တရားဂုဏ်တော်(၆)ပါး
-----------------------
ဗုဒ္ဓမြတ်စွာဘုရားသည် (၄၅)ဝါကာလပတ်လုံး လူ နတ် ဗြဟ္မာများအား ဟောကြားတော်မူခဲ့သော တရားတော်များမှာ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်ရာမှ ရရှိလာသော သဗ္ဗညုတဥာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူသော တရားများသာဖြစ်သည်။ တရားဟူသည် ယင်းကိုကျင့်ကြံသူအား အပါယ်ဆင်းရဲသို့မကျရောက်အောင် ဆောင်ရွက်တတ်သောသဘော

ဖြစ်သည်။
၁။ သွာက္ခာတဂုဏ်တော် = မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ္တိ ဟူသောတရားဆယ်ပါးကို ကြားနာရခြင်းဖြင့် အစ၏ကောင်းခြင်း ကြားနာရ၍ ကျင့်ကြံအားထုတ်ရသဖြင့် အလယ်၏ကောင်းခြင်း ကျင့်ကြံရ၍ သန္တိသုခ (ငြိမ်းအေးမှုချမ်းသာ) နိဗ္ဗာနဓာတ်ကိုရ၍ ခံစားရသဖြင့် အဆုံး၏ကောင်းခြင်းဖြင့် ကောင်းစွာဟောတော်မူခဲ့အပ်သော တရားတော်ဖြစ်ခြင်း။
၂။ သန္ဒိဋ္ဌိကဂုဏ်တော် = ကျင့်ကြံသူအား မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ဟူသော လောကုတ္တရာတရားကိုးပါးကို မျက်ဝါးထင်ထင် ကိုယ်တိုင်သိမြင်နိုင်ခြင်းကို ပေးစွမ်းနိုင်သော တရားတော်ဖြစ်ခြင်း။
၃။ အကာလိကဂုဏ်တော် = လောကုတ္တရာတရားကိုးပါးကို ကျင့်ကြံသူများအား (ဝါ) တရားအားထုတ်သူများအား မဂ်ကုသိုလ်စိတ် ဖြစ်သည်နှင့် ဖိုလ်စိတ် ဟူသော အကျိုးတရားကိုလည်း တစ်ဆက်တည်းရှိနိုင်ခြင်းကို ပေးစွမ်းနိုင်သော တရားတော်ဖြစ်ခြင်း။ (လောကီကုသိုလ်များကဲ့သို့ ရက်ခြား ဘဝခြားပြီးမှ အကျိုးခံစားရမှုမျိုးမဟုတ် ဟုဆိုလိုသည်။)
၎။ ဧဟိပဿိကဂုဏ်တော် = တကယ်လုပ်က အဟုတ်ပင် သန္တိသုခ (ငြိမ်းအေးမှုချမ်းသာ) အကျိုးတရားကို ခံစားရသောတရားဖြစ်၍ 'လာပြီးရှုကြပါ။ ကျင့်ကြံကြပါ' ဟုခေါ်ပြထိုက်သော တရားတော်ဖြစ်ခြင်း။
၅။ သြပနေယိကဂုဏ်တော် = လောကုတ္တရာတရား ကိုးပါးသည် ပုထုဇဉ်တို့၏ သန္တာန်၌ တစ်ကြိမ်မျှဖြစ်ပေါ်လာလျှင် (အနည်းဆုံး သောတာပန်ဖြစ်လျှင်) အပါယ်တံခါး ပိတ်မည်ဖြစ်၍ ကျင့်ကြံအားထုတ်ထိုက်သော တရားတော်ဖြစ်ခြင်း။
၆။ ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော် = လောကုတ္တရာတရားကိုးပါးသည် ပုထုဇဉ်နှင့်မဆိုင်။ အရိယာသူတော်ကောင်းတို့သာ ရှိခံစားအပ်သော တရားတော်ဖြစ်ခြင်း (ဝါ) ပြောသံကြားဖြင့် မှန်းဆသိရသော တရားမဟုတ်။ ကိုယ်တိုင် ရရှိသိမြင်နိုင်သော တရားတော်ဖြစ်ခြင်း။
ဦးစိန်ထွန်း-သုတေသီ

No comments:
Post a Comment