အရှင်မဟာသံဃရက္ခိတကိုယ်တော်ကြီးဟာသက်တော်က
ရှစ်ဆယ်၊ဝါတော်ကခြောက်ဆယ်ရှိပါပြီ ။ပျံလွန်တော်မူခါနီးမှာ အိပ်ရာထက်မှာ ပက်လက်ဖြစ်နေပါပြီ ။ ထိုင်လို့တောင်မရတော့ပါဘူး ။ ။
ဒီအချိန်မှာကျောင်းအနီးအပါး၁၂ယူဇနာပတ်ဝန်းကျင်က
လူတွေဟာရဟန်းကြီးပရိနိဗ္ဗာန်စံတာကို ဖူးမြော်ဘို့ဆိုပြီး စည်းဝေးရောက်ရှိလာကြပါတယ် ။ ။
ဒီအခါ ရဟန်းများက “ အရှင်ဘုရား ၊ လောကုတ္တရာ တရားထူး ရပြီလား ”လို့ မေးလျှောက်ပါတယ် ။ အဓိပ္ပာယ်ကတော့ ရဟန္တာဖြစ်ပြီလားလို့ မေးတာပါပဲ ။ ။
“ ငါဟာ မေတ္တေယျဘုရားကို ဖူးလိုတဲ့အတွက် ဝိပဿနာကို မရှု ၊ ဒါကြောင့် အရိယာ မဖြစ်သေး၊ ပုထုဇဉ်သာဖြစ်တယ် ” လို့ ဖြေတော်မူတယ် ။
ဒီတင် ပြုစုနေတဲ့ ရဟန်းများက “ ဒါဆို ရဟန္တာ ပရိနိဗ္ဗာန်စံတာကို ဖူးမြော်ဖို့ရာ လာကြတဲ့ ဒကာ၊ ဒကာမတွေစိတ်မကောင်းဖြစ်ကြတော့မှာပါပဲဘုရား ”လို့ ပြန်လျှောက်ကြတယ် ။
ဒီတော့ အရှင်မဟာသံဃရက္ခိတ မထေရ်က
“ ဟေ ဟုတ်လား၊ ဒါဖြင့် ငါ့ကိုထူပေး ၊ လူတွေ ခဏဆိုင်းထား၊ သင် အပြင်ကို ခဏထွက် ” လို့ အမိန့်ရှိတော်မူတယ် ။ ပြုစုနေတဲ့ ရဟန်းတော် အခန်းအပြင်ဘက်ကိုထွက်ဖို့ တံခါးပေါက်ကို ကျော်ရုံရှိသေးတယ် ၊ ကိုယ်တော်ကြီးက “လာ ၊ ပြန်ခဲ့တော့ ” လို့ အချက်ပြလိုက်ပါတယ် ။ ။
သူနာပြု ရဟန်းလည်း ဝင်လာပြီး
“ ရဟန်းကိစ္စ ပြီးပြီလား ဘုရား ” လို့ မေးပါတယ်။
“ အေး ပြီးသွားပြီ ” တဲ့ ။
“ ဟင် မြန်လှချည်လား ဘုရား၊ အံ့သြစရာ ပါကလား ” လို့ဆိုတော့ ဆရာတော်ကြီးက “ ဒါ မခက်ပါဘူး ၊ အံ့သြစရာမရှိပါဘူး ၊ တကယ်ကတော့ ရဟန်းဖြစ်တဲ့ နေ့က စပြီး (ယနေ့အထိ) သတိ ကင်းကွာပြီး ပညာနှင့် မဆင်ခြင်ဘဲပြုလုပ်ခဲ့တဲ့ အမှုမရှိပါ ၊ အဲဒီလို နေခဲ့နိုင်ဖို့သာ ခက်တာပါ ” လို့ မိန့်တော်မူတယ်တဲ့ ။ ။
( အရှင် မဟာသံဃရက္ခိတ မထေရ်ကြီးအကြောင်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ မြန်မာပြန် ပထမတွဲ ၊ စာမျက်နှာ-၈၃ တွင်လည်း ရှုနိုင်ပါတယ် ။)
ဆရာဦးဆန်းလွင်၏ ရွှေတောင်တက်ဒဿန စာအုပ်မှ ကောက်နတ်ဖော်ပြပါသည်။
No comments:
Post a Comment