ကော့ဂွန်းဂူ
ကော့ဂွန်းဂူ
ကော့ဂွန်းဂူသည်မော်လမြိုင်မြို့ဖက်မှ
၂၈-မိုင်၊ ဖားအံမြို့မှ ၈-မိုင်၊ သံလွင်အနောက်ဖက်ရှိ ဘားကပ်ကျေးရွာမှ
၂-မိုင်၊ သံလွင်အနောက်ဖက်ရှိကော့ဂွန်းကျေးရွာမှ နှစ်ဖာလုံအကွာရှိ အမြင့်ပေ
၁၀၀၀၊ အလျားပေ
၆၀၀၀ ရှိသော ထုံးကျောက်တောင်အမျိုးအစားဖြစ်သည့်ကော့ဂွန်းတောင်တွင်
တည်ရှိသည်။
ကော့ဂွန်းဂူသည်
အလျား ပေ-၁၃၀၊ အနံ ပေ-၇၀၊ အမြင့် ၂၅-ပေရှိပြီး တစ်ဖက်ပိတ်ဂူဖြစ်ကာ
ကျောက်စက်ပန်းစွဲ၊ကျောက်စက်မိုးမျှော်များလည်း ရှိသည်။ ဂူအ၀သည်
ကျောက်ကမ်းပါးယံအမိုးနောက်တွင် ရှိသောကြောင့်လည်းကောင်း
အရှေ့အရပ်သို့မျက်နှာမူသဖြင့်နေရောင်ရသောကြောင့်လည်းကောင်း မိုးပက်ခြင်း
စိုထိုင်းထိုင်းဖြစ်နေခြင်းတို့
ကင်းဝေးသည်။
သမိုင်းကြောင်း
မြန်မာသက္ကရာဇ်
၄၁၉-တွင် အနော်ရထာမင်းသည် မနုဟာမင်းကိုတိုက်ခိုက်သဖြင့် သထုံပျက်သည်။ ပိဋကတ်တော်များ၊
ပညာရှင်များကိုလည်း ယူဆောင်သွားကြသည်။ ထွက်ပြေးလွတ်မြောက်လာသော မုတ္တမမိဖုရားသည် ကော့ဂွန်းဂူသို့ရောက်ရှိပုန်းအောင်းနေသည်။
ပုန်းအောင်နေစဉ်အတွင်း ကော့ဂွန်းဂူနှင့် ဂူအနီးနားတစ်ဝိုက်တွင် စေတီ၊ဆင်းတု၊ရုပ်ကြွများကို
ဂူတွင်ပြုလုပ်ခဲ့သည်။
ကော့ဂွန်းဂူနှင့်ပတ်သက်၍ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များ ကိုအေဒီ၁၉ရာစုအစော ပိုင်းကပင်
ရှေးဟောင်းနှင့်သမိုင်းပညာရှင်များကကွင်းဆင်းလေ့လာခြင်း၊ဂျာနယ်များနှစ်ချုပ် အစီရင်ခံစာများတွင်ပြန်
လည်ဖေါ်ပြခြင်းတို့ပြုလုပ်ခဲ့သည်။
၂၇-၁-၁၈၂၇-တွင် ဗြိတိသျှသံအမတ်ကြီး ဂျွန်ကရော့ဖို့ရောက်ခဲ့ကာ ၁၈၃၅-တွင်
ကော့ဂွန်းဂူသို့ရောက်ရှိခဲ့သော သုတေသနပညာရှင် ရစ်ချတ်တင်ပယ်က
ကော့ဂွန်းဂူရှိ နံရံကပ်ဆင်းတုများကို
တန် ၅၀၀-ရှိသော သင်္ဘောဖြင့် တင်ဆောင်လျှင်ပင် အုတ်ခွက်အားလုံး၏
ထက်ဝက်မျှကိုပင် မသယ်ဆောင်နိုင်ဟု
ဆိုခဲ့သည်။ ၁၈၃၆-တွင် ဂျပ်ဆင်အဘိဓာန်ပြုစုသူ
ဆရာယုဒသန်ခေါ်မစ္စတာဂျက်ဂျပ်ဆင်ယုဒသန်နှင့်အဖွဲ့ရောက်ရှိကာယင်းအဖွဲ့ထဲမှ
ဟောင်းဝတ်မယ်လ်ကွန်
သည် ၁၈၄၀-တွင် သူ၏ မြန်မာနိုင်ငံတစ်ခွင့်လှည့်လည်စဉ်-ဟူသော
စာအုပ်တွင် ကော့ဂွန်းဂူအကြောင်းကို အသေးစိတ်ရေးသားခဲ့သည်။
၁၈၉၁-တွင်ကျောက်စာဝန်မစ္စတာတော်စိန်ခိုနှင့်အဖွဲ့၊၁၈၉၂၊ဧပြီတွင်မေဂျာအာရ်စီတမ်ပယ်နှင့်အဖွဲ့တို့ရောက်
ရှိကာ၎င်းတို့၏မှတ်တမ်းတွင်ရှေးဟောင်းပစ္စည်းများ၏ဓါတ်ပုံမှတ်တမ်းများကိုပါ ဖေါ်ပြသည်။
တော်စိန်ခိုမှတ်တမ်းတွင်၁၄-ရာစု၊ထိုင်းအက္ခရာဟုယူဆရသည့်
သစ်သားဆင်းတုသုံးဆူကိုယူဆောင်သွားသည်ဟုဆိုသည်။၁၉၄၀၄၁တွင်ရှေးဟောင်းသုတေသနညွှန်ကြား
ရေးဝန်ဟောင်းဦးလူဖေ၀င်းနှင့် ဒေါက်တာဂျီ၊အိတ်(ခ်ျ)လုစ်တို့ရောက်ရှိခဲ့သည်။
ဦးလူဖေ၀င်းနှင့်ဒေါက်တာဂျီ၊အိတ်(ခ်ျ)လုစ်တို့ရောက်ရှိခဲ့သည်။
၁၉၅၈-တွင်ဦးဖိုးလတ်၊ဗိုလ်မှုးဘရှင်၊ နိုင်ပန်းလှ၊ ဒေါက်တာဂျီ၊အိတ်(ခ်ျ)လုစ်တို့က
ကော့ဂွန်းဂူသို့သွားရောက်ကာ ရှေးဟောင်းသုတေသနဌာန၏ ထိမ်းသိမ်းမှုအောက်တွင် ထားရှိကြသည်။
လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်များ
လျောင်းခြင်းကို
သယန-ဟု ခေါ်ဝေါ်သုံးနှုန်း၍ ယင်းသယန-လျောင်းတော်မူပုံ ထုလုပ်ရာတွင်
၁။ခြင်္သေ့မင်းလျောင်းနေပုံနှင့်တူသဖြင့်
သီဟသယနခေါ်သော အညောင်းညာပြေလဲလျောင်းနေဟန်
၂။ဂီလာနသယန
သို့မဟုတ် ဗျာဓိသယနခေါ် မကျန်းမမာသဖြင့် မထနိုင်သောကြောင့် လဲလျောင်းနေဟန်
၃။မဟာပရိနိဗ္ဗာနသယန
သို့မဟုတ် ကုသိန္နာပုံတော်ခေါ် မဟာပရိနိဗ္ဗာန်စံတော်မူဟန်
လျောင်းတော်မူဗုဒ္ဓဆင်းတုကိုးကွယ်ရာတွင်
အရပ်မျက်နှာကိုလိုက်၍ အမည်မှတ်ကြသည်လည်းရှိ၏။ ယင်းကား ၁။အရှေ့သာလျောင်း၊ တောင် ပေါင်းလောင်း၊
နောက်စောင်းနေရဗာ၊ မြောက်စောင်း ကုသိန္နာ၊ လေးဖြာခေါ်ဝေါ်တာ-ဟူသော နိယံနှင့်
၂။အရှေ့ဦးခေါင်း၊
ရွှေသာလျောင်း၊ ပေါင်းလည်းဒက္ခိဏာ၊ နောက်နေရဗဏ် ပစ္ဆမံ၊ မြောက်မှန်နိဗ္ဗာန်သာ-ဟူသောနိယံတို့နှင့်အညီ
အရှေ့အရပ်ကို မျက်နှာမူလျောင်းနေဟန်ကို ရွှေသာလျောင်း၊ တောင်ဖက်သို့ ဦးခေါင်းလှည့်လျောင်းတော်မူဟန်ကို
ပေါင်းလည်းပုံတော် (သို့) ပေါင်းလည်းပုံတော်၊ အနောက်ဖက်သို့ ဦးခေါင်းလှည့်လျောင်းဟန်ကို
းနေရဗဏ်ပုံ (သို့) ဧည့်ခံတော်မူပုံ၊ မြောက်ဖက်သို့ ဦးခေါင်းပြု လျောင်းတော်မူဟန်ကို
မဟာပရိနိဗ္ဗာန်ပုံတော်ဟူ၍ ခေါ်ဝေါ်ကြသည်။
ဤကော့ဂွန်းဂူတွင်
ကျောက်တောင်နံရံ၊ မျက်နှာကြက်အနေအထားတို့အပေါ် မူတည်၍တိကျသောအရပ်
မျက်နှာသတ်မှတ်မှု မရှိသောကြောင့်သီဟာသနလျောင်းတော်မူအနေအထားကို တွေ့ရသည်။
ထိုင်တော်မူဗုဒ္ဓဆင်းတုတော်များ
ရုပ်ပွားတော်များသည်
တမူထူးခြားစွာ
နှစ်ဆူ၊သုံးဆူ၊လေးဆူတွဲ၍ ထုလုပ်ထားသည်။ တာဝတိံသာတွင် နိမ္မိတရုပ်ပွားတော်ကို
ဖန်ဆင်း၍ နတ်တို့အားတရားဟောစေကာ လူ့ပြည်တွင် အရှင်သာရိပုတ္တရာအား
အဘိဓမ္မာမာတိကာကိုဟောပြီးသောအခါ
နတ်ပြည်သို့ပြန်ကြွ၍ တစ်ဆက်တည်းဖြစ်စေရန် ပဏ္ဍုကမ္ဗလာမြကျောက်ဖြာထက်ဝယ်
တူယှဉ်တွဲထိုင်နေဟန်ကို
ရည်ရွယ်သည်။ ရိုးရိုးထိုင်ဆင်းတုများနှင့် မကိုဋ်ဆင်မြန်းထားသော
ဆင်းတုများကိုလည်း
တွေ့ရသည်။ မကိုဋ်ဆင်မြန်းထားသော ဆင်းတုများကို အိန္ဒိယနိုင်ငံ၊ဗီတားနှင့်
ဘင်္ဂလားဒေသတို့၌
ပါလခေတ် (အေဒီ၊၁၀-၁၂)တွင် စတင်ထုလုပ်သည်။ ဗုဒ္ဓဆင်းတု ထုလုပ်သောအခါ
မြတ်စွာဘုရားရှင်သည်
မင်းမျိုးဖြစ်ခြင်း၊ မြတ်စွာဘုရား၏တန်ခိုးတော်ကို
စကြာဝတေးမင်းနှင့်ခိုင်းနိုင်းခြင်း၊
ယုံကြည်ခြင်းတို့ကြောင့် ပန်းချီပန်းပုဆရာတို့နှင့် သဒ္ဓါကြည်ညိုသူတို့က
မကိုဋ်နှင့်လည်ဆွဲတို့ဖြင့်ထုလုပ်ခဲ့ကြသည်။မြန်မာနှင့်အိန္ဒိယတို့ယဉ်ကျေးမှုခြင်းကူးလူးဆက်ဆံရာမှ
မြန်မာနို
င်ငံသို့ရောက်ရှိလာခဲ့သည်။
င်ငံသို့ရောက်ရှိလာခဲ့သည်။
စူဠ၀ံသနှင့်မဟာဝံသတို့တွင်သဒ္ဓါကြည်ညိုသူတို့က မြတ်စွာဘုရားဆင်းတုကိုအ၀တ်တန်ဆာများလှူဒါန်းရာမှ
ဖြစ်ပေါ်လာခဲ့သည်ဟုလည်းကောင်းမဟာပရိနိဗ္ဗာနပါဠိတော်တွင်မြတ်စွာဘုရားသည် စကြာဝဠာတစ်ခုမှ
အခြားစကြာဝဠာတစ်ခုသို့ တရားဟောကြွသောအခါ ထိုဒေသ၏ရှင်ဘုရင်ထိုင်ရာ ရာဇပလ္လင်တွင် ထိုင်တော်မူလေ့ရှိပြီး လူတို့က မိမိတို့၏ဘုရင်တည်းဟု
ထင်မှတ်မှုကိုရည်ရွယ်၍လည်းကောင်း ဇင်းမယ်ယွန်းပဏ္ဏာသကျမ်းအရ မာန်မာနကြီးသော ဇမ္ဗူပတိမင်းကို
အမျိုးမျိုးဖန်ဆင်းရာမှ ဗြဟ္မာအသွင် ဖန်ဆင်းသည်ကိုရည်ရွယ်၍ထုလုပ်ကိုးကွယ်ရာမှလည်းကောင်းထိုသို့သောဟန် ဖြစ်ပေါ်လာသည်ဟုဆိုသည်။
ဓါတ်ပုံ-မှူးမှူး
စာရေးဆရာ မောင်မောင်နန်းနွယ်ရေးသော ကော့ဂွန်းဂူရှိ
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစာအုပ် (ပခုက္ကူဦးအုန်းဖေ၊သုတေသနစာပေ တတိယဆု)မှ ထုတ်နှုတ်ရေးသားသည်။
(စာစု-http://evergiverfriends.blogspot.ru/)
No comments:
Post a Comment