ဘုန်းကြီးကျောင်းဆိုတာကလည်း လူကြီးတွေပဲ အလာများတာ...
ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ ခိုင်းထားပြီဆိုတော့ ဒဏ်တွေကပေါ်ပြီပေါ့...
ကျောင်းလာပြီး ဆွမ်းကပ်နေတဲ့ ဒီမိသားစုတွေ ကျောင်းပေါ်ရောက်ရင်
နှုတ်ဆက်စကားကတော့ လှေခါးလေးတက်နိုင်တုန်း လာထားရတယ်ဘုရား...
ကျောင်းပေါ်ရောက်တော့ ဆွမ်းကပ်ဖို့ ပြင်ဆင်ကြပြီး ဆွမ်းကပ်ကြပါတယ်...
ပြောမိတာလေးတွေကတော့ ကျေးဇူးတရားနဲ့ ပါတ်သက်တာလေးတွေ...
တပည့်တော်တို့ လာနိုင်တုန်းလေး လာပြီး ကုသိုလ်ယူနေရတာဘုရား...
ဟုတ်တာပေါ့ ဒကာမကြီး...အချိန်ရှိခိုက်လုံ့လစိုက်ပြီး ယူထားကြပေါ့...
ဒကာမကြီးတို့ ဒီလို ဒါနကုသိုလ်ယူနိုင်ဖို့ ဘုန်းကြီးဒီမှာ မရှိရင် ရပါ့မလား...
မဖြစ်ပါဘူးဘုရား တပည့်တော်တို့မှာက အဝေးကြီးလည်း မသွားနိုင်ဘူး...
အရှင်ဘုရား ဆန်ဖရန်ကိုပြောင်းလာတော့ တပည့်တော်တို့ ဝမ်းသာနေကြတာ...
ဟိုအဝေးမှာတုန်းက လာမှမလာနိုင်တာ ဒီလိုဆွမ်းလှူတဲ့ကုသိုလ် မရဘူးပေါ့...
ခုတော့ ဒါနကုသိုလ်ကို နီးနီးလေးမှာ ယူလို့ရသွားပြီ အရှင်ဘုရားကျေးဇူးပါပဲ...
ဒါနကုသိုလ်ဆိုတာ လှူလိုစိတ်ရယ် လှူဖွယ်ပစ္စည်းရယ် အလှူခံရယ် ရှိမှကိုး...
ကျေးဇူးတရားတွေ တစ်ဦးနဲ့တစ်ဦး သိကြမြင်ကြရင် ကောင်းပါတယ်...
သူတစ်ဦးကျေးဇူးတွေ မြင်အောင်ကြည့်ရင် မြင်ကြရမယ်...
ဘုန်းကြီးတို့ဆို ရဟန်းဝတ်ကထဲက စီးပွားရှာတဲ့အလုပ် လုပ်မစားရတော့ဘူး...
ဒါ ထေရဝါဒဘုန်းကြီးတိုင်းပါ...
ဒကာဒကာမများ ထောက်ပံ့တဲ့ ပစ္စည်းလေးပါးနဲ့တင် အသက်ရှင်နေရတာ...
အသက်သခင်ကျေးဇူးရှင်တွေလို့ ပြောရင်တောင် ရပါတယ်...
ကျေးဇူးတရားတွေ ကြည့်တတ်မြင်တတ်ကြရင် လောကကြီး ငြိမ်းချမ်းပါတယ်...
တစ်ဦးနဲ့တစ်ဦးဟာ ကျေးဇူးတွေ မကင်းကြဘူးပေါ့...
ဒကာဒကာမတို့ဘက်က လှူဒါန်းမှုဒါနနဲ့ ကျေးဇူးပြုသလို
ဘုန်းကြီးတို့ဘက်ကလည်း ဒကာဒကာမတို့ကို ဒါနတွေပြုနိုင်အောင်
သီလ ဘာဝနာတွေပွားနိုင်အောင် ပြုလုပ်ပေးရင်းနဲ့ ကျေးဇူးဆပ်ကြရတာပါပဲ...
ရဟန်းတွေ သိက္ခာသုံးပါး ကျင့်နေခြင်းသည်လည်း ကျေးဇူးဆပ်နေတာပါပဲ...
ပြောရင်းကနေ ပါလာနေကြ ဒကာလေး(သူ့သားမက်) မပါလို့ မေးကြည့်တော့
သူ့အမေ လူအိုရုံကနေ အရေးပေါ် ဆေးရုံတင်ရတဲ့အကြောင်းပြောလာတယ်...
အခြေအနေကတော့ သိပ်မကောင်းဘူးပေါ့...
မိခင်ကြီးက ဆရာဝန်တွေနဲ့ နီးနီးနေရမှ အဆင်ပြေမှာမို့ လူအိုရုံပို့ထားရပေမဲ့...
သိထားသလောက်ဆိုရင်တော့ တစ်နေ့တစ်ခေါက်အလုပ်ကအပြန်
မိခင်ဖြစ်သူထံ အမြဲသွားပြီး ဝေယျာဝစ္စလုပ်ပေးတတ်တယ်...
မိခင်ဖြစ်သူကလည်း သူ့သားကိုယ်တိုင် သွားတိုက်ပေးမှကောင်းတယ်တဲ့...
ဒီတော့ သားကလည်း နေ့တိုင်း သွားတိုက်ပေးလေ့ရှိတယ်...
ဒီမြင်ကွင်းမျိုးကြည့်လိုက်ရရင်တော့ အတော်ပီတိဖြစ်စရာ နေမှာပါပဲ...
စဉ်းစားရင်းနဲ့တောင် ဝမ်းသာကြည်နူးမိပါတယ်...
သားအမိနှစ်ဦးရဲ့ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးပေါ့...
ဒီမှာကတော့ နေ့စဉ်သွားရောက် ပြုစုဖို့ဆိုတာ အတော်မလွယ်တာပါပဲ...
သားတာဝန်ကျေပါတယ်...
တနည်းအားဖြင့် မိဘကျေးဇူး ဆပ်နေတာပါပဲ...
မိဘကျေးဇူးဆပ်ကြဖို့ အမြဲလည်း ဆုံးမပေးပါတယ်...
မိဘတွေ အိုပြီး နာတာရှည်နေကြခြင်းဟာ
သားသမီးတွေ ကျေးဇူးဆပ်ဖို့ရာအတွက် အခွင့်အရေးတစ်ခုပါပဲ...
ယူတတ်တဲ့သားသမီးတွေရကြမယ်...
ယူတတ်ပါစေ...
သားသမီးတိုင်း ဘယ်လိုမိဘမျိုးကိုမဆို ပြုစုစောင့်ရှောက်နိုင်ကြပါစေ...
ဦးလောကနာထ
၁၂.၂.၂ဝ၁၁
No comments:
Post a Comment