“ကမ္မဋ္ဌာန်း ၂ မျိုး”
•••••••••••••••••
ကမ္မဋ္ဌာန်းဆိုတာ ဘာဝနာလုပ်ငန်းရဲ့ ဦးတည်ရာအာရုံ
သို့မဟုတ် ဘာဝနာလုပ်ငန်းရဲ့ လုပ်ငန်းစဉ်လို့ အဓိပ္ပါယ်ရတယ်။
ကမ္မဋ္ဌာန်းဟာ သမထနဲ့ ဝိပဿနာလို့ ၂- မျိုး ရှိတယ်။
ကမ္မဋ္ဌာန်း အားထုတ်သူတိုင်း ဒီ ၂- မျိုးကို ကွဲကွဲပြားပြား
သိထားဖို့လိုတယ်။
သို့မှသာ မိမိတို့ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်းဟာ
“သမထလား” ၊ “ဝိပဿနာလား” ဆိုတာ ခွဲခြား သိနိုင်မှာ ဖြစ်တယ်။
“သမထ ဆိုတာ”
••••••••••••••••
“သမထ” ဆိုတာ ဘာလဲလို့မေးရင်
“သမထ” ဆိုတာ ကာမစ္ဆန္ဒ စတဲ့ ဆန့်ကျင်ဘက် တရားများကို
ငြိမ်သက် ပျောက်ကင်းစေနိုင်တဲ့ တရားလို့ အဓိပ္ပါယ် ရတယ်။
စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုကို ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့
သမာဓိတရားဟာ “သမထ” ပဲ ဖြစ်တယ်။
လူတွေရဲ့စိတ်ဟာ အာရုံနဲ့တွေ့ရင် လှုပ်ရှား
ယောက်ယက်ခတ်မှုတွေ ဖြစ်တယ်။စဉ်းစားကြည့်ပေါ့။
အာရုံနဲ့တွေ့လို့ လောဘဖြစ်ရင်လည်း စိတ်လှုပ်ရှားတာပဲ။
ယောက်ယက်ခတ်တာပဲ။
ဒေါသဖြစ်ရင်လည်း ယောက်ယက်ခတ်တာပဲ။
မောဟဖြစ်ရင်လည်း တွေဝေပြီး ယောက်ယက်ခတ်တာပဲ။
ဒီလို စိတ်ယောက်ယက်ခတ်မှုမျိုးတွေကို
ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့ ကမ္မဋ္ဌာန်း
အကျင့်ကို “သမထ” လို့ ခေါ်တယ်။
ဒါ့အပြင် အဆိုပါ “သမထ” အကျင့်ဖြင့် ရရှိလာတဲ့
“သမာဓိစွမ်းအား”ဟာလည်း ယောက်ယက်ခတ်တဲ့
စိတ် အခြေအနေများကို ပျောက်ကင်းစေနိုင်သည့်အတွက်
တကယ့် “သမထ” ဖြစ်တယ်။
ဒါကြောင့် ကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ သမာဓိ ၂-မျိုးလုံးပင်
“သမထ” လို့ ခေါ်ရမှာ ဖြစ်တယ်။
စာပေကျမ်းဂန်များမှာ “ပစ္စနီကဓမ္မေ သမေ-တီတိ သမထော”
လို့ ဖွင့်ဆိုကြတယ်။ ဆန့်ကျင်ဘက် တရားများကို
ငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့ တရားကို “သမထ” လို့
ဆိုလိုတာ ဖြစ်တယ်။
“ဝိပဿနာဆိုတာ”
•••••••••••••••
“ဝိပဿနာ” ဆိုတာ ဘာလဲလို့မေးရင်
“ဝိပဿနာ” ဆိုတာ ထူးခြားတဲ့ ဉာဏ်အမြင်လို့ အဓိပ္ပါယ်ရတယ်။
“ဝိ”- အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့်
“ပဿနာ”- ရှုမြင်တတ်သော ဉာဏ်ကို “ဝိပဿနာ” ဟု ခေါ်ဆိုခြင်းဖြစ်၏။
တစ်နည်းအားဖြင့် “ဝိပဿနာ” ဆိုတာ ထူးခြားစွာ
သိမြင်တတ်သော ဉာဏ်ကို ခေါ်တာဖြစ်တယ်။
ဘယ်လို ထူးခြားစွာ မြင်တတ်သလဲဆိုရင်
သာမာန်အားဖြင့် လူတွေက ဘဝကို ချမ်းသာတယ် ၊
ကိုယ်ပိုင်တယ်လို့ မြင်ကြတယ်။ အဲဒီအမြင်တွေနဲ့ မတူဘဲ
“ဘဝဆိုတာ မမြဲဘူး ဆင်းရဲတယ်၊ ကိုယ်မပိုင်ဘူး”လို့ မြင်တယ်။
အဲဒီလိုမြင်တဲ့ အသိဉာဏ်မျိုးကို “ဝိပဿနာ” လို့ ခေါ်တယ်။
စာပေကျမ်းဂန်များမှာ “အနိစ္စာဒိဝသေန ဝိဝိဓေဟိ
အာကာရေဟိ ဓမ္မာ ပဿတီတိ ဝိပဿနာ” လို့ ဖွင့်ဆိုကြတယ်။
အနိစ္စ စသည်နှင့် ဆက်စပ်ပြီး အမျိုးမျိုးသော
အခြင်းအရာတွေနဲ့ ဓမ္မတို့ကို ရှုမြင်တတ်သောဉာဏ်သည်
“ဝိပဿနာ” မည်၏ဟု ဆိုလိုပါတယ်။
ဒီ “သမထ” နဲ့ “ဝိပဿနာ” ၂-မျိုးလုံးဟာ ဖြစ်ပွားစေရမဲ့
“ဘာဝေတဗ္ဗ”တရား၊ ကျင့်ရမဲ့ တရားဖြစ်တယ်။
မငြိမ်မသက် ယောက်ယက်ခတ်နေတဲ့
စိတ်ကလေး ငြိမ်သက်သွားအောင် “သမထ” ကို ကျင့်ရမယ်။
စိတ်ကလေး မငြိမ်သက်ရင်ဖြစ်စေ ထူးခြားတဲ့
အမြင်မရှိရင်ဖြစ်စေ နိဗ္ဗာန်ကို မရောက်နိုင်ဘူး။
နိဗ္ဗာန်ကို ရောက်နိုင်အောင် စိတ်ကလေး ငြိမ်သက်ပြီး
ထူးခြားတဲ့ ဉာဏ်အမြင်ရရှိရန် “ဝိပဿနာ” ကျင့်စဉ်ကိုလည်း
ကျင့်ရမှာဖြစ်ပါတယ်။
-【ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】
Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

No comments:
Post a Comment