သုဒဿံ ဝဇ္ဇ မညေသံ
အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိသော ဝဇ္ဇာနိ
သြဖုနာတိ ယထာ ဘုသံ။
" သူတစ်ပါးအပြစ်ကို မြင်လွယ်၏။ မိမိအပြစ်ကို မြင်နိုင်ခဲ၏။ သူတစ်ပါးအပြစ်ကိုသာ မြင်လေ့ရှိ၍ မိမိအပြစ်ကို မြင်လေ့မရှိသောသူသည် သူတစ်ပါးအပြစ်ကို များများပြောခြင်း အပြစ်ပေးခြင်းဖြင့် မိမိအပြစ်ကို ဖုံကွယ်တတ်ကြ၏။ ဥပမာအားဖြင့် ငှက်တို့ကို ဖမ်းလိုသော ငှက်မုဆိုးသည် ငှက်တို့မမြင်အောင် သူ့ခန္ဓာကိုယ်ကို သစ်ခက်စသည်ဖြင့် ဖုံးလွှမ်းသကဲ့သို့ပင်တည်း"ဟု ဟောကြားထား၏။
ဘုရားမဖြစ်သေးသမျှ မိမိကိုယ်ကို အသိဥာဏ် ပြည့်စုံပြီဟူ၍ ဘယ်သောအခါမှ မအောက်မေ့သင့်ပေ။ စေတနာကောင်းဖြင့် မိမိအပြစ်ကို ထောက်ပြပေးလာလျှင် ပြုပြင်ရမည်သာ ဖြစ်၏။
ပုထုဇဉ်မှန်သမျှ သိမှုနှင့် မသိမှုတွင် မသိမှုက များသောကြောင့် အပြစ်အနာအဆာ တွေ့တိုင်း ပြုပြင်နေရမည် ဖြစ်၏။ မည်သည့်အချိန်ထိ ပြုပြင်ရမည်နည်းဟု မေးခဲ့လျှင် သေသည့်အချိန်ထိ

ပြုပြင်နေရမည် ဖြစ်သည်။
ဘုရားရှင်ပြီးလျှင် ပညာဥာဏ်အရာ ဧတဒဂ်ဘွဲ့ထူးရ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အဓိဋ္ဌာန်ချက်ကို ကြည့်ပါ။
" ယနေ့မှ ဝတ်သော ခုနှစ်နှစ်သား ကိုရင်ငယ်၏ ဆုံးမစကားပင် ဖြစ်သော်လည်း ငါသည်ဦးထိပ်ဖြင့် ခံယူ၍ ကျင့်သုံးလိုက်နာပါမည်"
ဤစကားသည် အပြောမဟုတ် လက်တွေ့လုပ်ရပ်မှ ပေါက်ဖွားလာသော စကားဖြစ်၏။ တစ်ခါတွင် ဆွမ်းခံကြွခါနီး သင်္ကန်းရုံတာ မညီမညွတ်ဖြစ်နေသော အရှင်သာရိပုတ္တရာအား ကိုရင်ငယ်လေးတစ်ပါးက သင်္ကန်းရုံတာ မညီမညွတ်ဖြစ်နေ၍ ပြင်ရုံသင့်ကြောင်း လာ၍ဆုံးမ၏။ ထိုအခါ အရှင်သာရိပုတ္တရာသည် ချက်ခြင်းညီအောင် ပြန်ရုံကာ ကိုရင်ထံလာ၍ လက်အုပ်ချီလျက် ယခုလိုပြော၏။
" ဆရာကိုရင်လေး သင်္ကန်း ပြင်ရုံလိုက်တာ ညီပါပြီလား နောက်တစ်ခါ အပြစ်တွေ့ခဲ့လျှင် ယခုလို ဆုံးမပါဘုရား"
ပညာဧတဒဂ်ရ ရဟန္တာမထေရ်မြတ်ကြီးပင် ချို့ယွင်းချက် ရှိနေလျှင် ပုထုဇဉ်ဖြစ်သော လူသားများမှာ အားနည်းချက် ချို့ယွင်းချက် ဆိုသည်မှာ ဧကန်မုချ ရှိတော့မည်သာ ဖြစ်၏။
မိမိကိုယ်ကို အရင်ဦးဆုံး ဆုံးမသွန်သင်ရာ၏။ ပြီးမှ သူတစ်ပါးကို ဆုံးမသွန်သင်အပ်၏။
လူမိုက်သည် ဆုံးမသွန်သင်သောသူကို မုန်း၏။ သူတော်ကောင်းသည် ဆုံးမသွန်သင်သောသူကို ချစ်၏။
အပြစ်ပြ၍ ဆုံးမသွန်သင်လာသူကို ရွှေအိုးရှိရာ ညွှန်ပြသူကဲ့သို့ သဘောထား၍ ဆည်းကပ်ရမည်။
အပြုစိတ်ထားဖြင့် အပြစ်ပြ၍ ဆုံးမသွန်သင်လာသူသည် မိမိအပေါ်တွင် ချစ်ခင်သောကြောင့်သာ ဖြစ်၏။ မိမိအပေါ်တွင် မေတ္တာမရှိသူသည်ကား မိမိမည်ကဲ့သို့ မှားနေသည်ဖြစ်စေ အမုန်းခံပြီး ဆုံးမသွန်သင်လိမ့်မည် မဟုတ်ချေ။
ဗုဒ္ဓအလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ရင်သွေးတော်ဖြစ်သော ရှင်ရာဟုလာသည် မနက်မိုးလင်းသည်နှင့် သဲများကို လက်နှစ်ဖက်ဖြင့် ကျုံးယူလိုက်ပြီး ယနေ့အဖို့ ဤသဲလုံး အရေအတွက်မျှရှိသော ဆရာများသည် " ငါ့အား အပြစ်ပြ၍ ဆုံးမကြပါစေ" ဟု အဓိဋ္ဌာန်ပြုလေ့ရှိ၏။
အပြစ်တင်ဆုံးမခြင်းကို မကြိုက်ရခြင်း၏ အဓိကအကြောင်းမှာ " မာန" တရားပင်ဖြစ်၏။ "မာန" သည် ထောင်လွှားတက်ကြွခြင်း သဘောရှိသော်လည်း သူ့ကိုလက်ခံထားသူအား ဖြစ်ရာဘဝတွင် ယုတ်ညံ့သောအမျိုး ယုတ်ညံ့သောဘဝသို့ ပို့ဆောင်ပေးတတ်သည်။
မာနကင်းပြီး ရိုသေထိုက်သူကို ရိုသေ။ လေးစားထိုက်သူကို လေးစားသော ဂါရဝနိဝါတသည် အပေါ်ယံအမြင်အားဖြင့် နိမ့်ကျခြင်း သဘောရှိသော်လည်း သူ့ကိုလက်ခံထားသူ မှန်သမျှအား မြင့်မြတ်သောအမျိုး မြင့်မြတ်သောဘဝသို့ ပို့ဆောင်ပေးတတ်သည်။
----------------------------------
(မေတ္တာရှင် ရွှေပြည်သာ)

No comments:
Post a Comment