“ဝိတက္က သဏ္ဌာနသုတ်” လာ အကုသိုလ်အတွေးပယ်နည်း ငါးနည်း
ဝိတက္က သဏ္ဌာနသုတ် ဆိုတာ ကိုယ့်ရင်ထဲကို
အကုသိုလ် တရားတွေဝင်လာရင် အကြောင်းငါးပါးနဲ့ ပယ်ပုံကို
ဟောပြထားတဲ့သုတ်ပါ။ “ရာဂ၊ ဒေါသ၊ မောဟ၊ ဣဿာ၊ မစ္ဆရိယ”
စတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်း
တရားငါးပါးကို နှလုံးသွင်းပြီး ပယ်ဖျောက်ပစ်ရမှာပါ။
အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။
၁။ ကုသိုလ် တရားကို ဆင်ခြင်ပါ။
••••••••••••••••••••••••
၁။ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ
ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။
ပါဠိတော် မှာတော့ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေပြောင်းပြီး
ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ
ဆိုတာတော့ ပြမထားပါဘူး။ ဒါကို အဋ္ဌကထာက
ကုသိုလ်နဲ့ စပ်ယှဉ်တာတွေကို ဖွင့်ပြပေးပါတယ်။
“ရာဂ” ဖြစ်လာရင် “အသုဘ ဘာဝနာ” နှလုံးသွင်းပြီး ဖျောက်ပါတဲ့။
“ဒေါသ” ဖြစ်လာရင် “မေတ္တာ” ပွါးပြီးဖျောက်ပါတဲ့။
ဒီကဏ္ဍမှာပဲ မဟာစည် ဆရာတော် ဘုရားကြီးက
“ဘယ်ကိလေသာ မဆို ဖြစ်ပေါ်လာရင် သမထ တစ်ခုခုကို
နှလုံးသွင်းပြီး ဖျောက်ရပါမယ်” လို့ မိန့်ထားပါတယ်။
ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။
ဒီတော့ ဆရာတော် ဘုရားကြီး မိန့်မှာတာကို
အာရုံပြုပြီး အကုသိုလ် ကိလေသာစိတ် တစ်ခုခု
ဝင်လာတဲ့ အခါ ကိုယ်အားသန်ရာ သမထ ကုသိုလ်
တစ်ခုခုကို ပွါးပြီးပယ် လိုက်လို့လည်း ရပါတယ်။
ဥပမာ- အကုသိုလ်စိတ် တစ်ခုခုဝင်လာတာနဲ့
အရဟံဂုဏ်တော်လေး ပဲဖြစ်ဖြစ်၊ ပွါးနေ လိုက်ရင်လည်း
ပျောက်သွားတာများပါတယ်။ ဒါမှမဟုတ်
“ ငါသည် မုချဧကန် သေရမည်။
ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်းသည်မြဲ၏”လို့
မရဏာ နုဿတိကို ထပ်ကာ ထပ်ကာ
ပွါးနေလိုက်လို့လည်း ရပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ်
သေခြင်း တရားအကြောင်းကို တွေးလိုက်ရင်
အကုသိုလ်စိတ် ဖြစ်ချင်စရာမရှိတော့ပါဘူး။
၂။ အပြစ်ကို ဆင်ခြင်ပါ။
••••••••••••••••••••••••
ကုသိုလ် တရားတွေ နှလုံးသွင်းလို့မှ မပျောက်ရင်
အကုသိုလ် ရဲ့အပြစ်ကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။
ရင်ထဲမှာ အကုသိုလ် စိတ်ဖြစ်လာရင်
“ဒီအကုသိုလ် တွေဟာ အပါယ်လေးပါးကို ကျသွားနိုင်တယ်၊
စားရမဲ့ သောက်ရမဲ့ ပြိတ္တာလည်း ဖြစ်သွားနိုင်တယ်။
သုဂတိ ဘဝကိုလည်း မရောက်နိုင်ဘူး။
သံသရာ ခရီးတစ်လျှောက် ဘဝကို ကမောက်ကမ ဖြစ်သွားနိုင်တယ်”
စသည်ဖြင့် ဆင်ခြင်ပြီး ဖျောက် ရပါမယ်။
လူတွေဟာ အကုသိုလ် လုပ်ရမှာသာ မကြောက်တာ၊
အကုသိုလ်ရဲ့ အပြစ်ခံရမှာတော့ လူတိုင်း ကြောက်ကြ ပါတယ်။
အသိ တစ်ယောက် ကတော့ ဘုရားရှိခိုး ပြီးတိုင်း
“ငရဲနှင့် ဆင်းရဲ ကင်းလွတ်ရ ပါလို၏”လို့ အမြဲ ဆုတောင်း ပါသတဲ့။
ရင်းနှီး နေတာနဲ့ စာရေးသူက ပြန်ပြော လိုက်ပါတယ်။
“ညညကျတော့ ခြင်ရိုက်တဲ့ လျှပ်စစ် ဘက်တံကြီး နဲ့
ခြင်တွေ သတ်သတ် နေပြီးတော့ လွတ်ပါလိမ့်မယ်
ငရဲနဲ့ ဆင်းရဲ”လို့ ပြောမိပါတယ်။
ငရဲနဲ့ ဆင်းရဲ ကိုတော့ လူတိုင်း ကြောက်ကြပါတယ်။
အထူးသဖြင့် ငရဲကိုတော့ ပိုလို့တောင် ကြောက်ကြ ပါသေးတယ်။
ဒါကြောင့် အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို
ဆင်ခြင်လိုက်လို့လည်း ရပါတယ်။
ငရဲကိုဆင်ခြင်၊ သံဝေဂ ဖြစ်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ
ရဟန္တာ ဖြစ်သွားတဲ့ သီဟိုဠ်ဇာတ်လမ်းလေး တစ်ပုဒ်ကို
ပြောပြချင် ပါသေးတယ်။
တခါတုန်းက သီဟိုဠ် ကျွန်းမှာ “မိလက္ခ”ဆိုတဲ့
မုဆိုးကြီးတစ်ယောက်ရှိပါတယ်။ သူက မိသားစုအတွက်
မုဆိုးလုပ်ပြီး ကျွေးပါတယ်။ ဒါတင်မကပါဘူး
တောထဲ သွားတဲ့အခါ တောထဲမှာပဲရတဲ့ သားကောင်တွေကို
ဖုတ်ကင် စားသောက်လေ့ရှိပါတယ်။
တစ်နေ့တော့ သားကောင်တွေ ဖုတ်ကင် စားသောက်ပြီး ရေဆာလို့
အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဝင်ပါတယ်။
ရေအိုးကို ဖွင့်လိုက်တော့ ရေက တစ်စက်မှမရှိပါဘူးတဲ့။
ဒီတော့ မုဆိုးကြီးက ဘာပြောလိုက်သလဲ ဆိုတော့
“ ရဟန်းတွေက ခရီး သွားတွေ အတွက် ရေလေးတောင်
ထည့်မထားကြဘူး။ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမ
လှူတာစားပြီး အိပ်နေကြတာပဲ”လို့ အသံထွက် ကဲ့ရဲ့ လိုက်ပါတယ်။
ဒါကို ကျောင်းထိုင် မထေရ်က ကြားပြီး ရေအိုးကို
ဖွင့်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေတွေ အပြည့်ရှိ နေပါသတဲ့။
မထေရ်က “အင်း… လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ”
ဆိုပြီး ရေကို ကိုယ်တိုင် တိုက်ပေးပါတယ်။
အကုသိုလ် ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။
တစ်ဆင့် ကြားဖူးတာပါ။ တစ်ခါတုန်းက အင်းသူကြီး
တစ်ယောက် ရန်ကုန်မြို့ ကိုလာရင်း ရွှေတိဂုံ စေတီကို
တက်ဖူးပါသတဲ့။ ဒါပေမယ့် ရင်ပြင်ပေါ် ရောက်တော့
ရွှေတိဂုံကို မမြင်ရပါဘူးတဲ့။ ဒီတော့ အင်းသူကြီးက
နယ်ပြန်ရောက်တဲ့ အခါ ချောင်းထဲက သူ့အင်းတိုင်တွေကို
“ဒီ အင်းတိုင်တွေက ငါတို့ မိသားစုကို ထမင်းကျွေးတာပဲ”
ဆိုပြီး အင်းတိုင်တွေကို ရွှေချထားပါသတဲ့။
အကုသိုလ်ကံတွေ သိပ်များလာရင် သဘာဝတရားတွေက
ပုံမှန်အတိုင်း ဖြစ်နေပေမယ့် သူတို့ အတွက်တော့
ပြောင်းပြန် ဖြစ်ချင် ဖြစ်နေတတ်ပါတယ်။
အပြင်မှာ ဘယ်လောက်ပဲ အေးနေ အေးနေ
သူတို့ အတွက်ပူချင် ပူနေတာပါ။
မိတ်ကောင်း ဆွေကောင်းတွေက တရား စကားတွေနဲ့
ဘယ်လောက်ပဲ ဖေးမ ဖေးမ၊ မတရားစကား လို့ပဲ
ထင်နေတော့တာပါ။ ဘယ်သူ့ကို မှလည်း အကောင်း
မမြင်တော့ပါဘူး။ ကိုယ့်မှာ တရားနဲ့ဖေးမ,ပေးတဲ့
မိတ်ကောင်း ဆွေကောင်းလည်း သိပ်လိုအပ်ပါတယ်။
မိတ်ကောင်း ဆွေကောင်းဆိုတာ ငွေထက်တန်ဖိုးရှိပါတယ်။
အချိန်မီ သိပြီး အချိန်မီ ကုစားနိုင်ဖို့ သိပ်အရေးကြီး ပါတယ်။
အကုသိုလ် နွံနစ်သွားရင် ကယ်ဖို့ခက်သွားပါပြီ။
ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရတော့တာပါ။
ကျောင်းထိုင် မထေရ်က မုဆိုးကြီးကို ရေတိုက်ပြီး
“ဒကာ… သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက
ကြောက်စရာကြီး၊ သင်လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ
ကိုယ့်ဟာကိုယ် စဉ်းစားပေတော့”လို့ မိန့်ပါတယ်။
မုဆိုးကြီးလည်း ကြောက်လန့်သွားပြီး တောထဲမှာ
ထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။
အိမ်ပြန် ရောက်တဲ့ အခါမှာလည်း မိထား၊
လှောင်ထားတဲ့ သားကောင်တွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။
ခွင့်ပြုချက် ရတာနဲ့ တရား ဟောလိုက်တဲ့ မထေရ်ဆီ
ပြန်လာပြီး ရဟန်း ဝတ်လိုက်ပါတယ်။ ရဟန်း ဝတ်ပြီး
ဝိပဿနာ တရားကို ကြိုးကြိုး စားစား အားထုတ်ပါတယ်။
ဒါပေမယ့် တရားထိုင် တဲ့အခါ မုဆိုးဘဝက သတ်ခဲ့ဖြတ်ခဲ့တာတွေ
အကုန်ပြန်ပေါ်နေလို့ တရားကို ဘယ်လိုမှ
အားထုတ်လို့ မရဘူးဖြစ်နေပါတယ်။
နောက်ဆုံး စိတ်ဓာတ် ကျပြီး လူထွက်တာပဲ
ကောင်းပါတယ် ဆိုပြီး မထေရ်ထံ လူပြန်ထွက်ပေးဖို့
ခွင့်တောင်းပါတယ်။ ဒီတော့ မထေရ်က မုဆိုး
ဦးဇင်းကြီးကို ငရဲအကြောင်း ဟောပြပါတယ်။
ပြီးတော့ “သင်လူထွက် ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်”
လို့ ဟောလိုက်ပါတယ်။
မုဆိုး ဦးဇင်းကြီးကလည်း “အဲဒီငရဲကို ကြည့်လို့ မရဘူးလား”
လို့ လျှောက်ပါတယ်။ ကျောင်းထိုင် မထေရ်က
“ငရဲတော့ ကြည့်လို့ မရဘူး၊ တခြား တစ်နည်းနဲ့ ပြတာပေါ့”
ဆိုပြီး ကိုရင်တွေကို သစ်သား ထင်းအစိုတွေ
အများကြီး ရှာခိုင်းပြီး ကျောက်ဖျာပေါ်မှာ ပုံခိုင်း လိုက်ပါတယ်။
တန်ခိုးနဲ့ ငရဲကနေ မီးပွါးလေး တစ်ခုယူပြီး ထင်းအစိုပုံကြီးပေါ်
ပစ်ချလိုက်တာ တစ်ခါတည်း ထင်းအစိုပုံကြီး ပြာ ဖြစ်သွား ပါတယ်။
ဒါကို မြင်လိုက်ရတော့ မုဆိုး ဦးဇင်းကြီး ငရဲကို
ပိုကြောက်သွားပါတယ်။ လူမထွက်တော့ဘူးဆိုပြီး
တရားကို ကြိုးကြိုးစားစား ပြန်အားထုတ်ပါတော့တယ်။
ညပိုင်းမှာ သိပ်အိပ်ငိုက်လာရင် ကောက်ရိုး
ကရွတ်ခွေကြီးလုပ်ပြီး အဲဒီ ကောက်ရိုး ကရွတ်ခွေကြီးကို
ရေစိမ်၊ ရေတွေ တစ်စက်စက် ကျနေတဲ့ ကရွတ်ခွေကြီးကို
ခေါင်းပေါ်တ င်ထားလိုက်ပါတယ်။
ဒီတော့ အိပ်ချင်စိတ်တွေ ပျောက်သွားပါတယ်။
ဆက်လက်ပြီး အားထုတ်လိုက်တာ
ရဟန္တာ ဖြစ်သွားပါတော့တယ်။
ငရဲကို ဆင်ခြင် လိုက်လို့ ရဟန္တာ ဖြစ်သွားတာတော့
မဟုတ်ပါဘူး။ “ဝိပဿနာအစ သံဝေဂက”
ဆိုတဲ့အတိုင်း ငရဲကို ဆင်ခြင်၊ ဆင်ခြင်မှုက
တဆင့် သံဝေဂဖြစ်။ သံဝေဂကို အခြေခံပြီး
ဝိပဿနာ ရှုမှတ်လိုက်တာ တရားထူး ရသွားတဲ့ သာဓကတစ်ခုပါ။
ငရဲကို ဆင်ခြင်လိုက်တာနဲ့ သံဝေဂဖြစ်၊
ရဟန္တာတောင် ဖြစ်သွားသေး တာဆိုတော့
အကုသိုလ်စိတ် ပျောက် ဖို့လောက်တော့
ကောင်းကောင်းကြီး အကူအညီ ပေးနိုင်ပါတယ်။
ဒီသာဓကကို ထောက်ပြီး အကုသိုလ်စိတ် ဖြစ်လာရင်
ငရဲကို ဆင်ခြင်ပြီး ဖျောက်လို့ လည်း ရပါတယ်။
၃။ နှလုံးမသွင်းပါနဲ့။
•••••••••••••••••••
နံပါတ်(၃) က “အကုသိုလ် အပြစ်”ကို ဆင်ခြင်လို့မှ
မပျောက်ရင် အဲဒီအကုသိုလ်စိတ်ကို နှလုံးမသွင်းပါနဲ့တဲ့။
နှလုံးမသွင်း ပါနဲ့ရဲ့ နောက်မှာ အဋ္ဌကထာက
တစ်ခြား အာရုံကို ဖြစ်စေလိုက်ပါတဲ့။
တချို့ အတွေးတွေဟာ တွေးလိုက်ရင်ကုသိုလ်ဖြစ်ပါတယ်။
တချို့ အတွေး တွေကျတော့ တွေးလိုက်ရင်
အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ် ဖြစ်တဲ့ အတွေးကိုမှတ်ထားပြီး
မတွေး မိအောင်နေရမှာပါ။
နှလုံး မသွင်းပါနဲ့၊ မတွေးပါနဲ့ ဆိုပေမယ့်
တွေးချင် တွေးနေမှာပါ။ စိတ်ကို ထိန်းချုပ်ဖို့ သိပ်ခက်ပါတယ်။
ဒီတော့ အကုသိုလ် အတွေးကို တခြား
အာရုံတစ်ခုနဲ့ အစားထိုးပေးရမှာပါ။
တချို့ ကျတော့လည်း မကျေနပ်တဲ့ အာရုံကို သေချာပုံဖေါ်
သေချာ နှလုံးသွင်းပြီး အကုသိုလ်ဖြစ်နေတာပါ။
နှလုံးသွင်းလေ အကုသိုလ်စိတ် ဖြစ်လေပါပဲ။
နှလုံး မသွင်းရင်အကုသိုလ်စိတ် မဖြစ်ပါဘူး။
ဒီနှလုံးမသွင်းပါနဲ့ ကဏ္ဍကို အဋ္ဌကထာမှာ
အဆင့်ဆင့်အကျယ်ဖွင့်ပြထားတာ အကုသိုလ်
စိတ်ပယ်ချင်သူတွေ အတွက် သိပ်စိတ်ဝင်စားဖို့ ကောင်းတာပါ။
နှလုံးမသွင်းပါနဲ့တဲ့။ အဲဒီလိုမှ မပျောက်ရင်
ကမ္မဋ္ဌာန်း အပေါ်ကျေးဇူးများတဲ့ ပါဠိကို
အသံခပ် ကျယ်ကျယ်နဲ့ ရွတ်ပစ်လိုက်ပါတဲ့။
ခပ်တိုးတိုးတောင် မဟုတ်ပါဘူး။ အသံကျယ်ကျယ်နဲ့ ရွတ်ရမှာပါ။
ဒါကို ထောက်ပြီး အကုသိုလ်စိတ်ဝင်လာရင်
ရထားတဲ့ ပါဠိကို လမ်းကို ရှေ့နောက် အပြန်ပြန်
လျှောက်ပြီး ရွတ်နေ လိုက်ရုံပါပဲ။
ဥပမာ . . . ဒိဝါတပတိ ဂါထာရွတ်နေကျ ဆိုရင်လည်း
လမ်းလျှောက်ရင်း အခေါက် တစ်ရာလောက် ရွတ်ပစ် လိုက်ပေါ့။
စာမှာ ပြထားတဲ့ အတိုင်း အသံကျယ်ကျယ်နဲ့ ရွတ်ပေးရမှာပါ။
အခေါက် တစ်ရာ ပြည့်သွားတဲ့အခါ အကုသိုလ်လည်းပျောက်၊
ကုသိုလ်လည်း ရောက်ပါပဲ။ အကျိုးနှစ်ခုရတော့တာပါ။
အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊
တရားဂုဏ် အကြောင်းတွေ ရေးထားတဲ့စာအုပ်တွေ
ဖတ်လိုက်ပါတဲ့။
ဆရာတော် အရှင်ဇနကာ ဘိဝံသရဲ့ “ရတနာ့ဂုဏ်ရည်”၊
“ကိုယ်ကျင့် အဘိဓမ္မာ” ၊ ဦဇင်းအရှင်ဆန္ဒာဓိကရဲ့
“လိုတရ နှလုံးသား”စသည်ဖြင့် အများကြီးပါပဲ။
စိတ်က စာထဲရောက် သွားတာနဲ့
အကုသိုလ်က ပျောက်သွားတာပါပဲ။
တချို့ ဆို စာအုပ် တစ်အုပ် ဖတ်ပြီး ဘဝ တစ်ခုလုံးတောင်
ပြောင်းသွား သေးတာဆိုတော့ အကုသိုလ်စိတ်
ပျောက်ဖို့ လောက်တော့ မခက်ပါဘူး။
ဒီတော့ အကုသိုလ်ဝင်လာရင် စာဖတ်လိုက်ပါ။
ဒီနေရာမှာ အဋ္ဌကထာ ဆရာက အကုသိုလ်စိတ်
ဝင်လာတဲ့ အခါ ဝေယျာဝစ္စ တစ်ခုခုကို ထလုပ်လိုက်လို့
အကုသိုလ်စိတ် ပျောက်သွား ပုံလေးကို သီဟိုဠ်ဝတ္တုလေး
တစ်ပုဒ်နဲ့ သာဓက ပြထားပါသေးတယ်။
အဲဒီ ဝတ္ထုလေးက စာရေးသူရဲ့ “ကုသိုလ်ဖြစ်အောင်တွေးမယ်”
စာအုပ်ထဲမှာ ပါပြီးသားဆိုတော့ ခပ်ကျဉ်းကျဉ်းပဲ ရေးပြရအောင်ပါ။
တစ်ခါတုန်းက သီဟိုဠ် ကျွန်းမှာ ကိုရင်တိဿ ဆိုတဲ့
ကိုရင် တစ်ပါးရှိပါတယ်။ တစ်နေ့တော့ ကိုရင် တိဿဟာ
အကုသိုလ် ကာမ ဝိတက်တွေ ဝင်လာပြီး
လူထွက်ချင်စိတ် ပေါက်လာပါတယ်။
ဒါကြောင့် ဆရာ ဥပဇ္ဈာယ်ကို လူထွက်ချင်ကြောင်း
သွားလျှောက်ပါတယ်။ ဆရာက “ကိုရင်တိဿရယ်
သင်လူထွက် လိုက ထွက်ပါ။ တို့မတား ပါဘူး။
ဒါပေမယ့် တို့နေတဲ့ အရပ်ဟာ ချိုးရေရှားတယ်။
ရေပေါတဲ့ စိတ္တရ တောင်ဘက်ကို ပို့ပေးပါဦး”လို့ မိန့်ပါတယ်။
ကိုရင် တိဿလည်း ရေပေါတဲ့ စိတ္တရတောင် ဘက်ကို ပို့ပေးပါတယ်။
စိတ္တရ တောင်ရောက်တော့ ဆရာက တစ်ခါ
“ဒီစိတ္တရတောင်မှာရှိ တဲ့ကျောင်းတွေဟာ အများပိုင်ကျောင်း တွေ၊
သံဃိက ကျောင်း တွေဆိုတော့ အစစအရာရာ ဆင်ခြင်နေရတယ်။
ဒါကြောင့် ကိုယ်ပိုင် ကျောင်းလေး တစ်ကျောင်းတော့ လိုချင်တယ်။
လူမထွက်ခင် ဆောက်ပေးခဲ့ပါဦး”လို့ ထပ်မိန့်တော့
ကိုရင်တိဿလည်း ဆရာကို နောက်ဆုံး ကျေးဇူးဆပ်ခြင်း
ဆိုပြီးကျောင်းငယ်လေးကို ကိုယ်တိုင် ဆောက်ပေးပါတယ်။
ကျောင်းဆောက်ရင်း တေဇော ကသိုဏ်းလည်းပွါး၊
သံယုတ္တနိကာယ်ကို လည်းရွတ်ဖတ် နေပါတယ်။
ကျောင်းပြီးတော့ ဆရာကို ခေါ်ပြပါတယ်။
ဆရာက “ကိုရင်တိဿရယ် သင့်ကျောင်းလေးက
သိပ်ကောင်းတာပဲ၊ ဒီ တစ်ညတော့ သင်ဆောက်တဲ့
ကျောင်းလေးမှာ သင်ပဲ အိပ်လိုက်ပါဦး၊ ပြီးတော့ လူမထွက်ခင်
ဝိပဿနာတရား ကိုလည်း ကျောင်းလေးထဲမှာ ပွါးများလိုက်ပါဦး”
လို့ မိန့်ပါတယ်။ ကိုရင် တိဿလည်း တရားတွေ ပွါးများလိုက်တာ
နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတော့တယ်။
အဋ္ဌကထာ ဆရာက အကုသိုလ်ဝိတက်တွေ
ဝင်လာတဲ့အခါ ဝေယျာဝစ္စ ကျောင်းဆောက်မှုကို
လုပ်လိုက် တာ အကုသိုလ် ဝိတက်တွေ ပျောက်ပြီး
ရဟန္တာဖြစ်သွားပုံကို ပြထားတာပါ။
ကိုယ်က ဒီသာဓက လေးကို ထောက်ပြီး
အကုသိုလ် စိတ်ဝင်လာတဲ့အခါ ဝေယျာဝစ္စ
တစ်ခုခုကို ထလုပ်လိုက် ဖို့ပါ။ အဝတ်လျှော်တာ၊
တံမြက်စည်း လှည်းတာ၊ ဘုရားပန်းအိုး လဲတာ
စသည်ဖြင့်ပေါ့။
မန္တလေးက ဒကာမ တစ်ယောက်ကတော့ စိတ်ဆိုး
ဒေါသ ထွက်လာရင် ဘီဒိုထဲမှာ ခေါက်ထားတဲ့ အဝတ်
တွေကို အကုန် ဆွဲချလိုက် ပါသတဲ့။
ပြီးတော့ ဖွပစ်လိုက်ပါသတဲ့။
ပြီးမှ တစ်ထည်ချင်းပြန်ခေါက်ပါသတဲ့။
ဘီဒို တစ်လုံးစာ ခေါက်ပြီးသွားရင်
စိတ်ဆိုး ဒေါသတွေ ပြေသွားပါသတဲ့။
သူရဲ့ အကုသိုလ် ပယ်နည်းကလည်း မှတ်သားစရာပါပဲ။
အဓိက ကတော့ ဝင်လာတဲ့ အကုသိုလ် ပျောက်သွားဖို့ပါပဲ။
ကိုယ်ကြိုက်ရာ နှစ်သက်ရာ အလုပ်တစ်ခုကို ထလုပ် လိုက်ဖို့ပါ။
အကုသိုလ် အာရုံနေရာမှာ တခြား အာရုံ
တစ်ခုနဲ့ အစားထိုး လိုက်တဲ့သဘောပါ။
ဒီနှလုံး မသွင်းပါနဲ့ ဆိုတဲ့ ကဏ္ဍမှာပဲ မဟာစည်
ဆရာတော် ဘုရားကြီးက - ရှုမှတ်မှုကို ခဏရပ်ထားပြီး
နှစ်နာရီ သုံးနာရီ လောက်ပဲ ဖြစ်ဖြစ် နေ့ဝက်ပဲ ဖြစ်ဖြစ်၊
တစ်နေ့ ပဲဖြစ်ဖြစ် မေ့မေ့ ပျောက်ပျောက် အတူတူ
နေပုဂ္ဂိုလ်တွေနဲ့ အလွတ် စကားပြော နေလိုက်ပါတဲ့။
ဒီတော့ အကုသိုလ် ဝင်လာရင် မိတ်ဆွေ
တစ်ယောက်ယောက်ဆီ ဖုန်းဆက်လို့ပဲဖြစ်ဖြစ်၊
သွားလို့ပဲဖြစ်ဖြစ် အလွတ်စကားတွေ အေးအေး
ဆေးဆေး ပြောနေလိုက်ပေါ့။ စိတ်က စကားထဲမှာပဲ
ရောက်နေတဲ့ အတွက် ဖြစ်နေတဲ့ အကုသိုလ်ကို
အာရုံ မရောက်တော့ပါဘူး။
ဒါမှ မဟုတ်ရင်လည်း စေတီကိုသွားဖူးလိုက်ပါတဲ့။
ဒီတော့ အကုသိုလ် စိတ်ဖြစ်လာရင်
ရွှေတိဂုံစေတီပဲ ဖြစ်ဖြစ်၊ ဆူးလေ စေတီပဲံဖြစ်ဖြစ်၊
မဟာမြတ်မုနိ ပဲဖြစ်ဖြစ်၊ ကိုယ့်မြို့မှာ ရှိတဲ့
စေတီတစ်ဆူဆူပဲ ဖြစ်ဖြစ် သွားဖူးလိုက်ဖို့ပါ။
နောက် ဆရာတော်ကြီးက ရေချိုးပါ၊
အဝတ်လျှော်ပါတဲ့။ နောက်ဆုံး အိပ်လိုက
မရှုမှတ်တော့ဘဲ အိပ်ပစ်လိုက်ပါတဲ့။
ဆရာတော် ဘုရားကြီးက အကုသိုလ်ကို
ရှုမှတ်မှုနဲ့ မပယ်နိုင်ရင်တောင် တစ်ခြား ရတဲ့နည်း တစ်ခုခုနဲ့
ပယ်ပစ်နိုင်ဖို့ မိန့်ပြ ထားတာပါ။
ဆရာတော် ဘုရားကြီးရဲ့ “မေတ္တာကရုဏာ” တော်ပါပဲ။
အကုသိုလ် ဖြစ်လာရင်တော့ ဘယ်နည်းနဲ့ ဖြစ်ဖြစ်
ရတဲ့နည်းနဲ့ ပယ်ပစ်နိုင်ဖို့ပါပဲ။
အကုသိုလ်စိတ်ဖြစ်ပုံခြင်း ကတော့ တစ်ယောက်နဲ့
တစ်ယောက် မတူညီနိုင်ပါဘူး။
အကုသိုလ် ပယ်နည်းတွေ အများကြီး ရှိပေမယ့်
ပယ်တဲ့ နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်
သပ္ပယသင့်ပုံခြင်း မတူနိုင်ပါဘူး။
ဘယ်လိုပုံစံနဲ့ ပဲဖြစ်ဖြစ် အရ ကောက်လိုက်တော့
အကုသိုလ် ကတော့ အကုသိုလ်ပါပဲ။
အကုသိုလ် စိတ်တစ်ခု ဝင်လာရင် တချို့ကျတော့
ဂါထာရွတ် လိုက်ရင် ပျောက်သွားပါတယ်။
တချို့ ကျတော့ ဝေယျာဝစ္စ တစ်ခုခု လုပ်လိုက်ရင်
ပျောက်သွားပါတယ်။ တချို့ကျတော့ ဘုရားစေတီ
သွားဖူးလိုက်ရင် ပျောက်သွားပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယသင့်ပုံခြင်း
မတူတော့ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ နည်းနဲ့ ပယ်ရမှာပါ။
ဒီတော့ ကိုယ်နဲ့ သပ္ပါယ သင့်တဲ့နည်းကို
သိထားဖို့ သိပ် အရေးကြီး ပါတယ်။
အကုသိုလ်စိတ် ဝင်လာတဲ့အခါ နည်း မျိုးစုံနဲ့ စမ်းကြည့်ပေါ့။
ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းကို မှတ်ထားလိုက်ဖို့ပါ။
နှလုံးမသွင်းပါနဲ့ ဆိုတဲ့ ကဏ္ဍမှာတော့ အဋ္ဌကထာမှာကော၊
မဟာစည် ဆရာတော်ဘုရားကြီး ကကော အကျယ် ဖွင့်ပြထားပါတယ်။
ဒီမှာတော့ လူနဲ့ ဆိုင်တာတွေ လောက်ပဲ ခပ်သင့်သင့် ရေးပြလိုက်ပါတယ်။
၎။ အကြောင်းကိုရှာပါ။
••••••••••••••••••••••••
၎။ နှလုံးမသွင်း ဘဲနေလို့မှ မပျောက်ရင် အကုသိုလ်
ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ကို ရှာပြီး ဖျောက်ပါတဲ့။
အဋ္ဌကထာက အကြောင်းရင်း ရှာပုံကို
ဇာတ်ဝတ္ထု လေးနဲ့ ပြထားပါတယ်။
အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။ ထန်းပင်တွေနဲ့ ရောနေတဲ့
ဥသျှစ်ပင်အောက်မှာ ယုန်တစ်ကောင် ဝပ်နေတုန်း ဥသျှစ်သီး
ကြွေကျတာကို မြေပြိုပါပြီ ဆိုပြီး ထွက်ပြေးကြတဲ့ ဝတ္ထုပါ။
သတ္တဝါတွေ အဆင့်ဆင့် ပြေးရင်း နောက်ဆုံး
ဘုရားအလောင်း ခြင်္သေ့မင်းက ဥသျှစ်သီး ကိုပြပြီး
မြေပြိုတာ မဟုတ်ဘူး၊ ဥသျှစ်သီး ကြွေကျတာလို့ ပြောပြတဲ့
ဝတ္ထုလေးပါ။
အဋ္ဌကထာ ဆရာက ဘုရားအလောင်းဟာ
အကြောင်းရင်း ရှာပြလိုက်တဲ့အတွက် သတ္တဝါတွေ
ချမ်းသာ သွားရသလို အကုသိုလ်ဖြစ်လာရင်
အကြောင်းရင်း ရှာဖျောက်ပါလို့ ဥပမာ သာဓကနဲ့ ရှင်းပြထားပါတယ်။
တစ်ခါတလေ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက
သေးသေးလေးပါ။ ကိုယ်က ပုံကြီးချဲ့တွေးပြီး ခံစားနေလို့
အကုသိုလ်က ကြီးသထက်ကြီး နေတာပါ။
အကြောင်းရင်း သိရတဲ့အခါ ခပ်ပါးပါး လေးရယ်ပါ။
ခွင့်လွှတ် မယ်ဆိုရင် ခွင့်လွှတ်လို့ရတဲ့ အရာလေးပါ။
တစ်ခါတလေ ကျတော့လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ်
အထင်မှားနေတာ လည်း ရှိပါတယ်။
တကယ်တမ်းကျတော့ ကိုယ်ထင်သလို မဟုတ်ပါဘူး။
အကြောင်းရင်းကို သိလိုက်ရတော့
ဘာမှလည်း မဟုတ်တော့ပါဘူး။
အကုသိုလ်ဖြစ်တာပဲ အဖတ်တင်ပါတယ်။
၅။ သွားအံကိုကြိတ်ပါ။
••••••••••••••••••••
၅-က အကြောင်းရင်း ရှာလို့မှ မပျောက်ရင် သွားတွေ
အံတွေကြိတ်ပြီး ဖျောက်ပါတဲ့။
လျှာနဲ့ အာခေါင်ကို ထောက်ပြီး ဖျောက်ပါတဲ့။
ဒါတွေကတော့ “ဝိတက္က သဏ္ဌာနသုတ် က
လာတဲ့ “အကုသိုလ် ပယ်နည်း”တွေပါပဲ။
တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယ သင့်ပုံခြင်း
မတူတော့ ကိုယ်ကြိုက်တဲ့နည်းနဲ့ ပယ်ရုံပါပဲ။
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:
Post a Comment