သူတော်ကောင်းဥစ္စာ(၇)ပါး
----------------------------
သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတပ္ပ။
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း လိုက်နာကျင့်ကြံနိုင်သူများသည်…
၁။ သဒ္ဓါ = ကောင်းမှုရှင်များသည် ကောင်းကျိုးချမ်းသာကို , မကောင်းမှုရှင်များသည် မကောင်းကျိုးဆိုးပြစ်များကို ရရှိခံစားနိုင်သည်ဟု ယုံကြည်ခြင်း။
၂။ သီလ = ကိုယ်ကျင့်တရားကောင်းမွန်မှု စာရိတ္တသီလ, ပညတ်ချက်သိက္ခာပုဒ်များကို စောင့်ထိန်းမှု ဝါရိတ္တသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = သူတော်ကောင်းတရား စကားများကို နာကြားပွားများရသဖြင့် အကြားအမြင် ဗဟုသုတ ပြည့်စုံခြင်း။
၎။ စာဂ = မိမိအောက်နိမ့်သူများကို စွန့်ကြဲလိုခြင်း မိမိတန်းတူသူများကို ပေးကမ်းလိုခြင်း မိမိထက် အကျင့်သီလ မြင့်မြတ်သူများအား လှူဒါန်းလိုခြင်း ဟူသော စာဂတရားနှင့် ပြည့်စုံရခြင်း။
၅။ ပညာ = သမာဓိဘာဝနာ ဈာန်လုပ်ငန်းဖြင့် အဘိဥာဏ်များဖြစ်သော ဥာဏ်အမျိုးမျိုးကို ထူထောင်နိုင်သကဲ့သို့ ဝိပဿနာ ပညာစခန်းဖြင့်လည်း အမြင့်မြတ်ဆုံး အရဟတ္တဖိုလ် (နိဗ္ဗာန်) ချမ်းသာတရားအထိ ရရှိနိုင်သဖြင့် မိမိဘဝကို ယင်းပညာဖြင့် မွမ်းထုံခြင်း။
၆။ ဟိရိ = လောက,ဓမ္မ ၂ဌာန၌ မကောင်းမှုဟုသတ်မှတ်ထားသော အလုပ်များကို ပြုလုပ်ရမှာကို ရှက်ခြင်း ဒုစရိုက်မှုပြုလုပ်ရမည်ကို ရှက်ခြင်း။
၇။ သြတ္တပ္ပ = ဖော်ပြပါ မကောင်းမှုပြုရမှာကို ကြောက်လန့်ခြင်း ဟူသော သူတော်ကောင်းဥစ္စာ (၇) ပါးနှင့် ပြည့်စုံလာသောကြောင့် သူတော်စင်သူတော်မြတ်များ ဖြစ်လာနိုင်ပါသည်။
* ဤသို့ သူတော်စင်သူတော်မြတ်ဖြစ်သော ပုဂ္ဂိုလ်များသည် ' သူတော်ကောင်း နတ်ကောင်းစောင်မ ' ဟူသောစကားအတိုင်း နတ်ကောင်းနတ်မြတ်များ၏ ကူညီမစ စောင်မမှုကို ရရှိနိုင်ကြသည့်အပြင် မျက်မှောက်ဘဝတွင်ပင် ဘေးအန္တရာယ်အဝဝ ကင်းပလွင့်စင်ပြီး ကောင်းသောအကျိုးစီးပွား ချမ်းသာများကိုသာ ရရှိခံစားနိုင်ကြခြင်း ဖြစ်ပါသည်။
ယင်း သူတော်သူမြတ်များသည် မျက်မှောက်ဘဝ ပစ္စပ္ပန်ဘဝ၌ပင်လျှင် ကောင်းမြတ်သော အကျိုးတရားများကို ဒိဋ္ဌရရှိ ခံစားနိုင်ကြသေးလျှင် တမလွန်ဘဝလောကအတွက် လားရောက်ရာ ဂတိ ၅ ပါးရှိသည်တွင် အောက်တန်းစားဖြစ်သော နိရယဂတိ (ငရဲ) တိရစ္ဆာနဂတိ (တိရစ္ဆာန်) ပေတဂတိ (ပြိတ္တာ အသူရကာယ် တစ္ဆေ မြေဘုတ် စသည်) ဟူသော ဂတိ ၃ ပါးသို့ မလားရောက်ရတော့ဘဲ အထက်တန်းစားဖြစ်သော ဒေဝဂတိ (နတ်ဗြဟ္မာ) မနုဿဂတိ (လူ) ဟူသော ဂတိ ၂ပါးသို့သာ လားရောက်ရန်မှာ သေချာလျက် ရှိပါတော့သည်။
သို့ဖြစ်၍ လူသားသည် ပစ္စုပ္ပန် သံသရာ ဘဝ ၂ဖြာ၌ မိမိ၏ ကောင်းမွန်မြင့်မြတ်သော ဘဝကို ထူထောင်နိုင်ရန်မှာ အခြားသူတစ်ဦးတစ်ယောက်အား အားကိုးနေရန်မလိုပဲ မိမိကိုယ်တိုင်က မြတ်စွာဘုရားတို့ ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့သော နည်းကောင်းလမ်းမှန်များအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ရန်သာ လိုအပ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားက ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့သည်ကို ဦးခေါင်းတန်ဆာ လည်ဆွဲတန်ဆာများသဖွယ် လူတိုင်းလူတိုင်း အမြဲပန်ဆင်ထားသင့်သော ရတနာမြတ်ပန်းကုံးများအဖြစ် ဖော်ပြလိုက်ရပေသည်။
-------------------------------
ဦးစိန်ထွန်း - သုတေသီ

No comments:
Post a Comment