"ချည်ကြိုးနှင့် နွားနှစ်ကောင်"
••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••
ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေထိုင်စဉ် အရှင်အာနန္ဒာကို အရှင်ကာမဘူက ယခုလို မေးလျှောက်၏။ “ငါ့ရှင် မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ဖြစ်သလား။ အဆင်းတို့သည် မျက်စိ၏ အနှောင်အဖွဲ့ဖြစ်သလား။
နားသည် အသံတို့၏ အနှောင်အဖွဲ့လား။ အသံသည် နား၏ အနှောင်အဖွဲ့လား။
နှာခေါင်းသည် အနံ့တို့၏ အနှောင်အဖွဲ့လား။ အနံ့တို့သည် နှာခေါင်း၏
အနှောင်အဖွဲ့လား။ လျှာသည် အရသာတို့၏ အနှောင်အဖွဲ့လား။ အရသာတို့သည် လျှာ၏
အနှောင်အဖွဲ့လား။ ကိုယ်သည် အတွေ့အထိတို့၏ အနှောင်အဖွဲ့လား။
အတွေ့အထိတို့သည်
ကိုယ်၏ အနှောင်အဖွဲ့လား။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့လား။
သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့လား။ ငါ့ရှင်အာနန္ဒာ သိသာအောင်
ဖြေကြားပါလော”
“ငါ့ရှင် ကာမဘူ၊ အကျွန်ုပ်ဖြေကြားပါမည်။ ကောင်းစွာနာကြားပါလော။ ဤလောက၌ နွားဖြူနှင့် နွားနက်နှစ်ကောင်ကို တစ်ချောင်းတည်းသော ကြိုးဖြင့် တွဲချည်ထားသည်ဆိုပါတော့။ နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့တည်း။ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့တည်းဟု တစ်စုံတစ်ယောက်က ပြောကြားသည်ဆိုပါတော့။
ထိုသူပြောကြားသော စကားသည် စင်စစ်အားဖြင့် မှားသည်သာတည်း။ နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့မဟုတ်။ နွားဖြူသည်လည်း နွားနက်၏ အနှောင်အဖွဲ့မဟုတ်။ အဘယ်အရာသည် အနှောင်အဖွဲ့ဖြစ်ပေမည်နည်း။ ချည်ဖွဲ့ထားသော “ကြိုး” သည်သာလျှင် နွားဖြူနှင့် နွားနက်တို့၏ အနှောင်အဖွဲ့ဖြစ်သည်။ ဟုတ်ပါသလော။”
“ငါ့ရှင် အာနန္ဒာ ဟုတ်မှန်ပေ၏။ ဆက်လက်၍ ပြောကြားပါဦးလော”
"နှောင်ကြိုးအစစ်"
•••••••••••••••••••

ငါ့ရှင် ကာမဘူ - ဤဥပမာအတိုင်းပင်တည်း။ မျက်စိသည် အဆင်းတို့ အနှောင်အဖွဲ့မဟုတ်၊ အဆင်းတို့သည် မျက်စိ၏ အနှောင်အဖွဲ့မဟုတ်။ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကိုစွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု “ဆန္ဒရာဂ” သည် ထိုနှစ်မျိုးလုံး၏ အနှောင်အဖွဲ့မည်ပေ၏။ ထို့အတူပင်-
နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့သည် အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ သဘောတို့၏ အနှောင်အဖွဲ့ မဟုတ်ကုန်၊ အပြန်အလှန်အားဖြင့် အနှောင်အဖွဲ့ မဟုတ်ကုန်။ ထိုထို နှစ်မျိုးနှစ်စုံတို့ကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု “ဆန္ဒရာဂ” သည် သာလျှင် ထိုထိုနှစ်မျိုးနှစ်စုံတို့၏ အနှောင်အဖွဲ့မည်ပေ၏။
(အရှင်အာနန္ဒာ - သဠာယတနသံယုတ်၊ သမုဒ္ဒဝဂ်၊ ကာမဘူသုတ်)
မေတ္တာရှင်(ရွှေပြည်သာ)၏ “လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ-၈”မှ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။
No comments:
Post a Comment