သံယောဇဉ်အကြောင်းလေး ဟိုနေ့က ဆိုက်ထဲဆွေးနွေးလက်စ
တစွန်းတစ်စလေး မြင်လိုက်ရလို့ ခုလို ချရေးလိုက်မိပါသည်။ အော် နာမည်လေးက
လှသလောက် တော်တော်လည်း ဒုက္ခပေးပါလားလို့။ သူများတော့ မပြောတတ်။
ကျနော်တော့ဖြင့် နေ့စဉ်ကျင်လည် လှုပ်ရှား
ရုန်းကန် လည်ပတ်နေရတဲ့
စက်ရဟတ်ကြီးထဲက တစ်ချက်တစ်ချက် အလစ်ခိုးထွက်မိနေသည်။ လောကီနယ်မှ ထွက်ကာ
လောကုတ်နယ်သို့ ခိုးထွက်ပြေးချင် မိသည်။ သိပ်တော့မလွယ်။
ချည်ထားတဲ့ကြိုးတွေက မနည်းပါလား။ ဒီကြိုးတွေဖြတ်ဖို့ခက်မှန်း
ရုန်းမှသိလာပေါ့။ အော် ဒို့တွေမှာ တုပ်နှောင်ခံထားရတဲ့ကြိုးက
တစ်ချောင်းတလေမှ မဟုတ်တယ်။ ဆယ်ချောင်းတောင်မှ ပါလားဆိုတာလေး တွေးမိရင်း
ဒီနေ့တော့ဖြင့် မျက်လုံးမှိတ်ရင်း လွတ်ထွက်ချင်လှပြီဖြစ်တဲ့စိတ်ကလေးကို
နားလည်အောင် ရှင်းပြရပေတော့မည်။ ကဲ ကဲ နားထောင်တော့ စိတ်ကလေးရေ။
ဒို့မှာ ချည်ထားခံရတဲ့ သံယောဇဉ်ကြိုးက စုစုပေါင်း ဆယ်ကြိုး။
သူတို့တာဝန်ကဘာလဲသိလား?။ မိမိကိန်းရာ သတ္တ၀ါကို သံသရာဝဋ်မှ မလွတ်ရအောင်
ချည်နှောင်တတ်သောတရားတဲ့။ သူတို့ကတော့ တာဝန်ကျေရှာပါတယ်။
ချည်တုပ်ထားတာဆိုတော့။ ဒို့တာဝန်က လွတ်အောင်ရုန်းဖို့ပဲမဟုတ်လား။ ချည်ထား
မှန်းသိလေ မွန်းကျပ်လာလေ…လွတ်ချင်လာလေ…ရုန်းမိလေပဲ။ ဟူး ရေးရင်းတောင်
အသက်ရှုကျပ်လာပေါ့။ ထားတော့။ ဒီသံယောဇဉ်ကြိုးဆယ်ချောင်းအကြောင်းရော
ဒီကြိုးတွေကို ဖြတ်နိုင်မယ့် အဆင့်တွေရော ဆက်ရေးသွားပါ့မယ်။
သံယောဇဉ်ကြိုး (၁၀)ချောင်းကို အုပ်စုနှစ်စုခွဲလိုက်တော့
(က) ကာမဘုံသို့ ရောက်နိုင်အောင် ချည်တုပ်ထားတဲ့ကြိုးက (၅)ကြိုး
(ခ) အထက်ဗြဟ္မာဘုံနဲ့ ဆက်ပေးမယ့်ကြိုး (၅) ကြိုးလို့ နှစ်စုခွဲမှတ်လိုက်တာပေါ့။
(က) ကာမဘုံသို့ ရောက်နိုင်သောကြိုး(၅)ကြိုးက
(၁) ကာမရာဂသံယောဇဉ် (တရားကိုယ်ကောက်တော့ လောဘ)
သူကတော့ ကာမဂုဏ်အာရုံ၌ လိုလားနှစ်သက်ခင်မင်တွယ်တာနေတဲ့
သံယောဇဉ်ပေါ့။ သူ့ကိုလည်း ပေါ့သေးသေးမမှတ်လိုက်နဲ့ဦး။ ဘယ်လောက်ထိ
ခိုင်မြဲအောင်တုပ်ထားသလဲဆို၇င် အနာဂါမ်မိမဂ်ဓါးနဲ့မှပြတ် မယ့်ကြိုးပါတဲ့။
ဟူး …မလွယ်ပါ့လား။ ကိုယ်နဲ့က မိုင်ပေါင်း ကုဋေကုဋာ….ဖြတ်ချင်ရင်တော့
ဖြတ်နိုင်အောင် ကြိုးစားရမှာပေါ့။
(၂) ပဋိဃ သံယောဇဉ် ( တရားကိုယ်ကောက်တော့ ဒေါသ)
အော် ဒေါသနဲ့လည်းတွယ်။ လောဘနဲ့လည်းတွယ်။
ဆရာတော်တစ်ပါးမိန့်တာလေး သွားသတိရမိပါ တယ်။ မုန်းတာလည်းသံယောဇဉ်ပဲ။
ချစ်တာတင်သံယောဇဉ်မထင်နဲ့ဆိုတာလေး။ အော် ဒေါသနဲ့ ချည်နှောင်ပြီး
မလွတ်တမ်းတုပ်ထားခံရတဲ့ ဒီကြိုးကျတော့ရော ဘယ်လိုဖြတ်မှပြတ်မလဲလို့? သူလည်း
ဘာထူးလို့လဲ အနာဂါမ် မိမဂ်ဓါးနဲ့မှ အပြီးတိုင် ပြတ်တောက်နိုင်မယ်တဲ့နော်။
ဘ၀သံသရာဆက်တိုင်းမှာ ရစ်ပတ်ဖွဲ့နှောင်ပြီး သံသရာတစ်ခွင် လည်နေအောင်
ပို့ပေးနေတဲ့ ဒီကြိုးနှစ်ချောင်း ကတော့ တကယ့်အရင်းအမြစ်ထဲပါနေပါပေါ့လားလို့
တွေးမိပါရဲ့။ ပြောသာပြောရတယ်။ တစ်နေ့တစ်နေ့ နေ့စဉ် လည်ပတ်နေရတဲ့
ကိုယ်ကျင်လည်ရာ စက်ဝန်းထဲမှာလည်း သူတို့မပါတဲ့နေ့ရယ်လို့
မရှိပါလားဆိုတာလေးပါ ချိတ်မြင်လာပေါ့။
(၃) ဒိဋ္ဌိသံယောဇဉ် (ဒိဋ္ဌိ)
ဒါကတော့ အယူမှားခြင်းအပေါ် မလွတ်တမ်းချည်ထားတဲ့ကြိုးပေါ့။ အင်းသူ့ကြောင့်လည်း သံသရာဝဲ ဂယက်မှာ လည်ချင်တိုင်းလည်နေပါပေါ့လား။
(၄) ၀ိစိကိစ္ဆာသံယောဇဉ် (၀ိစိကိစ္ဆာ)
ယုံမှားသံသယတွေပေါ့။ ကံနဲ့ ကံရဲ့ အကျိုးအပေါ် သို့လော၊ သို့လော
ယုံမှားမှုတွေသည်လည်း သံယောဇဉ်တစ်ပါးပဲနော်။ နောက် ဘုရား၊ တရား၊ သံဃာ အပေါ်
ယုံမှားနေမယ်။ ဒါလည်း သံယောဇဉ်ပဲ ။
(၅) သီလဗ္ဗတ ပရာမာသ သံယောဇဉ် (ဒိဋ္ဌိ)
ဒိဋ္ဌိခေါင်းဆောင်ပြီး အမှားအမှန်မသိ ရမ်းကျင့်၊
အကန်းကျင့်နေတဲ့ နွားအကျင့်၊ ခွေးအကျင့်စတဲ့ မှားယွင်းတဲ့အကျင့်တွေအပေါ်
စွဲလမ်းစွာ ချည်နှောင်ထားတဲ့ကြိုး။ သူကတော့ ဒိဋ္ဌိအနွယ်ပေါ့။
ဒီ၅ ခုထဲက အပေါ်နှစ်ပါးကတော့
အနာဂါမိမဂ်ဓါးနဲ့မှပြတ်မှာဖြစ်ပေမယ့် အောက်သုံးကြိုးကတော့
သောတာပတ္တိမဂ်ဓါးနဲ့ဆိုရင် သုံးကြိုးလုံး ပြတ်ပါပြီတဲ့။ အဲ ကိုယ့်ဖက်က
အောက်သုံးကြိုးကို သောတာပတ္တိမဂ် နဲ့မှ အပြီးတိုင်
ဖြတ်တောက်နိုင်ခြင်းမရှိသေးသ၍ကာလပတ်လုံး ဒီကြိုးတွေက ကိန်းရာသတ္တ၀ါကို
တုပ်နှောင်ပြီး အပါယ်ဆီသို့ အားရပါးရ ဆွဲချကြမှာနော်။ အော်
လွန်ဆွဲပွဲနဲ့တူနေပါရော့လား။ ကုသိုလ်၊ အကုသိုလ် သူနိုင် ကိုယ်နိုင်
ချရမယ့်ပွဲပဲ။ တစ်မဂ်တစ်ဖိုလ်ရအောင် ရောက်အောင်မှ အားထုတ်မထားဘူးဆိုရင်တော့
ဒီသုံးကြိုး ဆွဲချတာ အလူးအလဲခံရမယ်သာမှတ်တော့။ အော် အပါယ်မှာပဲ တ၀ဲလည်လည်
လည်ချင်တိုင်းလည်ဦးမှာပါ လားလို့ တွေးမိရင်း………..။
နောက်လက်ကျန်ငါးခု ဆက်ကြတာပေါ့။ အခုပြောမယ့်
လက်ကျန်ငါးကြိုးကတော့ အထက်ဗြဟ္မာဘုံနဲ့ ဆက်တဲ့ ကြိုးတွေမို့
ဒီလက်ကျန်ငါးကြိုးကိုတော့ဖြင့် အရဟတ္တမဂ်ဥာဏ်နဲ့မှသာ အပြီးတိုင်
ဖြတ်တောက်နိုင်မယ် လို့ဆိုထားပါတယ်။ သူတို့ကတော့
(၆) ရူပရာဂ သံယောဇဉ် (လောဘ)
ရူပဈာန်နှင့် ထိုဈာန်၏အကျိုး ရူပဗြဟ္မာဘ၀၌ နှစ်သက်မှု တဏှာကိုပြောပါတယ်။
(၇) အရူပရာဂ သံယောဇဉ်( လောဘ)
အရူပဈာန်နှင့် ထိုဈာန်တို့၏ အကျိုး အရူပဗြဟ္မာဘ၀၌ နှစ်သက်မှုတဏှာ။
(၈) မာနသံယောဇဉ် (မာန)
(၉) ဥဒ္ဓစ္စသံယောဇဉ် (ဥဒ္ဓစ္စ)
စိတ်ပျံ့လွင့်ခြင်းသည်လည်း သံယောဇဉ်တစ်ပါးပင် မဟုတ်ပါလား။
(၁၀) အ၀ိဇ္ဇာ သံယောဇဉ် (မောဟ)
သူကတော့ ဂိုဏ်ချုပ်ကြီးမို့ နောက်ဆုံးမှလိုက်သလားမပြောတတ်ပါ။
အကုသိုလ်ဟူသမျှ ဖြစ်တိုင်းမှာ သူက မပါမပြီးပါပြီးသားမို့ သူ့တော့
ကြောက်မိပါ၏။ သို့သော် အရဟတ္တမဂ်ဥာဏ်နဲ့မှ ပြတ်မယ့်ကြိုးမို့ ပိုတောင်
ကြောက်ဖွယ်ကောင်းလှပါ၏။
အော် ဖြတ်ချင်လှတဲ့သံယောဇဉ်တွေ
ကြည့်စမ်း…နည်းနည်းနှောနှောလားလို့။ လွယ်လွယ်နဲ့ရော ပြတ်မှာတဲ့လား။
မဂ်ဥာဏ်မပါပဲ ပြတ်တဲ့ကြိုးရော ရှိမှာတဲ့လား???? အော် နေဦး။ ဟိုနေ့က
မေးလာတဲ့မေးခွန်း လေး ဖြေကြည့်လိုက်ဦးမယ်။ သံယောဇဉ်ဆယ်ပါးနဲ့ ကိလေသာ
ဆယ်ပါးတူသလားဆိုတာလေး။
ခုပဲ ရေကြည့်ပြီနော်။ အကုန်စာရင်းချုပ်ကြည့်တော့
သံယောဇဉ်ဆယ်ပါးမှာပါသွားတဲ့ကိလေသာတွေက လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊
ဥဒ္ဓစ္စနဲ့ အ၀ိဇ္ဇာဆိုတော့ (၇)ပါးပဲ ပါသွားတယ်နော်။ ဒါကတော့ သုတ္တန်အရ ဟောတဲ့
သံယောဇဉ်ဆယ်ပါးပဲဖြစ်ပါတယ်။
အဘိဓမ္မာနည်းအရဘုရားဟောထားတာလည်းရှိပါသေးတယ်။ ဘာကွာလဲဆိုတော့ ဥဒ္ဓစ္စတစ်ပါး လျော့ပြီး ကုသာနဲ့ မစ္ဆရိယနှစ်ပါး ပိုလာပါမယ်။
ကဲ ဒီလောက်ဆိုရင်တော့ စိတ်ကလေးလည်း ကျေနပ်လောက်မှာပါ။
ကိုယ့်အပေါ် ရစ်ပတ်ဖွဲ့ချည် တုပ်နှောင်ခံထားရတဲ့ကြိုးတွေအကြောင်းလည်း
သိသွားပြီမို့ အမြန်ဆုံး ကြိုးဖြတ်ကာ အလွတ်ရုန်းနိုင်တဲ့
သူတော်ကောင်းကြီးများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတော့သည်။
စောသဇင်(မန္တလေး)
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:377395
No comments:
Post a Comment