဟု ဆိုရပေမည်။
တစ်နည်းဆိုသော်
စကြာဝဠာ၌ သတ္တလောက၏ ဖြစ်စဉ်သည် မှောင်းမည်းသော ကောင်းကင်ပြင်၏ တစ်နေရာ၌
တစ်ခဏမျှ အရောင်လက်၍ ကွယ်ပျောက်သွားသော ပိုးစုန်းကြူးမီး၏
ဖြစ်စဉ်နှင့်သော်လည်းကောင်း မဟာသမုဒ္ဒရာ၏ တစ်နေရာ၌ ဖြစ်ပေါ်လာသော
ရေပွက်ဖြစ်စဉ်နှင့် သော်လည်းကောင်း တူလှချေသည်။
ဘာထရန်ရပ်ဆယ်သည် ကမ္ဘာကြီး အကြွင်းမဲ့ပျက်စီး ချုပ်ပျောက်မည့်ပုံကို အောက်ပါအတိုင်း ရေးသား၏။
ကမ္ဘာသည် လူတို့နေထိုင်ရာဌာနအဖြစ် အတန်ကြာအောင် တည်ရှိနေပေမည်။ အမြဲထာဝရ တည်ရှိနေမည်ကား မဟုတ်။ လေထုသည် အာကာသထဲသို့ တစတစ လွင့်ပါးသွားပေမည်။ ဒီရေကြောင့် ကမ္ဘာသည် အမြဲတဖက်တည်း မျက်နှာမူ၍ ကမ္ဘာတစ်ခြမ်းသည် အလွန်ပူလျက် ကျန်တစ်ခြမ်းမှာ အလွန်အေးနေပေမည်။ လသည် ကမ္ဘာနှင့်တိုက်မိပေမည်။ ဤအဖြစ်မျိုးများနှင့် လုံးဝမတွေ့ကြုံရသည်ဆိုစေ ဆာဂျိမ်းစ်၏ အဆိုအားဖြင့် နောက်ဆုံးတစ်နေ့၌ နေသည် ပေါက်ကွဲ၍ ကမ္ဘာကြီးပျက်စီးရမည် အမှန်ဖြစ်၏။

ထိုသို့
ကမ္ဘာပျက်စီးရန် နှစ်ပေါင်းကုဋေကုဋာ လိုသေး၏။ ထို့ကြောင့် လူတို့သည်
လာမည့်ဘေးအတွက် ပြင်ဆင်မှု ပြုလုပ်နိုင်၏။ နက္ခတ်ပညာနှင့်ရောကတ် ပညာသည်
တိုးတက်လာနိုင်၏။ နက္ခတ်ပညာရှင်တို့သည် လူတို့နေထိုင်နိုင်သော
ဂြိုလ်ကိုတွေ့ရှိ၍ လူတို့သည် အလင်းရောင်၏ အရှိန်နှုန်းတမျှ
လျင်မြန်သောအဟုန်ဖြင့် ထိုဂြိုလ်ရှိရာသို့ သွားနိုင်ကြရာ၏။
သို့ရာတွင်
သိပ္ပံပညာ မည်မျှတိုးတက်စေကာမူ လူတို့သည် စကြာဝဠာထဲ၌
လှည့်လည်သွားလာရခြင်းဖြင့် သတ္တလောကကို အမြဲအသက်ဆက် ပေးနေနိုင်မည် မဟုတ်။
အဘယ်ကြောင့်ဆိုသော် သာမိုဒိုင်နမစ် ဒုတိယနိယာမတရား အရ စွမ်းအင်သည်
အလွန်သိပ်သည်းသော အခြေမှ သိပ်သည်းမှုနည်းပါးသော အခြေသို့
အမြဲပြောင်းလဲလျက်ရှိရကား နောက်ဆုံး၌ သတ္တလောကသည် အကြွင်းမဲ့
ချုပ်ငြိမ်းရမည်သာဖြစ်၏။
ဤနေရာ၌ ဗုဒ္ဓသည် တစ်နေ့နေ့၌ နေပေါက်ကွဲ၍ ကမ္ဘာကြီးပျက်စီးမည့်အကြောင်း ယခုခေတ် သိပ္ပံပညာရှင်တို့၏ အဆိုကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်ခန့်က တင်ကြိုဟောပြောခဲ့ကြောင်း သတိပြုသင့်ပေ၏။
ရဟန်းတို့ သင်္ခါရတရားသည် မမြဲကုန်။ ယင်းတို့၌ အလွန်ငြီးငွေ့ထိုက်ကုန်၏။ ယင်းတို့မှ ကျွတ်လွတ်ထိုက်ကုန်၏။ ကမ္ဘာမြေကြီးနှင့် မြင်းမိုရ်တောင်တို့သည် နေခုနှစ်စင်း ထွက်ပေါ်လာသောအခါ၌ အလျှံညီးညီး မီးခဲကြီးဖြစ်ကုန်လတံ့။

ဤမဟာပထဝီမြေကြီးသည် အလျှံပြောင်ပြောင်
တောက်လောင်၍ လောင်ကျွမ်းပျက်စီးလတ္တံ့။ ဘာတစ်ခုမျှ မရှိကုန်လတ္တံ့။ ထိုအရာ၌
အရိယာပုဂ္ဂိုလ်တို့ကိုထား၍ အဘယ်သူသည် သိနိုင်လိမ့်မည်
ယုံကြည်နိုင်လိမ့်မည်နည်း။ (အဂုင်္တ္တရနိကာယ် သတ္တကနိပါတ် သတ္တသူရိယသုတ်)။
(---ဆက်ရန်) (ဦးအေးမောင်)
No comments:
Post a Comment