
【 '' အနေတတ်၍ အသေမြတ်ရန် နည်းလမ်း'' 】
★★★★★★★★★★★★★★★★★★★★★★
သောတာပန်ဖြစ်ဖို့ “ဓူရ” နှစ်မျိုးရှိတယ်။
【 သဒ္ဓါဓူရ နဲ့ ပညာဓူရ 】
သဒ္ဓါဓူရ - ဆိုတာ သဒ္ဓါပြဋ္ဌာန်းတာ။
တချို့က သဒ္ဓါတရား အရမ်းအားကောင်းတယ်။
အားထုတ်တဲ့နေရာမှာ သဒ္ဓါတရားအားကောင်းပေမယ့်
ပညာက အားနည်းသွားတယ်။
သဒ္ဓါနဲ့ ပညာကို မျှယူတတ်ရမယ်။
သဒ္ဓါနဲ့ တရားကို ကြိုးစားမယ်၊ ရှုမယ်၊ မှတ်မယ်၊
လှူမယ်၊ တန်းမယ်၊ ပေးမယ်၊ ကမ်းမယ်။
သို့သော်လည်းပဲ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတွေကျတော့
သိပ်ပြီး စိတ်မပါတော့ဘူး။
တရားထိုင်ဖို့နဲ့ တရားနာဖို့ဆိုရင် တရားပဲ ထိုင်မယ်၊
တရားမနာဘူး။ တရားထိုင်တာနဲ့ တရားနာတာ မျှမျှတတ ရှိရမယ်။
အထိုက်အလျောက် လေ့လာ ရမယ်။
အဲဒီလို မလေ့လာဘဲနဲ့ သူက သဒ္ဓါနဲ့ချည်း တွန်းမှတ်တယ်။
မှတ်ရုံပဲ မှတ်တယ် မကြည့်ဘူး။
မှတ်လည်း မှတ်ရမယ်၊
ကြည့်လည်း ကြည့်ရမယ်။
မှတ်ပြီး ဘယ်လိုလုပ်ကြည့်မလဲဆိုတော့
စူးစူးစိုက်စိုက် မှတ်တာဟာ ကြည့်တာနဲ့အတူတူပဲ။
ဝိပဿနာဆိုတာ တည်အောင် လုပ်တာမဟုတ်ဘူး သူတော်ကောင်းတို့…။
ဝိပဿနာဆိုတာ သိအောင်လုပ်တာ။
ခန္ဓာရဲ့သဘောကို သိအောင် လုပ်ရတာ။
နာတဲ့ သဘောတွေ၊ ယားတဲ့ သဘောတွေ၊
ကိုက်တဲ့ သဘော တွေကို မှတ်လဲမှတ်၊သိအောင်လည်းလုပ်။
မှတ်တော့ မသိဘူးလား-ဆိုတော့ သိတော့ သိသွားတယ်။
ပိုသိအောင်လို့ စူးစိုက်ဖို့ ပြောတာ။
ဆရာတော်ဘုရားကြီးတွေ အလုပ်ပေးတဲ့အထဲမှာ
စူးစူးစိုက်စိုက် မှတ်လို့ မပြောဘူးလား။
အဲဒါ သိအောင် လုပ်ခိုင်းတာ၊ သိအောင်၊ သိအောင်။
အဲဒီအသိကို ဘာဝနာမယအသိလို့ ခေါ်တယ်။
စာအုပ်ထဲက ဖတ်ပြီး
ဒုက္ခသစ္စာတွေ၊ စိတ်တွေ၊ စေတသိတ်တွေဆိုတာ
အဲဒါ ဘုရားသိတဲ့ဉာဏ်။
ကိုယ့်ဉာဏ် မဟုတ်ဘူး။
စာရေးထားတာကို သိတာ။
ကိုယ်သိရမှာက အခုပေါ်တဲ့
ခန္ဓာရဲ့ အခုနှိပ်စက်တဲ့သဘောကို သိရမှာ။
ဖောင်းတဲ့ သဘောလေးတွေ၊
ပိန်တဲ့ သဘောလေးတွေ၊
ကိုက်တဲ့သဘောလေးတွေ၊
ယားတဲ့ သဘောလေးတွေ၊
အဲဒါကို စူးစူးစိုက်စိုက် မှတ်တဲ့အခါ ကျတော့
တော်တော်နှိပ်စက်ပါလားလို့ သိလာတယ်။
နာတာ၊ ကျဉ်တာ၊ ကိုက်တာ၊ ခဲတာတွေက
တစ်ချိန်လုံး ဟိုနေရာပြောင်းလိုက်၊ ဒီနေရာပြောင်းလိုက်။
ခန္ဓာကိုယ်ကြီးကို သေသေချာချာ မကြည့်လို့ရှိရင် ချမ်းသာသလိုပဲနော်။
နည်းနည်းကလေး ညောင်းတာနဲ့ ကိုယ်ကပြင်လိုက်ပြီ
ဆိုတော့ ချမ်းသာသလို ဖြစ်မနေဘူးလား။
ဒါကြောင့်မို့လို့ တော်ရုံတန်ရုံဆို မပြင်ပါနဲ့၊
သဒ္ဓါ တင်ထား၊ ယောဂီ…သဒ္ဓါတင်ထား။
သဒ္ဓါတင်ထားဆိုတာ ဆရာသမားတွေ ပြောတဲ့စကားကို
ယုံကြည်ပြီး အားထုတ်တာ။
မြတ်စွာဘုရားဖြစ်ဖို့ အားထုတ်စဉ်အခါတုန်းက
ရွှေပုလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး
မပြင်ဘဲ အားထုတ်တာ။
ညဥ့်ဦးယံမှ မိုးသောက်ယံအထိ…။
ဘုရားက ရှေ့က လမ်းပြသွားတာပဲ၊
အဲဒါကို ယောဂီတို့က ညောင်းပြင်၊ ယားကုတ် လုပ်နေကြတယ်။
ညောင်းပြင်၊ ယားကုတ်လို့ ဘယ်တော့ သမာဓိရမှာလဲ…။
ညောင်းပြင်၊ ယားကုတ်လုပ်နေတော့ အညောင်းပြေ တာပေါ့ဗျာ။
အယားလည်း ပြေတာပေါ့။
သမာဓိကတော့ မရတော့ဘူး။
ညောင်းတာ၊ ညာတာလောက်ကို
တော်ရုံတန်ရုံ သည်းညည်းခံ မှတ်ပါ၊
ဆူးပေါ် တက်ထိုင်ခိုင်းတာ မဟုတ်ဘူး၊
၁၀ နာရီ၊ ၁၅ နာရီ ထိုင်ခိုင်းတာ မဟုတ်ဘူး။
ပဲလေး တစ်ဇွန်းလောက် စားပြီးတော့
အတ္တကိလမထာနုယောဂ ကျင့်ခိုင်းတာ မဟုတ်ဘူး။
တော်ရုံတန်ရုံ ၁ နာရီ၊ ၂ နာရီလောက်တော့ ထိုင်ကြပေါ့ဗျာ။
ကိုယ့်အိမ်အလုပ်လုပ်တာတောင် ၄ နာရီ၊ ၅ နာရီ လုပ်ကြသေးတာပဲ၊
အဲဒီ ၁ နာရီ၊ ၂ နာရီလောက် ထိုင်တာကို အတ္တကိလမထတဲ့။
ဘယ်ကလာ အတ္တကိလ မထာနုယောဂ ဖြစ်ရမှာလဲ၊
မဇ္ဈိမပဋိပဒါအလုပ် လုပ်နေတာ၊
【ကိုယ့်ဟာကိုယ် ပျင်းရင် ပျင်းတယ်ပြော၊
ကိုယ့်ဟာကိုယ် ညှာရင် ညှာတယ်ပြော၊
အကျင့်ကို လာမထိခိုက်နဲ့။ 】
ကျုပ်ကတော့ ထိုင်ရတာပျင်းတယ်ဗျာဆိုရင်
ပျင်းတဲ့သူက ကိုယ့်လမ်း ကိုယ်သွားပေါ့။
ကိုယ့်ခန္ဓာကိုယ်ကြီး ညောင်းမှာစိုးလို့၊
နာမှာစိုးလို့ ညှာရင် ညှာတဲ့သူ ကိုယ့်လမ်းကိုယ်သွားပေါ့။
ညှာတဲ့လမ်းက ကာမသုခလ္လိကာနုယောဂ…မျောလမ်းပေါ့ဗျာ။
ကုသိုလ်ကောင်းမှုတွေတော့ လုပ်တယ်၊
ခန္ဓာကိုယ်ကို ညှာတဲ့အခါကျတော့
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရဘဲ မျောသွားတာပေါ့။
မျောရင် တစ်နေ့ကျတော့ မြုပ်မှာပဲ။
အဲဒါကြောင့် ခန္ဓာကို ညှာတာလည်း အမှား၊
ကိုယ့်ကိုယ်ကို ညှင်းဆဲတာလည်း အမှားပဲ။
ညှင်းဆဲတယ် ဆိုတာ ဆူးပေါ် တက်ထိုင်တာတို့၊
ချမ်းတဲ့အချိန် ရေထဲ ဆင်းစိမ်တာတို့။
အဲဒီလို ခန္ဓာကိုယ်ကို ညှင်းဆဲတာဟာ တဏှာ မဖြစ်အောင်လို့တဲ့။
တဏှာမဖြစ်ပေမယ့် ဒေါသမဖြစ်ဘူးလား။
ဒါကြောင့် ညှင်းဆဲတာလည်း အမှား၊
ကိုယ့်ကိုယ်ကို ညှာတာလည်း အမှားပဲ။
မဇ္ဈိမပဋိပဒါ-ဆိုတာပေါ်လာတဲ့ ဒုက္ခဝေဒနာကို
သည်းညည်းခံပြီး မှတ်ဖို့ပြောတာ။
သည်းညည်းခံနိဗ္ဗာန်ရောက် ဆိုတာ ဒီနေရာမှာ ပြောတာ။
တော်ရုံတန်ရုံဆိုရင် သည်းညည်းခံပါ။
၁ နာရီ၊ ၂ နာရီလောက်ကို သည်းညည်းခံ ပြီးတော့ ကြိုးစားမှတ်ပါ။
ချက်ချင်းကြီးတော့ မရဘူးပေါ့။ တဖြည်းဖြည်း လေ့ကျင့်သွားရင် ရတာပဲ။
ဘာဖြစ်လို့ သည်းညည်းခံခိုင်းသလဲဆိုတာ ခန္ဓာ့အကြောင်း သိအောင်လို့…။
ခန္ဓာအကြောင်းကို ကိုယ်တွေ့သိအောင်လို့
စာအုပ်တွေဖတ်ပြီး သိတာမျိုး၊
တရားနာပြီး သိတာမျိုး မဟုတ်ဘူး။
ခန္ဓာကိုယ်ကြီး ငြိမ်ပြီးထိုင်နေတဲ့အခါကျတော့
နာတာတွေ၊ ကျဉ်တာတွေ၊ ကိုက်တာတွေ၊
ခဲတာတွေ၊ ယားတာတွေ မပေါ်ဘူးလား သူတော်ကောင်းတို့။
အဲဒါတွေကို တွေ့လို့ ရှုမှတ်နေတော့ ခန္ဓာကိုယ်ကြီး နှိပ်စက်တယ်ဆိုတာ
ကောင်းကောင်းသိလာတယ်။
အဲဒါ ဒုက္ခသစ္စာကို ကိုယ်တွေ့သိတာပဲ။
အဲဒါ သူများပြောလို့ သိတာမဟုတ်ဘူး၊
ကိုယ်တိုင်သိတာ၊ ကိုယ်မှာတွေ့တဲ့ တရား။
ကိုယ်တွေ့တရားဆိုတာ အဲဒါကို ပြောတာ။
အဲဒါကြောင့် အားထုတ်တဲ့အခါမှာ
သည်းညည်းခံပြီး တင်းတင်းရင်းရင်း အားထုတ်၊
သင်တန်းတွေ တက်ပြီး တော့လည်း သွားသင်၊
မျှမျှတတယူနော် သူတော်ကောင်းတို့…။
ကိုယ်က အားတော့ထုတ်တယ်၊ သင်မထားဘူးဆိုပါတော့၊
မဟာစည်ယောဂီတို့၊
သဲအင်းယောဂီတို့ အလုပ်ကတော့ အရမ်းလုပ်ပါတယ်။
ထိုင်တုန်းမှာတော့ အသေအလဲ ထိုင်လိုက်တာပဲ။
ဒါပေမယ့် အဲဒီလိုမျိုးတွေ သင်ယူလေ့လာမထားတဲ့ အခါကျတော့
တရားဖြုတ်တဲ့အခါမှာ အကုန်လုံး လွတ်ပစ်လိုက်ရော။
အဲဒီလို တရားတွေ လွတ်ပစ်လိုက်တော့ ကောင်းပါတော့မလား။
★ အဲဒီတော့…သူများတွေ ကဲ့ရဲ့တာပေါ့ဗျ။
★ ငါးမိနစ်တောင် မထိုင်တဲ့သူတွေက ကဲ့ရဲ့တာပေါ့။
★ တကယ်လုပ်ခဲ့တဲ့သူတွေကို ဟန်ဆောင်ပန်ဆောင်သမားတွေက ကဲ့ရဲ့တာပေါ့။
တကယ်လုပ်ခဲ့တာတွေ အားလုံး အလကားဖြစ်ရော။
အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းမတက်လို့။
ဘယ်သင်တန်းဖြစ်ဖြစ် တက်ရမယ်။
ကိုယ်ဗဟုသုတ ရအောင် တက်ရမယ်။
သင်တန်းတက်ထားတဲ့ အခါကျတော့
ကိုယ်လုပ်တဲ့အလုပ်နဲ့ တက်ထားတဲ့သင်တန်း မျှယူလို့ရတယ်။ ဒါဟာ လမ်းမှန်ပဲ။
ယောဂီတို့ အခုနေအခါမှာ ကြိုးစားထိုင်ကြ၊
လူမမာဖြစ်လာရင် ထိုင်နိုင်ပါအုံးမလား။
လူမမာဖြစ်လာရင် ဆေးတွေကထိုး၊
ဆေးတွေကသောက်တော့ အိပ်ချင် မူးတူးဖြစ်ရော၊
ဘယ်လိုမှ ထိုင်လို့ မရဘူး။
အိပ်ဆေးတွေလည်း ထိုးထားတော့ မူးနောက်နေတာပဲ။
ဘုန်းကြီးတို့လည်း ကိုယ်တိုင်လူမမာဖြစ်လို့ ဆေးရုံတက်ဖူးတယ်။
ဆေးတွေနဲ့ မူးနောက်ပြီးတော့
လူက အပျင်းတစ်သလို ဖြစ်နေရော။
အဲဒီလို အခါမျိုးမှာ ခါးမတ်မတ်ထားထိုင်လို့တောင် မရဘူး။
ဘယ်လိုမှ မှတ်လို့ မကောင်းတော့ဘူး။
အဲဒါကြောင့် သွားနိုင်၊ လာနိုင်၊ လုပ်နိုင်၊ ကိုင်နိုင်တုန်းမှာ
သေသေချာချာ ကြိုးစားထားကြ၊
ကျန်းမာရေး မကောင်းရင် ထိုင်မှတ်လို့တောင် မလွယ်ဘူး.....။
…(၁၅.၁၂.၂၀၀၇)၊ စနေနေ့၊ မာလာမြိုင် (၇)လမ်း၊ မိသားစု ဓမ္မသဘင်တွင် မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ (လိမ္မော်ခြံ-တိုက်ကြီး) ဟောကြားအပ်သော “အနေတတ်၍ အသေမြတ်ရန် နည်းလမ်း” တရားတော် ဓမ္မမိတ်ဆွေများ အားလုံးသို့ ပူဇော် ဓမ္မဒါနပြုပါသည်။
Post by , Ma Mee Ku
No comments:
Post a Comment